NP News

အမေရိကန် - ရုရှား ဒီဇယ်သဘောတူညီချက်နဲ့ ယူကရိန်းစစ်ပွဲ၏ ကံကြမ္မာ

တင်ဇာ (NP News) - အောက်တိုဘာ ၂၇

နိုင်ငံတကာဆက်ဆံရေးတွင် “ထာဝရရန် သူ၊ ထာဝရမိတ်ဆွေဆိုတာ မရှိဘူး၊ ထာဝရအကျိုး စီးပွားပဲရှိတယ်” ဆိုသည့်အတိုင်း သမ္မတထရမ့်သည် မိမိနိုင်ငံ၏အကျိုးစီးပွားအတွက်ဆိုလျှင် မဟာမိတ် ဆက်ဆံရေးကို အလေးထားမည်မဟုတ်သကဲ့သို့ အစဉ်အလာရန်သူဖြစ်သူကို လက်ဆွဲနှုတ်ဆက်ရန် လည်း ဝန်လေးမည်မဟုတ်ပေ။ မကြာသေးမီကာလက သမ္မတဒေါ်နယ်ထရမ့်သည် ရုရှားအပေါ် အရေး ယူ ပိတ်ဆို့မှုအသစ်များကိုဆိုင်းငံ့ရန်နှင့် ရုရှားဒီဇယ်ဆီ တင်သွင်းမှုကိုတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ယူကရိန်းအပေါ် အမေရိကန်၏ ထောက်ခံအားပေးမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများ ရှိလာခဲ့သည်။

မော်စကိုအပေါ် အမေရိကန်၏ စီးပွားရေးဆိုင်ရာ အပြင်းအထန်ဖိအားပေးထားသည့် အနောက် အုပ်စု၏ နှစ်ပေါင်းများစွာကြာမြင့်ခဲ့သောမူဝါဒမှခွဲထွက်၍ ရုရှားထံမှ ဒီဇယ်ဆီဝယ်ယူရန် သဘောတူညီ ချက်ရရှိခဲ့ကြောင်း သမ္မတထရမ့်က အောက်တိုဘာလ (၉)ရက်တွင်ကြေညာခဲ့သည်။ ထိုလုပ်ဆောင်ချက် ကြောင့် ဝါရှင်တန်နှင့် ဥရောပ မဟာမိတ်များအကြား ဆက်ဆံရေးတင်းမာလာစေနိုင်သည်ဟု မျှော်လင့်ရ သည်။ လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ထရမ့်က အမေရိကန်နှင့်ကမ္ဘာ့ဈေးကွက်သို့ ဒီဇယ်ဆီ တန်ချိန် (၃) သိန်းကျော်ကို ချက်ချင်းပံ့ပိုးပေးရန် ရုရှားသမ္မတ ဗလာဒီမာပူတင်ကသဘောတူခဲ့ပြီး နိုဝင်ဘာလတွင် အပိုဆောင်းတန်ချိန်(၅)သိန်းနှင့် ထို့နောက်တွင် ချက်ချင်း တန်ချိန်တစ်သန်းပေးပို့သွားမည်ဟု ရေးသား ခဲ့သည်။ ထို့ပြင် ရုရှားအနေဖြင့် ရေနံချက်စက်ရုံများ၏အခြေအနေပေါ်မူတည်၍ ဒီဇယ်ဆီတန်ချိန် (၃) သန်းကိုလည်း အချိန်တိုအတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်းဖော်ပြခဲ့သည်။ ကြေညာပြီးမကြာမီ မှာ ပင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ရုရှားဒီဇယ်ဆီတင်သွင်းမှုများအပေါ် အရေးယူပိတ်ဆို့မှုများ ကို (၂၀၂၇) ခုနှစ် ဧပြီလအထိဆိုင်းငံ့ပေးသည့် ယာယီလိုင်စင်တစ်ခု ထုတ်ပြန်ခဲ့သည်။ ထရမ့်အစိုးရအဖွဲ့ သည် စက်သုံးဆီဈေးနှုန်းများကိုလျှော့ချရုံသာမက ဒီဇယ်ဆီသဘောတူညီချက်မှတစ်ဆင့် စစ်ပွဲကိုအဆုံး သတ်ရန် ရုရှားကို ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ပြန်လည် ခေါ်ဆောင်လာနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြား ချက်တစ်ခုတွင် ပူတင်က “ဒါဟာ ကမ္ဘာ့စီးပွားရေး တစ်ခုလုံးအပေါ် အပြုသဘောဆောင်တဲ့သက်ရောက်မှုရှိ လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု ပြောဆိုခဲ့သည်။ သို့သော် ယူကရိန်းသမ္မတကမူ ထရမ့်၏ဆုံး ဖြတ်ချက်သည် ရုရှား အတွက် အခွင့်သာစေ သည့် “အားနည်းသောဆုံးဖြတ်ချက်” ဖြစ်သည်ဟု ခေါ်ဆိုခဲ့သည်။ “ပူတင်ကို အခွင့်အရေးတွေ ပေးနေ တာဟာ ငြိမ်းချမ်း ရေးကိုဆောင်ကြဉ်းပေးမှာမဟုတ်ဘဲ နောက်ထပ် အကြမ်းဖက်မှုနဲ့ သစ္စာဖောက်မှု တွေကိုပဲ ဆောင်ကြဉ်းပေးမှာပါ”ဟု ၎င်းက လူမှုကွန်ရက်တွင်ရေးသားခဲ့သည်။ ဥရောပအာဏာပိုင်များ နှင့် အမေရိကန်လွှတ်တော်အမတ်များအစုအဖွဲ့ကလည်း ထိုသဘောတူညီချက်ကိုဝေဖန်ခဲ့ကြပြီး ယင်း သည် ရုရှားကို စီးပွားရေးအရ အားကောင်းစေရုံသာမက နေတိုးအဖွဲ့၏ညီ ညွတ်မှုကိုပါ ပိုမိုတင်းမာစေ မည်ဟု ထောက်ပြခဲ့ကြ သည်။
ထရမ့် ဘာကြောင့် ရုရှားနဲ့ ဒီဇယ်သဘောတူညီချက်လုပ်ခဲ့သလဲ
ပူတင်နှင့်ပြုလုပ်ခဲ့သည့် ဒီဇယ်ဆီသဘော တူညီချက်သည် (၂၀၂၆)ခုနှစ်တွင် အီရန်စစ်ပွဲစတင် ခြင်းနှင့် ရုရှား ရေနံချက်စက်ရုံများအပေါ် ယူကရိန်း၏ တိုက်ခိုက်မှုများ တိုးမြှင့်လာခြင်းတို့ကြောင့် မြင့် တက်သွားခဲ့သည့် စက်သုံးဆီဈေးနှုန်းများကို ပြန်လည်ကျဆင်းသွားစေမည်ဟု ထရမ့်က ယုံကြည်နေ သည်။ “အမေရိကန်ပြည်သူတွေ အထူးသဖြင့် ကျွန်တော်တို့ရဲ့ စိုက်ပျိုးရေးတောင်သူတွေ၊ မွေးမြူရေး သမားတွေနဲ့ ကုန်ကားမောင်းသူတွေအတွက် ဈေးနှုန်းတွေသက်သာလာဖို့ဟာ ကျွန်တော်ရဲ့ အဓိက အကျဆုံး ဦးစားပေးဖြစ်ပါတယ်”ဟု အဆိုပါသဘောတူညီချက်နှင့် ပတ်သက်၍ ထရမ့်က ၎င်း၏ဆိုရှယ် မီဒီယာတွင် ရေးသားခဲ့သည်။
အမေရိကန် စွမ်းအင်သတင်းအချက်အလက်ဌာန (EIA) ၏ထုတ်ပြန်ချက်အရ အောက်တိုဘာလ (၁၂) ရက်အထိ ဒီဇယ်ဆီဈေးနှုန်းသည် တစ်ဂါလန်လျှင် ပျမ်းမျှ (၆ ဒသမ ၁၈) ဒေါ်လာအထိရှိခဲ့ပြီး ယခု နှစ်အစပိုင်းက (၃ ဒသမ ၄၈)ဒေါ်လာရှိခဲ့ရာမှမြင့်တက်လာခြင်းဖြစ်သည်။ ကုန်တင်ကားများ၊ စိုက်ပျိုး ရေးသုံး ယန္တရားများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများအားလုံးသည် ဒီဇယ်ဆီကို အသုံး ပြုကြရသဖြင့် စက်သုံးဆီကုန်ကျစရိတ်မြင့်တက်လာမှုသည် အမေရိကန်စားသုံးသူများထံသို့ တိုက်ရိုက် သက်ရောက်လာခဲ့သည်။ နောက်ဆုံးထွက်ရှိလာသော စားသုံးသူဈေးနှုန်းညွှန်းကိန်း (CPI) အရ စက်တင် ဘာလတွင် ကုန်ဈေးနှုန်း (ဝ ဒသမ ၆)ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၎င်းသည်စီးပွားရေးပညာရှင်များ မျှော် မှန်းထားသည်ထက် ပိုမိုများပြားခဲ့ကာ တစ်နှစ်တာ ငွေကြေးဖောင်းပွမှုနှုန်း ကို (၃ ဒသမ ၇) ရာခိုင်နှုန်း အထိရောက်ရှိသွားစေခဲ့သည်။ ထိုကဲ့သို့ စားဝတ်နေရေး ကျပ်တည်းမှုများနှင့် ငွေကြေးဖောင်းပွမှုများ သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင် ရီပါဘလစ် ကန်အမတ်လောင်းများအပေါ် သက်ရောက် လာနိုင်ကြောင်းခန့်မှန်းရသည်။
“ဒီသဘောတူညီချက်ကို ကြေညာတာဟာ တကယ်တော့ ပြည်တွင်းမှာ နိုင်ငံရေးအရ သက် ရောက်မှုရှိစေဖို့နဲ့ ဒီရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေကို စည်းရုံးနိုင်ဖို့ကြိုးစားတာဖြစ်ပါတယ်” ဟု CFR ၏ စွမ်းအင်နှင့်ရာသီဥတုအစီအစဉ်မှ အကြီးတန်းသုတေသနအဖွဲ့ဝင် ဗိုင်သီယက်ဆွာရန်က ပြောကြားခဲ့ သည်။ “သမ္မတထရမ့်က ပူတင်နဲ့ဆက်ဆံရေးကိုအသုံးချပြီး ဆန်းသစ်တဲ့သဘောတူညီချက်တစ်ခုလုပ်ခဲ့ တာကြောင့် ဈေးနှုန်းတွေကျဆင်းလာတော့မယ်ဆိုတဲ့အ တွေးဟာ(မဲဆန္ဒရှင်တွေအတွက်) နားထောင်လို့ တော်တော်လေးကောင်းပါတယ်”ဟု ၎င်းကဆိုသည်။
သို့သော် ပူတင်ထုတ်ပေးမည့် ရုရှားဒီဇယ်ဆီ ပမာဏသည် ကမ္ဘာ့ထောက်ပံ့ရေးလိုငွေပြမှုကို လျော့ပါးသွားအောင်မတတ်နိုင်သောကြောင့် အထူးသဖြင့် နိုဝင်ဘာလ (၃)ရက် ရွေးကောက်ပွဲမတိုင်မီ တွင် အဆိုပါသဘောတူညီချက်သည် ဒီဇယ်ဆီဈေးနှုန်းများအပေါ် အနည်းငယ်မျှသာ သက်ရောက်မှုရှိ မည်ဟု လေ့လာဆန်းစစ်သူများက ခန့်မှန်းထားကြသည်။ အချက်အလက် ခွဲခြမ်းစိတ်ဖြာရေးကုမ္ပဏီ Kpler ၏ ခန့်မှန်းချက်အရ ကမ္ဘာ့ဒီဇယ်ဆီလိုငွေပြမှုမှာ တစ်ရက်လျှင် တန်ချိန် (၁၃၀,ဝဝဝ)ခန့် သို့မဟုတ် တစ်ရက်လျှင် စည်ပေါင်း (၁)သန်းခန့်ရှိနေသည်။ အမေရိကန်နိုင်ငံတွင် ယခုလအတွင်း ဈေးကွက် အ တွင်းသို့ရောက်ရှိလာမည်ဟုခန့်မှန်းရသည့် တန်ချိန် (၃)သိန်းမှာ အမေရိကန်နိုင်ငံ တစ်ရက်စာ သုံးစွဲမှု ပမာဏ၏ (၄)ပုံ(၃)ပုံခန့်ကိုသာ ကာမိနိုင်မည်ဖြစ်သည်။
ထို့ပြင် ယူကရိန်း၏တိုက်ခိုက်မှုကြောင့် ကျဆင်းသွားသော ရုရှား၏ ရေနံချက်လုပ်နိုင်စွမ်းသည် လည်း အမေရိကန်ထံ လုံလောက်စွာ တင်သွင်းနိုင်ရေးအတွက် အချိန်မီလိမ့်မည်မဟုတ်ပေ။ “ရုရှားရဲ့ ဒီဇယ်ဆီ ထုတ်လုပ်နိုင်စွမ်းအများအပြားဟာ ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကြောင့် လျော့ကျသွားခဲ့ရပြီး အခုကနေ ရွေးကောက်ပွဲအထိ ကျန်တဲ့အချိန်ကာလကလည်း အလွန်တိုတောင်းပါတယ်။ ဒါကြောင့် ဒါ ဟာ ကမ္ဘာ့ဒီဇယ်ဆီဈေးကွက်အပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုရှိလာလိမ့်မယ်လို့ ကျွန်တော် မမြင် ပါဘူး” ဟု ဗိုင်သီယက်ဆွာရန်က ထောက်ပြခဲ့သည်။
ဒီဇယ်သဘောတူညီချက်က ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ
အဆိုပါ ဒီဇယ်ဆီသဘောတူညီချက်သည် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများကို ကျဆင်းစေရန် မဖြစ် နိုင်သော်လည်း ပူတင်နှင့်ရုရှားနိုင်ငံအတွက်မူ စီးပွားရေးအရ အကျိုးအမြတ်ရရှိစေမည်ဖြစ်သည်။ ရုရှား အနေဖြင့် ဒီဇယ်ဆီရောင်းချရမှုမှရရှိလာသောဝင်ငွေများကို ယူကရိန်းစစ်ပွဲ ပိုမိုကြာရှည်စွာဆွဲဆန့်နိုင်ရန် အသုံးပြုနိုင်သည်။ သမ္မတထရမ့်သည် ယင်းသဘောတူညီချက်ကိုကြေညာခဲ့ပြီးနောက်ပိုင်း ရုရှား ရေနံ ချက် စက်ရုံများအပေါ်တိုက်ခိုက်နေခြင်းကို ရပ်တန့်ရန် ယူကရိန်းကို ဖိအားပေးပြောကြားခဲ့သည်။ သို့ သော် အမေရိကန်ဘက်က Patriot လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ပိုမိုပံ့ပိုးပေးမှသာ တိုက် ခိုက်မှုကို ရပ်တန့်မည်ဟု သမ္မတ ဇယ်လန်စကီးကတုံ့ပြန်ခဲ့သည်။ ယူကရိန်းသည် ရုရှား၏ စွမ်းအင် အခြေခံ အဆောက်အအုံများအပေါ်တိုက်ခိုက်မှုများကို (၃)ရက် ကြာဆိုင်းငံ့ပေးခဲ့သော်လည်း ရုရှားဘက် က တိုက်ခိုက်မှုများရပ်တန့်ခြင်းမရှိခဲ့သဖြင့် ပြန်လည်တိုက်ခိုက်လျက်ရှိသည်။
ထို့ပြင် “ရုရှားဒီဇယ်ဆီအပေါ် အရေးယူ ပိတ်ဆို့မှုများကို ယာယီရုပ်သိမ်းရန် အမေရိကန်ပြည် ထောင်စု၏ဆုံးဖြတ်ချက်အပေါ် ဥရောပကောင်စီက စိတ်မကောင်းဖြစ်ရပါသည်”ဟု ယခုသီတင်းပတ်အ တွင်း ဘရပ်ဆဲလ်မြို့၌ကျင်းပခဲ့သည့် (၂)ရက်တာ ဥရောပကောင်စီအစည်းအဝေးအပြီးတွင် ထုတ်ပြန် သော ဥရောပခေါင်းဆောင်များ၏ ပူးတွဲကြေညာချက် ၌ဖော်ပြထားသည်။ ထိုကဲ့သို့ ဝေဖန်ကန့်ကွက် ချက်များထုတ်ပြန်နေသည့်တိုင် ဥရောပသမဂ္ဂ (EU) ကိုယ်တိုင်ကလည်း ရုရှားဓာတ်ငွေ့များကို ပမာဏ အမြောက်အမြား ဆက်လက်တင်သွင်းနေဆဲဖြစ်သည်။ ကျောက်မီးသွေးကုမ္ပဏီများကို သုတေသနပြုနေ သည့် ဂျာမနီအခြေစိုက် Urgewald အဖွဲ့၏ အစီရင် ခံစာအရ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ ရုရှား အာတိတ် စက်မှုဇုန်ထုတ် LNG တန်ချိန် (၁၂) သန်းကျော်ကို EUဆိပ်ကမ်း များသို့တင်ပို့ခဲ့ပြီး ယင်းသည် လွန်ခဲ့သောနှစ်ကာလတူထက် (၉ ဒသမ ၅) ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။
CREA ၏အချက်အလက်များအရ စက်တင်ဘာလအတွင်း EU နိုင်ငံများသည် ပိုက်လိုင်းမှ တစ် ဆင့် ဓာတ်ငွေ့ ယူရို(၈၁၇)သန်းနှင့် LNG ဓာတ်ငွေ့ ယူရို(၆၁၅)သန်းဖိုးတင်သွင်းခဲ့ကြသည်။ အဆိုပါ သုတေသနအဖွဲ့၏ပြောကြားချက်အရ EU အဖွဲ့ဝင် ပြင်သစ်နှင့်နယ်သာလန်တို့သည် ရုရှားမှ LNG အဓိ ကတင်သွင်းသည့်နိုင်ငံများ ဖြစ်နေသည်။ ပြင်သစ် သမ္မတမက်ခရွန်သည် ရုရှားနှင့်ထရမ့်၏ ဒီဇယ်ဆီသ ဘောတူညီချက်အပေါ် ပွင့်ပွင့်လင်းလင်းဝေဖန်သူများ ထဲတွင်ပါဝင်ခဲ့ပြီး အမေရိကန်နှင့်ရုရှားကြား သဘော တူညီချက်သည် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများအပေါ် မည်သည့်သက်ရောက်မှုမျှ ရှိလိမ့်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
ထိုသဘောတူညီချက်သည် စက်သုံးဆီ ဈေးနှုန်းအပေါ်များစွာ မသက်ရောက်နိုင်သော်လည်း ယူ ကရိန်း၏ စစ်ရေးနှင့်နိုင်ငံရေး အခင်းအကျင်းအပေါ်မူ များစွာ ထိခိုက်မှုရှိလာမည်ဖြစ်သည်။ ထို့ကြောင့် ယူကရိန်းသမ္မတသည် နိုင်ငံရေးနှင့်စစ်ရေးဆိုင်ရာ ထောက်ခံမှုများ ပိုမိုရရှိရန်နှင့် အနာဂတ်ဆွေးနွေးပွဲ များတွင် ကိယက်ဗ်၏အနေအထားကိုခိုင်မာစေရန်အတွက် ဥရောပဘက်သို့ ဦးလှည့်ခဲ့ရသည်။ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ၏ပြောကြားချက်အရ ဥရောပသည် ယူကရိန်းကို “ဆောင်းရာသီအတွက် ပြင်ဆင်မှု များ” ပြုလုပ်နိုင်ရန်ကူညီပေးနေပြီး ဘဏ္ဍာရေးနှင့် ကာကွယ်ရေးဆိုင်ရာအကူအညီများ ပိုမိုပေးအပ် သွားမည်ဖြစ်ကြောင်းသိရသည်။ လွန်ခဲ့သည့်နှစ်က EU ခေါင်းဆောင်များအတည်ပြုခဲ့သည့် ယူရို ဘီလျံ (၉၀) တန် ချေးငွေအစီအစဉ်၏အစိတ်အပိုင်းအဖြစ် ဥရောပ ကော်မရှင်သည် ဒရုန်းများ၊ လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ ဒုံးကျည်များ၊ ရေဒါများ၊ အီလက်ထရွန်နစ် စစ်ဆင်ရေးစနစ်များနှင့် ခဲယမ်းမီး ကျောက်များဝယ်ယူရန်အတွက် ကိယက်ဗ်သို့ ယူရို (၂ ဒသမ ၉) ဘီလျံကို ယခုသီတင်းပတ်အတွင်း လွှဲ ပြောင်းပေးခဲ့သည်။
သို့သော် ရှေ့တန်းစစ်မျက်နှာပြင်များတွင် စစ်ပွဲ ပိုမိုပြင်းထန်လာပြီး ယူကရိန်းမြို့များအပေါ် တိုက်ခိုက်မှု အရေအတွက် တိုးမြှင့်လာသည်နှင့်အမျှ ရုရှားကို ဆက်လက်တိုက်ခိုက်ရန်အတွက် နောက် ထပ် ယူရိုဘီလျံပေါင်းများစွာ လိုအပ်လာနေသည်။ ယူကရိန်း၏ ကာကွယ်ရေးလိုအပ်ချက်များအတွက် (၂၀၂၆)ခုနှစ်တွင် ယူရို (၂၃)ဘီလျံခန့်ကုန်ကျမည်ဟု ခန့်မှန်းထားပြီး (၂၀၂၇)ခုနှစ်အတွက်လည်း ယူရို (၆၉ ဒသမ ၃) ဘီလျံခန့်ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းရန် လိုအပ်နေဆဲဖြစ်သည်။
နိဂုံးချုပ်ရလျှင် ပြည်တွင်းမဲဆန္ဒရှင်များ၏ထောက်ခံမှုနှင့် စက်သုံးဆီဈေးနှုန်းကျဆင်းရေးကို ရှေ့ တန်းတင်ကာ ရုရှားနှင့် စွမ်းအင်သဘောတူညီချက်ရယူခဲ့သည့် ထရမ့်၏လုပ်ရပ်သည် ပြည်တွင်းနိုင်ငံရေး အကျိုးစီးပွားတစ်ခုတည်းကိုသာရှေးရှုခဲ့သည့် ဆုံးဖြတ်ချက်ဖြစ်သည်။ သို့သော် လက်တွေ့တွင် ကမ္ဘာ့ စက်သုံးဆီလိုငွေပြမှုကို သိသာစွာမဖြေရှင်းပေးနိုင်သည့်အပြင် အနောက်အုပ်စု၏ မဟာမိတ်စည်းလုံးညီ ညွတ်မှုကိုလည်း ယိုင်နဲ့စေခဲ့သည်။ တစ်ဖက်တွင်မူ မော်စကိုအတွက် စီးပွားရေးဆိုင်ရာ အသက်ရှူပေါက် နှင့် ပထဝီနိုင်ငံရေးအရ အသာစီးရရှိစေမည်ဖြစ်ရာ ဤအခြေအနေသည် ရုရှား-ယူကရိန်းပဋိပက္ခ၏ အနာဂတ်ကို ပိုမိုရှုပ်ထွေးစေပြီး ဘဏ္ဍာရေးနှင့် စစ်ရေးဆိုင်ရာအကူအညီများဖြင့်ရုန်းကန်နေရသည့် ယူ ကရိန်းအတွက်မူ လမ်းစများ ပိုမိုကျဉ်းမြောင်းလာစေတော့မည်ဖြစ်သည်။

မူရင်းသတင်း — NP News