NP News

ရှမ်းမြောက်အရေး ယူနန်အစိုးရက တရုတ်ဗဟိုအစိုးရကိုဆန့်ကျင်နေသလော မေးခွန်းထုတ်ဖွယ် ဖြစ်နေ

သုတကျော် (NP News) - အောက်တိုဘာ ၂၆

လက်ရှိ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) က လှုပ်ရှားမှုများရှိ နေခြင်းမှာ တစ်ဖက်ခြမ်း ယူနန်ပြည်နယ်အစိုးရအနေဖြင့် တရုတ်နိုင်ငံ၏ဗဟိုအစိုးရကို ဆန့်ကျင်နေသ လောဟုမေးခွန်းထုတ်ဖွယ်ဖြစ်လာကြောင်း သိရှိသူများထံ NP News က ဆက်သွယ်မေးမြန်းထားသော အချက်အလက်များအရ သိရသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီး ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) က အင်အားဖြည့်တင်းခြင်း၊ ကတုတ်ကျင်းများကို ထပ်မံအဆင့်မြှင့်တင်ခြင်းတို့ဆောင်ရွက်လာကြောင်း ရှမ်း ပြည်နယ်မြောက်ပိုင်းမှဒေသခံတစ်ဦးကဆိုသည်။
“လားရှိုးမြို့ပြင်ပေါ့။ မြို့တွင်းတော့ သူတို့မပိုင်ဘူး။ ကတုတ်ကျင်းတူးတယ်တဲ့ အောက်တိုဘာလ (၂၂)ရက်က လူသစ်လည်းစုဆောင်းတယ်တဲ့။ အခိုင်အမာဆောက်ထားတဲ့ဘန်ကာတွေကိုလည်း သဲအိတ် တွေ အထပ်ထပ်ပြန်ကာတယ်။ သဲအိတ်တွေ ထပ်ဖြည့်နေတာတဲ့။ ဒီနေ့ အောက်တိုဘာလ (၂၃) ရက်မှာ တောင် သီန္နီနဲ့ကွတ်ခိုင်မှာ ကင်းလှည့်လေယာဉ်ပတ်တယ်ပြောတယ်” ဟု ၎င်းကဆိုသည်။
MNDAA တပ်လှုပ်နေခြင်းကို အခြားဒေသခံတစ်ဦးကလည်း ဟုတ်မှန်ကြောင်း ထောက်ခံပြော ကြားသည်။ “လားရှိုးပတ်ချာလည်မှာ အင်အားဖြည့်တာ၊ အသွားအလာ များတာတွေ့ရတယ်။ အထူးသ ဖြင့် စစ်ယာဉ်တန်းတွေ အသွားအလာများတာပေါ့။ နည်းနည်းအင်အားတိုးပြီး ချထားတာတွေ တွေ့ရ တယ်” ဟု ၎င်းကဆိုသည်။

ဒေသတွင်း သတင်းရင်းမြစ်အချို့ထံ ဆက်သွယ်မေးမြန်းအရာ အမြင်မတူပေ။ အချို့က တိုက်ပွဲ နောက်တစ်ကြိမ်အတွက် အင်အားစုနေခြင်းဟု ယူဆပြီး အချို့က အထူးဒေသ(၁) ထံ မပြန်ရရေးအတွက် စစ်အင်အားပြခြင်းဟုနားလည်ကြောင်း ဆိုသည်။ “နောက်တန်း ဖြည့်တာပေါ့။ ကိုးကန့်နဲ့သူတို့နဲ့ ပေါင်း နေတဲ့ PDF ရယ်၊ အပေါင်းအပါတွေရယ်ပေါ့။ နယ်မြေချဲ့တာထက် လက်ရှိနေရာကနေ မဖယ်ပေးရဖို့ အ တွက်ပေါ့။ အထူးဒေသ (၁)ကို ပြန်မလား၊ မပြန်ဘူးလားဆိုတာက ပြန်မယ်ဆိုတာ မတွေ့ဘူး။ ပွင့်လင်း ရာသီရောက်လာတာရယ်၊ ပြီးတော့ အားလုံးလည်း သိနေကြတာပဲ” ဟု ၎င်းကဆိုသည်။

စစ်ရေး အကဲခတ်တစ်ဦးကို MNDAA တပ်လှုပ်ခြင်းအတွက် အဘယ်သို့ မြင်ပါသနည်းဟု မေး မြန်းရာ အဖြေနှစ်ခုရှိသည်ဟုဆိုသည်။ “ပထမတစ်ခုက ရခိုင်အတွက် လျော့အောင် အင်အားပြတာလား ပေါ့။ နောက်တစ်ခုကတော့ လှန့်တာလားပေါ့။ လှန့်တယ်ဆိုတဲ့ကိစ္စကတော့ တကယ်တိုက်ချင်လည်း တိုက်နိုင်တယ်ဆိုတဲ့ သဘောသက်ရောက်နေတယ်” ဟု ၎င်းကဆိုသည်။

MNDAA အနေဖြင့် လက်နက်လည်း ဖော ချင်း၊ သောချင်းရှိနေသည့်အနေအထားဖြစ်ကြောင်း ဖြစ်စဉ်တစ်ခုကို ဥပမာပေး၍ ဒေသခံတစ်ဦးက ဆို သည်။ “သိန္နီမှာ တစ်ခါက သူခိုးဖမ်းတာ လက်နက် ကြီး သုံးခါတောင်ပစ်တာတဲ့” ဟု ၎င်းကဆိုသည်။ လက် နက်ကြီးကျည်ဆန်ဟူသည် ဈေးကြီးသည် ဖြစ် ရာ မည်သည့်လက်နက်ကြီးဖြင့်ပင် ပစ်သည်ဆိုစေကာမူ ယင်းမှာ လက်နက်ကြီးကျည်ဆန်ကို ဖောဖော သီသီ အသုံးပြုနိုင်ကြောင်း ပြသနေခြင်းဖြစ်သည်။

MNDAA အနေဖြင့် လက်နက်ပေါနေသည်ဟုဆိုလျှင် ကြီးမားသောလက်နက်စက်ရုံရှိနေပါသ လော သို့မဟုတ် မြေကြီးအတွင်းက တူးထုတ်ခြင်းဖြစ်ပါသလော။ လက်နက်အဘယ်ကရရှိခြင်းဖြစ်ပါ သနည်း။ ကောင်းကင်ပေါ်ကကျလာခြင်းမှာ မဟုတ်တန်ရာပေ။ ယင်းအပြင် တစ်ဖက်တွင်လည်း MNDAA က ၎င်းတို့၏ထိန်းချုပ်နယ်မြေအတွင်း တရုတ်စာ အသုံးပြုခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာ နေသည်။
ထို့ပြင် တရုတ်ဘာသာစကားသည်လည်း ၎င်းတို့ထိန်းချုပ်နယ်မြေတို့တွင် ရုံးသုံးဘာသာစကား သဖွယ်ဖြစ်လာသည်။ ထိုမျှမက အင်တာနက် မြေပုံအချို့တွင်လည်း ကိုးကန့် ထိန်းချုပ်နယ်မြေအတွင်း က မြို့၊ ရွာ၊ လမ်း၊ ရပ်ကွက် အမည်များအား တရုတ်ဘာသာစကားဖြင့် ပြောင်းလဲခြင်းများရှိလာပြီး သိန္နီ ကိုပင်လျှင် မူပန်ဟု အမည်ပြောင်းလဲ ခေါ်ဆိုစ ပြုနေပြီး ယင်းမြေပုံများထက်တွင် မူပန် ခရိုင်ဟု မြင်ရ သည်။

MNDAA က နယ်မြေထိန်းချုပ်ပြီးနောက် တရုတ် ကုမ္ပဏီများကိုလည်း ခေါ်သွင်းလာခဲ့ပြီး တရုတ် စာ၊ တရုတ်စကား၊ တရုတ်ယဉ်ကျေးမှု၊ တရုတ်လူမျိုးပိုင် စီးပွားရေးလုပ်ငန်းတို့သည် ယင်းဒေသတို့တွင် ပိုမိုတွင်ကျယ်လာနေကြောင်း မြင်ရသည်။

ယင်းနှင့်ပတ်သက်၍ ဒေသခံများက ကန့်ကွက်ခြင်းတို့ရှိနေရာ ယခုနှစ်အတွင်းမှာပင် ရှမ်းအဖွဲ့အ စည်းများ စုပေါင်းကာ နှစ်ကြိမ်တိုင်တိုင် ကန့်ကွက်စာ ပေးပို့ခဲ့သည်။ နောက်ဆုံးပေးသည့်ကာလမှာ အောက်တိုဘာလ (၂၃) ရက်တွင် ဖြစ်ပြီး ရှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေးကော်မတီက ပေးပို့ခဲ့ခြင်းဖြစ်သည်။
ဒေသခံအများစုနှင့် ရင်းနှီးကျွမ်းဝင်မှု လုံးဝမရှိသော၊ အသုံးပြုလေ့မရှိသော ဘာသာစကားကို ရုံးသုံး ဘာသာစကားအပြင်နှင့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် မဖြစ်မနေအသုံးပြုရန် ဖိအား ပေးစေခိုင်းခြင်း၊ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လုပ်ကိုင်လာခဲ့သော ဒေသခံများ၏ တည်ဆဲမြေယာ ပိုင်ဆိုင်မှု စနစ်များကို ဒေသခံလူထု၏သဘောဆန္ဒမပါဘဲ အတင်းအကျပ် ပြုပြင်ပြောင်းလဲခြင်းနှင့် သိမ်း ဆည်းခြင်း၊ MNDAA က ပြဋ္ဌာန်းလိုက်သော မြေယာဥပဒေ အပါအဝင် အခြားအုပ်ချုပ်ရေး ဥပဒေ အရပ် ရပ်သည် နိုင်ငံခြားသားများ အတားအဆီးမရှိ ဝင်ရောက်လာနိုင်စေခြင်းနှင့် နိုင်ငံခြားသားများ မြေပိုင်ဆိုင် ခွင့် ရရှိစေမည့်တိုက်ရိုက်နှင့် သွယ်ဝိုက်နည်းလမ်းများ ပေါ်ပေါက်နေစေခြင်းတို့ဖြစ်နေကြောင်း ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏စာတွင် ဖော်ပြထားသည်။

သမိုင်းစဉ်ဆက် ခေါ်ဝေါ်သုံးစွဲလာခဲ့သည့် မြို့ရွာ အမည်များနှင့် အများပြည်သူနှင့် သက်ဆိုင်သည့် ဆိုင်းဘုတ်အမျိုးမျိုးတို့ကို ဒေသခံများ၏ ယဉ်ကျေးမှုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသော အမည်နာမ၊ ဘာ သာစကားများဖြင့် အတင်းအကျပ် အစားထိုးပြောင်းလဲခြင်းအပြင် အဆိုပါလုပ်ရပ်များကို ငြိမ်းချမ်းစွာ ကန့်ကွက်သည့်ဒေသခံများကိုဖမ်းဆီးခြင်း၊ ဖိနှိပ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများပြုလုပ်ကာ နိုင်ငံသား အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း ရေးသားထားသည်။

ပထမတစ်ကြိမ် စာပေးပို့စဉ်က ကိုးကန့်ဘက်မှ လက်ခံရရှိကြောင်း သို့မဟုတ် သဘောထား မှတ်ချက် တစုံတရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသောကြောင့် ယခုတစ်ကြိမ်တွင်လည်း စောင့်ကြည့်ရဖွယ် ရှိသည်။ တရုတ်နိုင်ငံတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ Level သုံးမျိုးရှိနေကြောင်း နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ တစ်ဦးကဆိုသည်။

“ရှီကျင့်ဖျင်တို့ရယ်၊ ပေါ်လစ်ဗျူရိုရယ်က တစ်ခု၊ ယူနန် Level ကတစ်ခု၊ ပြီးတော့ အောက်ခြေ Level ကတစ်ခု။ အောက်ခြေ Level မှာဆိုရင် ဘေဂျင်းတို့၊ ရှန်ဟိုင်းတို့ ခရီးသွားကြည့်လိုက်။ မြန်မာလို့ ပြောလိုက်ရင် နှာခေါင်းရှုံ့တယ်။ ယူနန်ကျတော့လည်း ဟိုး ဘေဂျင်းနဲ့ဝေးနေတော့ သူတို့အားသာရဖို့ပဲ ကြိုးစားတယ်။ ရှီကျင့်ဖျင်တို့၊ ပေါ်လစ်ဗျူရို Level ကျတော့ မြန်မာပြည် အမေရိကန်အောက်မရောက် သွားဖို့၊ အမေရိ ကန်ဩဇာမခံသွားဖို့ အရမ်းအရေးကြီးတယ်။ အဲဒါသူတို့ဗျူဟာ။ အဲဒီအတွက် (မြန်မာ အစိုးရ)ကို ဆက်ပံ့ပိုးနေမယ် အဲဒါမျိုးပေါ့”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်ကာလများတွင် ရွှေလီမြို့၊ အမျိုးသား လုံခြုံရေးကော်မတီမှ TNLA ထံပေးပို့သောစာ တစ်ခု အင်တာနက်စာမျက်နှာများထက်တွင် ပျံ့နှံ့ခဲ့ဖူးရာ ယင်းတွင် TNLA ကို ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမ သွန်သင်နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်ဟုဖော်ပြထားခဲ့ပြီး ကာလအချို့ကြာပြီးနောက် MNDAA နှင့် တင်းမာမှုများရှိနေသည့်အတွက် ယင်းကိုဖြေရှင်းပေးရန် TNLA က ယူနန်ပြည်နယ် အစိုးရသို့ လိပ်မူ ကာ စာရေးသားပေးပို့ခဲ့ဖူးသည်။
ထိုစဉ်က တရုတ်နိုင်ငံ အစိုးရ၊ နိုင်ငံခြားရေးဝန် ကြီးဌာန၏သတင်းစာရှင်းလင်းပွဲတွင် TNLA ထံ ပေးပို့သောစာနှင့်ပတ်သက်၍ AFP သတင်းဌာနက မေးမြန်းခဲ့ရာ ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian က “တရုတ်နိုင်ငံက မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှုလုပ်ငန်းစဉ်အတွက် အပြုသဘော ဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျ လာစေရန် လုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဆိုသောစကားကိုထည့်သွင်းပြောကြားကာ ပြန်လည်ဖြေ ကြားခဲ့သည်။

ယင်းနှင့်ပတ်သက်၍ အထက်ပါ နိုင်ငံတကာရေး ရာကျွမ်းကျင်သူက ဗဟိုအစိုးရပြောသည့် အတိုင်း ယူနန်ပြည်နယ်အစိုးရက လိုက်နာစေလိုသည်ဟုဆို သည်။ “ဘေဂျင်း Head office ကပြောတဲ့ အတိုင်း ဆွေမျိုးပေါက်ဖော်၊ အေးအတူ၊ ပူအမျှ၊ စုပေါင်းချမ်းသာ အဲဒါကို လက်တွေ့ကျကျလုပ်စေချင် တယ်” ဟု ယူနန်ပြည်နယ်အစိုးရကို ဦးတည်၍ ၎င်းကဆိုသည်။
တည်ငြိမ်မှုနှင့် နိုင်ငံ၏အကျိုးစီးပွားကို ယခုနောက်ပိုင်းတွင် တရုတ်နိုင်ငံအနေဖြင့် ဦးစားပေးလာ ပုံရကြောင်း ဒေါက်တာ အေးမောင်ကဆိုသည်။ “ရှမ်း မြောက်တည်ငြိမ်မှ၊ မြန်မာနိုင်ငံတည်ငြိမ်မှဆိုတာ ကို တရုတ်သည် ထည့်တွက်ပုံပေါက်ပါတယ်။ ဒါကြောင့်လည်း စည်းသုံးစည်းဆိုတာပြောခဲ့တာကိုး ဘန် ကောက်မှာ။ မြန်မာမှာ နိုင်ငံတကာခြေရှုပ်တာကို တရုတ်က သိပ်လက်ခံပုံမပေါက်ဘူး။ အာဆီယံက လည်း ထွက်စေချင်ပုံမပေါက်ဘူး။ မြန်မာနိုင်ငံကို တည်ငြိမ်စေချင်ပုံပေါက်တယ်။ ရှမ်းမြောက်မှာ MNDAA တို့လှုပ်ရှားတယ်ဆိုတာ ပုံမှန်ပဲထင်တယ်ဗျ” ဟု ၎င်းကဆိုသည်။

မူရင်းသတင်း — NP News