NP News

ကိုဗစ်-၁၉ ဗိုင်းရပ်စ်၊ ဘီလ်ဂိတ်၊ အိုဘားမား၊ ဒေါ်နယ်ထရမ့်နဲ့ အစိုးရ နောက်ကွယ်မှ ကြိုးကိုင်သူများ (နိုင်ငံတကာရေးရာ ဆောင်းပါး)

HtayOung (NP News) - အောက်တိုဘာလ ၂၅
ကိုဗစ်-၁၉ COVID-19 ကူးစက် ကပ်ရောဂါဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အဲ့ဒီအချိန် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခဲ့ရပြီး ဘာလုပ်ရမှန်း မသိခဲ့သူများကိုယ်တိုင် ယခုအခါ ထိုက်သင့်တဲ့ အသိအမြင်မှန်တချို့ ရရှိလောက်ပါပြီ။ ဒါပေမဲ့ ၂၀၂၀-ခုနှစ်နှောင်းပိုင်း ကမ္ဘာတစ်ဝှန်းလုံး ကူးစက်ကပ်ဘေး ကျရောက်စဉ် ကာကွယ်ဆေးလည်း မရှိသေး၊ ကုသဆေးနဲ့ ကုထုံးများလည်း ချက်ချင်း မသေချာ၊ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံကြီးများမှာပင် နေ့စဉ်လူအများ တဖြုတ်ဖြုတ် သေဆုံးခဲ့ရပါတယ်။ အဲ့ဒီအချိန် ကြောက်ရွံ့တုန်လှုပ်မှုနဲ့ မသိနားမလည်မှုများ ပေါင်းစပ်ပြီး သတင်းအားလုံး သိမ်းကြုံး ယုံကြည်ခဲ့ကြတယ်။ သတင်းမှား အတော်များများလည်း ယနေ့ လူမှုကွန်ရက်မှာ မင်းမူနေဆဲဖြစ်ကြောင်း တွေ့ရှိရတယ်။
နယ်သာလန်နိုင်ငံမှာ မိုက်က္ကရိုဆော့ဖ်သူဌေးကြီး ဘီလ်ဂိတ်ပါ (၁၇) ဦးတို့ တရားစွဲခံထားရခြင်း မှန်ကန်ပါတယ်။ ဒါပေမဲ့ ရာဇဝတ်မှု (သို့မဟုတ်) လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မဟုတ်ပဲ သူတို့ဆီမှာ အဖြစ်များတဲ့ (လျော်ကြေးရထိုက်ကြောင်း) အရပ်ဘက် နစ်နာမှု တရားမမှုသာ ဖြစ်တယ်။ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးနောက် ကာယပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ ရှိခဲ့ကြောင်း၊ ဘီလ်ဂိတ်နဲ့ အစိုးရအဖွဲ့နောက်ကွယ် ကြိုးကိုင်သူတွေဟာ ကာကွယ်ဆေးရဲ့ ဘေးကင်းစိတ်ချရမှုနဲ့ ပတ်သက်ပြီး အများပြည်သူကို လှည့်ဖြားခဲ့တယ်လို့ တရားလို (၇) ဦးက စွပ်စွဲထားခြင်းသာဖြစ်ကြောင်း၊ လူမှုကွန်ရက်မှာ ပျံ့နှံ့နေသလို မဟုတ်ကြောင်း AFP သတင်းအေဂျင်စီ Fact-Check (19 November 2024) က ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဗိုင်းရပ်စ်နဲ့ ကာကွယ်ဆေးကြောင့်ဖြစ်ကြောင်း တရားရုံးက သိပ္ပံနည်းကျ ဆုံးဖြတ်နိုင်ခြင်း မရှိသေးပဲ အမှု့ကို ဆက်လက်စစ်ဆေးနေဆဲ ဖြစ်တယ်။
တကယ်တော့ ကိုရိုနာဗိုင်းရပ်စ်ဆိုတာ မိုက္ကရိုချစ်ပ် MicroChip များ ဟုတ်-မဟုတ် ယနေ့ခေတ် အီလက်ထရောနစ်နည်းပညာ၊ လူသားတို့ရဲ့ ခန္ဓာဗေဒနဲ့ ခုခံအားစနစ်၊ ဇီဝကမ္မဗေဒ၊ အဏုဇီဗေဒအကြောင်း အခြေခံမျှ သိထားလျှင် ဘီလ်ဂိတ်တို့အပေါ် တရားစွဲဆိုမှုမှာ အဓိပ္ပါယ်မရှိကြောင်း ခန့်မှန်းနိုင်ပါတယ်။ သက်မဲ့လူလုပ် ပစ္စည်းမျှသာဖြစ်တဲ့ မိုက္ကရိုချစ်ပ်တွေဟာ လူသားတို့ရဲ့ဉာဏ်ရည်ကို တုပနိုင်ကြောင်း သေချာလာပါတယ်။ ယနေ့ခေတ် မိုက္ကရိုချစ်ပ်တွေဟာ အပ်နဖားအတွင်း ထည့်သွင်းရလောက်အောင် အရွယ်အစားသေးငယ်ပြီး ဦးနှောက် အာရုံကြောဆဲလ်တွေရဲ့ လျှပ်စစ်လှိုင်းတွေကို မိုက္ကရိုချစ်များက ဖမ်းယူနိုင်တဲ့အထိ အောင်မြင်နေပါပြီ၊ ဒါပေမဲ့ သိပ္ပံပညာရှင်များက လူသား DNA နဲ့ မိုက္ကရိုချစ်ပ်တို့ ချိတ်ဆက်နိုင်ပြီဆိုတာ သတင်းမှားသာ ဖြစ်တယ်။ ပြတ်ပြတ်သားသား ဖြေကြားရရင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ သက်ရှိဇီဝရုပ်ဖြစ်ပြီး ဘီလ်ဂိတ်က တီထွင်ထားတဲ့ မိုက္ကရိုချစ်ပ် လုံးဝ မဟုတ်ပါဘူး။ ကပ်ရောဂါကာလအတွင်း အင်တာနက်ပေါ်မှာ အများအပြား ပျံ့နှံ့ခဲ့ပြှီး လက်ရှိ နည်းပညာအရ ဘယ်လိုမှ မဖြစ်နိုင်- သိပ္ပံနည်းကျ အထောက်အထား လုံးဝမရှိတဲ့ သွားပုပ်လေလွင့် သတင်းမျှသာ ဖြစ်တယ်။
ကမ္ဘာကြီးဟာ နောက်ထပ်ဖြစ်လာမယ့် စစ်ပွဲများအတွက် ပြင်ဆင်နေေပေမယ့် တကယ်တမ်း ကမ္ဘာ့လူသား သန်းပေါင်းများစွာကို သေဆုံးစေနိုင်တာ ဗိုင်းရပ်စ်ပိုးကူးစက်မှု "ကပ်ရောဂါ" သာ ဖြစ်ကြောင်း၊ ဒီအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ၂၀၁၅ ခုနှစ် TED Talk ဟောပြောပွဲမှာ ဘီလ်ဂိတ်က သတိပေးခဲ့ဖူးတယ်။ ကိုဗစ်-၁၉ အမှန်တကယ် ဖြစ်ပွားလာတဲ့အခါ အဲ့ဒီဗိုင်းရပ်ပ်ကို ဘီလ်ဂိတ်ကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သတင်းမှားဖြန့်ဝေသူများက အဓိပ္ပာယ်လွဲမှားစွာ စွပ်စွဲခဲ့တယ်။ ဘီလ်ဂိတ်ရဲ့ ဖောင်ဒေးရှင်းက ကိုဗစ်-၁၉ ကာကွယ်ဆေးသုတေသနများအတွက် ဒေါ်လာသန်းရာချီ လှူဒါန်းခဲ့အခါ မိုက္ကရိုဆော့ဖ်သူဌေးကြီးအနေနဲ့ “ဒီယုန်မြင်လို့ ဒီခြုံထွင်” တဲ့ အကွက်ရွေ့ခြင်းအဖြစ် စွပ်စွဲပြန်တယ်။ ဆင်းရဲတဲ့တိုင်းပြည်တွေက မိဘများက ကလေးအမြောက်အမြား မယူတော့ဘဲ မိသားစုစီမံကိန်း စနစ်တကျလုပ်လာကြရင် ကမ္ဘာ့လူဦးရေတိုးပွားနှုန်းကို ၁၀ % မှ ၁၅ % ခန့်အထိ လျှော့ချ (ထိန်းညှိ) နိုင်မယ်လို့ ပြောဖူးခြင်း၊ နည်းပညာသူဌေးကြီးဖြစ်တဲ့ အားလျော်စွာ ကာကွယ်ဆေးထိုးနှံပြီးကြောင်း အထောက်အထားကို ဒီဂျစ်တယ်စနစ်နဲ့ မှတ်တမ်းတင်နိုင်ကြောင်း ဆွေးနွေးခဲ့ဖူး ခြင်းကြောင့် ပိုပြီး စွပ်စွဲလို့ ကောင်းသွားတယ်။
ဘီလ်ဂိတ်နည်းတူ စွပ်စွဲခံရတဲ့ အခြား ကမ္ဘာသိပုဂ္ဂိုလ်တစ်ဦးမှာ အမေရိကန်သမ္မတဟောင်း အိုဘားမားဖြစ်တယ်။ ပါးစပ်စကားများ၊ သတင်းဟောင်းများကို ဟိုတစ်ပုဒ် ဒီတစ်ပုဒ် ဖြတ်ညှပ်ကပ် ဆက်စပ်ပြီး လုပ်ကြံဖန်တီးခဲ့ကြတယ်။
အဲ့ဒီ ထိုးဇာတ်တွေဟာ ကပ်ရောဂါ ထိန်းချုပ်ရန် အခက်တွေ့နေပြီး ဒီမိုကရက်တစ်နဲ့ တရုတ်ပြည်ကို ခေါင်းပုံချရန်ကြိုးစားတဲ့ သမ္မတ ဒေါ်နယ်ထရမ့် (ပထမသက်တမ်း) တို့ ပေါင်းစပ်လိုက်တဲ့အခါ အလွန်ကြီးကျယ်သွားတယ်။ တရုတ်နိုင်ငံ ဝူဟန်ဓာတ်ခွဲခန်းမှ ယိုစိမ့်ခဲ့ခြင်း ဟုတ်-မဟုတ်၊ ယနေ့တိုင် အမေရိကန်ထောက်လှမ်းရေး များနဲ့ ကမ္ဘာ့သိပ္ပံပညာရှင်များအကြား အငြင်းပွားနေဆဲ ခေါင်းစဉ်တစ်ခု ဖြစ်တယ်။
နယ်သာလန်တရားရုံးအနေနဲ့ကတော့ စီရင်ပိုင်ခွင့် ဘောင်အတွင်း ကျရောက်လျင် အမှုကို လက်ခံကြားနာရန်သာ ရှိပါတယ်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်မှာ တိရစ္ဆာန်မှ လူသားသို့ သဘာဝအလျောက် ပြောင်းလဲကူးစက်ခြင်းဖြစ်ပြီး ဇီဝလက်နက် မဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဆုံးဖြတ်ထားပါတယ်။

မူရင်းသတင်း — NP News