NP News

သဘာဝဘေးမှသည် ညီညွတ်ရေးဆီသို့

ထိုက်စံ ၊ ပုလဲ (NP News) - အောက်တိုဘာ ၂ဝ

ထားဝယ်လေဆိပ်သို့ဆင်းသက်တော့မည့် မန်းရတနာပုံလေယာဉ်ပေါ်မှ ပထမဆုံးမြင်ရသည် ကား တောင်ပြိုနေသောမြင်ကွင်းတို့ဖြစ်သည်။ တစ်ချိန်က စိမ်းလန်းခဲ့သောတောင်တို့တွင် မြေနီတို့ကား အထင်းသား။ ယင်း၏အောက်ခြေတွင် ဘဝအချို့ ဆုံးခဲ့ကြရပြီဖြစ်သည်။
အောက်တိုဘာလ(၁၀)ရက် နံနက်ပိုင်းတွင် စာရေးသူတို့ ထားဝယ်လေဆိပ်သို့ရောက်သည်။ စိတ် တို့လန်းဆန်းနေသော်ငြား တောင်ပြိုနေသည့် သဘာဝဘေးမြင်ကွင်းတို့က စိတ်မကောင်းခြင်းဖြင့် ဖိစီး နေ၏။
ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်း တွင်းမုန်တိုင်းငယ်ကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်း တောင်ပြို၊ ရေကြီးခြင်း ကြောင့် ကျေးရွာအချို့တွင် သဘာဝဘေးဒဏ်ကို ခံခဲ့ရသည်။ တနင်္သာရီတိုင်း မြို့တော် ထားဝယ်တွင် ပင်လျှင် ရေဘေးကြုံခဲ့ရသေး၏။
စာရေးသူတို့ရောက်ချိန်တွင်ကား ထား ဝယ်မြို့သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ နေပြီဖြစ်သည်။ ထားဝယ်တွင် ကြာမြင့်စွာနားနေခြင်း မပြုတော့ဘဲ သဘာဝဘေးကြုံခဲ့ရာ လောင်းလုံးမြို့ နယ်သို့ လှူဒါန်းရန်နှင့် ဒေသခံများ၏အခက်အခဲ တို့ကို သတင်းယူရန်ထွက်ခွာခဲ့သည်။
လောင်းလုံး၏သဘာဝဘေးကား နယ်မြေသို့ ကိုယ်တိုင်မရောက်မီကပင် ဒဏ်ရာဒဏ်ချက်တို့ဖြင့် စတင်ကြိုဆို၏။ ကားဦးတည်ရာတစ်လျှောက် မြင်ရသည်ကား တောင်ပြိုနေသည့်မြင်ကွင်းများပင် တည်း။ အချို့နေရာတို့တွင်ဆိုလျှင် မြေပြိုနေသည့်မြင်ကွင်းက ထိပ်ရှူးပြီး အောက်ဘက်ကကားနေ သည်ဖြစ်ရာ အစွယ်ထုတ်ပြနေသည်နှင့်ပင်တူတော့သည်။
ထားဝယ်မှစထွက်ပြီးသည့်နောက် ကမြော် ကင်းတံတားကျော်လျှင် အညိုရောင်နယ်မြေဟုသိရ ၏။ သို့သော် ယင်းခံစားချက်ကိုမရပါ။ အချိန်ကား (၁၁)နာရီခန့်ရှိပေပြီ။ ထားဝယ်မြစ်ကမ်းနံဘေးမှလမ်း အတိုင်း ကား ဝဲ၊ ယာတွင် လူနေအိမ်တို့ကို ဖြတ်သန်းရ၏။ အညိုရောင်နယ်မြေဟုဆိုကြည်သည့်တိုင် သာမန်အရပ်ဒေသတစ်ခုကဲ့သို့ အေးချမ်းနေ၏။
ထားဝယ်မှလောင်းလုံးသို့သွားရာလမ်းတစ်လျှောက် လမ်းကောင်းသည်ဟုဆိုနိုင်သည်။ PDF တို့ တက်လာတတ်သည်ဆိုသော်ငြား လမ်းတစ်လျှောက် ယင်းမြင်ကွင်းတို့မရှိ။ ပရဟိတအသင်းကား များ၊ လှူဒါန်းရန်သွားနေသည့်ကားများကိုသာ မြင်ရသည်။
“သူတို့အဖွဲ့ (PDF) တွေ လမ်းပေါ် မကြာ မကြာတက်တက်လာတယ်။ သွားသွားလာလာ အမြဲရှိ တယ်။ လောင်းလုံး ဒီဘက် ထားဝယ်-လောင်းလုံး ကြား နည်းနည်းပါးတယ်။ လောင်းလုံးဟိုဘက်က ပို ဆိုးတာပေါ့”ဟု ကားပေါ်တွင်လိုက်ပါလာသူ ဒေသခံ တစ်ဦးက ရှင်းပြသည်။
စင်စစ်အားဖြင့် လောင်းလုံးကို PDF တို့က လိုချင်ခဲ့သည်။ သို့သော် အပြည့်အဝထိန်းချုပ်နိုင်ခဲ့ ခြင်းမရှိခဲ့သည့်တိုင် တိုက်ပွဲငယ်တို့ မကြာခဏရှိခဲ့၏။ ယင်းပြင် လမ်းဘေး ဝဲ၊ ယာမှ ကျေးရွာများအတွင်း PDF တို့ စိမ့်ဝင်ခြင်းမျိုးလည်းရှိခဲ့သည်။ ထို့မှတစ်ဆင့် စစ်ဆေးသည်ဟုဆိုကာ လမ်းပေါ်သွားလာနေ သောကားတို့ကိုရပ်တန့်ခိုင်း၍ စစ်ဆေးသောအခြေအနေတို့ဖြစ်ခဲ့သည်။
ယခုခရီးတွင် စာရေးသူတို့ စီးလာခဲ့သော ကားလည်း အသွားတွင်တစ်ကြိမ် တားဆီးခံခဲ့ရ၏။ သို့ သော် တားဆီးသူတို့၏မျက်နှာတွင် အပြုံးတို့ဝေဆာနေသည်။ ယင်းသည်ကား သဘာဝဘေးသင့်ဒေသ ကိုလာရောက်ကူညီသူများအတွက် ဒေသခံတို့၏ကျေးဇူးတုံ့ပြန်မှုဖြစ်သည်။
ဗိုက်မဆာတော့ကြောင်းပြောသည့်တိုင် ထားဝယ်စကားဖြင့် ဒေသခံတို့က စားသောက်မည့် နေ ရာသို့ခေါ်သည်။ ဖြူစင်သောအပြုံးတို့ကို ငြင်းပယ်နိုင်ခြင်းမရှိခဲ့ပါ။ အလှူရှင်တို့ကျွေးသော ကြာဆံဟင်း ခါးကား ဒေသထွက်ပစ္စည်းတို့ဖြင့် စီမံချက်ပြုတ်ထားရာ အရသာတစ်မျိုးဖြစ်၏။ စား၍လည်းကောင်းလှ သည်။ အညိုရောင်နယ်မြေတွင် သေနတ်သံများအစား အပြုံးချိုဖြင့်ဧည့်ခံသော ဒေသခံတို့၏အသံက နား ထောင်၍ ကောင်းပါဘိ။
လောင်းလုံးမြို့ကိုမရောက်မီ သဘာဝဘေးကြောင့် တံတားတစ်စင်းကျိုးနေသည်ကို အစိုးရ အစီ အမံဖြင့်ပြန်ပြင်ထားကြောင်း မြင်ရသည်။ လောင်းလုံးမြို့ကိုဖြတ်သန်းရာတွင်ကား အညိုရောင် နယ်မြေ ပါတကားဆိုသောခံစားမှုရသည်။
စည်ကားနေသောမြင်ကွင်းမျိုး မခံစားရသည့်အပြင် အချို့နေရာတွင် ချုံနွယ်တို့ရှိနေ၏။ အ ဆောက်အအုံအချို့တွင် ကျည်ဆန်ရာပင်မြင်ခဲ့ရ၏။ ဒေသခံတို့၏ အခြေခံလူမှုစီးပွားဘဝတို့ အားနည်း နေပြီ။ ဘဏ်လုပ်ငန်းတို့လည်း ရပ်တန့်နေသည်။ ချုံနွယ် တို့မင်းမူနေသော စာသင်ကျောင်း တစ် ကျောင်းကို လည်းမြင်ရသည်။
“ဒီနားကအိမ်တွေ ကျည်ဆန်ရာတွေချည်း ပဲ။ အရင်တုန်းကဆို ဒီနားတွေ တအားစည်တာဗျ။ ထမင်းတွေစား၊ အလည်လာ အမြဲဝင်နေကျနေရာတွေ။ အခုတော့ ရဲစခန်းတောင် ပြန်ရောက်တာ မကြာ သေးဘူး။ အခုနောက်ပိုင်းမှ ရဲစခန်းပဲရှိတာ”ဟု ဒေသခံတစ်ဦးကပြောပြသည်။
လောင်းလုံးအကျော် လောင်းလုံး-ကျောက်နီမော်ရွာကြားတွင် PDF (၅)ဖွဲ့ခန့်ပင်ရှိနေသည်ဟုဆို သည်။ ပြောရမည်ဆိုလျှင် လောင်းလုံးမြို့ ပတ်ဝန်းကျင်တွင် လက်နက်ကိုင်တို့ရှိနေသည့် သဘောပင်။
ထိုမှတစ်ဆင့် သဘာဝဒဏ်ခံခဲ့ရပြီး ပျက်စီးမှုများပြားခဲ့သော ကဒတ်ငယ်ထိန်ကျေးရွာသို့ ဦး တည်ခဲ့သည်။ လောင်းလုံးမြို့နယ်တွင် တောင်ပြို၊ ရေ ကြီးဒဏ်ကိုခံခဲ့ရသောကျေးရွာတို့ကား များပြား လှ၏။
“မင်းရပ်က တောင်ခြေကဆိုတော့ မင်း ရပ်ကနေစပြီး ထိတယ်။ အခုတော့ ရှင်းလင်းရေးတွေ ပြီး ပြီ။ သိပ်မရှိဘူး။ ရွာတိုင်းတော့မထိဘူး။ ပန္ဒလဲရွာ လည်းနည်းနည်းထိတယ်။ အင်းဇောက်လည်းထိတယ်။ ဆုံးရှုံးမှုကတော့ ရွာထဲက ရေကြောင်းဖြတ်တဲ့ရွာတွေ ထိတာ။ သဗျာလည်းအဲဒီလိုပဲ ထိတယ်။ အဆိုးဆုံး ကတော့ ကဒက်ငယ်ထိန်နဲ့တောကျဲရွာပဲ။ တောကျဲရွာကတော့ ရှင်းလင်းရေးလုပ်နေတုန်းရှိသေးတယ်” ဟု ကဒတ်ငယ်ထိန်းသို့အသွားတွင် အဆိုပါဒေသခံက ရှင်းပြသည်။
လောင်းလုံးကား နယ်မြေမငြိမ်သည့်နေရာဖြစ်သောကြောင့် သဘာဝဘေးစဖြစ်သည့်ကာလတွင် အခက်အခဲများရှိခဲ့ကြသည်။ အစိုးရအဖွဲ့ကား သဘာဝဘေးဖြစ်သည်နှင့် ပြည်သူတို့ကိုကာကွယ် စောင့် ရှောက်ရန်တာဝန်ရှိသည်ဖြစ်သောကြောင့် ကူညီကယ်ဆယ်ရေး၊ ရှင်းလင်းရေး၊ ပြန်လည်ထူထောင်ရေး လုပ်ရန် ဦးစွာ စတင်လှုပ်ရှားသူများဖြစ်သည်။
ထို့နောက် ပရဟိတအဖွဲ့ဝင်များဖြစ်ကြ၏။ မြန်မာနိုင်ငံအနှံ့နှင့် ဒေသတွင်းမှ ပရဟိတအဖွဲ့အ စည်းတို့သည် သဘာဝဘေးသင့်ပြည်သူတို့ကို ကူညီရန်အမြန်ဆုံးလှုပ်ရှားခဲ့၏။ သို့သော် နယ်မြေအခြေ အနေအရ အညိုရောင်နယ်မြေဖြစ်နေသည့်အတွက် ကနဦးတွင် အခက်အခဲတို့ရှိခဲ့သည်။
သဘာဝဘေးစဖြစ်ပြီးသည့်နောက် အင်တာနက်စာမျက်နှာများထက်တွင် ပထမဆုံးမြင်ရသည် က မြေသားထုအောက်ရောက်နေပြီဖြစ်သော သာသနိကအဆောက်အအုံများ၊ လူနေအိမ်တို့၏ မြင်ကွင်း များဖြစ်သည်။ ရေကြီးလျှင် လှေဖြင့် ဘေးလွတ်ရာသို့ တင်ဆောင်ရွှေ့ပြောင်းနိုင်၏။ ရေကျလျှင် အိမ် သို့ပြန်နိုင်ပေလိမ့်မည်။ မြေပြိုခြင်းမှာကား သာသနိက အဆောက်အအုံများ၊ လူနေအိမ်များ မြေအောက် ရောက်သွားခြင်းဖြစ်ရာ အခန့်မသင့်လျှင် အိမ်မပြန်နိုင်ခြင်းမျိုးပင် ဖြစ်နိုင်ပေသည်။
ကနဦးကာလတို့တွင် ပရဟိတအဖွဲ့များ တဖွဲဖွဲရောက်လာနေပြီဖြစ်သည့်တိုင် မြေပြိုရှင်းလင်း ရန်အတွက် စက်ယန္တရားတို့ကို PDF များက ကန့်သတ်ခြင်းမျိုးကြုံခဲ့ရသေးသည်။ PDF တို့က အစိုးရကို မယုံ။ အစိုးရကလည်း ပြည်သူတို့၏အခက်အခဲကို ကူညီလိုသည်။ အဘယ်ကြောင့်နည်း။ အစိုးရသည် မိဘဖြစ်သည့်အတွက် သားဆိုးသမီးဆိုးပင်ဖြစ်သည့်တိုင် စေတနာမပျက်ခြင်းမျိုးဟု နားလည်နိုင်သည်။
“စက်တွေက အခုနောက်ပိုင်းမှ သယ်လို့ရတာ။ အစတုန်းက တစ်နေရာကနေ တစ်နေရာကို အ သယ်မခံဘူး။ အခက်အခဲတွေလည်းရှိတာပေါ့နော်။ (၂၈၊ ၂၉၊ ၃၀)က ရေကြီးတုန်းပဲရှိသေးတယ်လေ။ ဘယ်မှထွက်လို့မရဘူး။ ကျွန်တော်တို့ ထားဝယ်မြို့မှာတောင် ကြီးနေတာ။ (၃)ရက်၊(၄) ရက်လောက်နေ မှ လာလို့ရတာ”ဟု ၎င်းကဆိုသည်။
ထိုစဉ်က အလံဖြူထောင်ကာ သွားခဲ့သော ပရဟိတအသင်းကားတို့၏မြင်ကွင်းကား အင်တာ နက်တွင်နာမည်ကျော်ခဲ့သည်။ တပ်မတော်ကားတန်းများ ဖြင့်သွားခြင်းမဟုတ်သည့်တိုင် တပ်မတော် ကားတန်းဖြင့် လိုက်ပါလာသည်ဟုဆိုကာ နားလည်မှုလွဲပြီး ပရဟိတအဖွဲ့တို့ကို PDF များက သဘာဝ ဘေးသင့်နေရာသို့ အဝင်မခံသောဖြစ်စဉ်လည်း ရှိခဲ့သည်။
လမ်းတစ်လျှောက် ဘေးသင့်ကျေးရွာတို့ကို ဖြတ်သန်းခဲ့ရသည်။ အချို့ရွာတို့ဆိုလျှင် တောင်ပြိုရာ မှ မြေတို့ ရွာထဲရောက်နေ၏။ သို့သော် ရာသီဥတုက ပူပြင်းလှသည်ဖြစ်သောကြောင့် ကနဦးတွင် ရွှံ့စေး အဖြစ် ရွာအတွင်းသို့ဝင်ခဲ့သော ယင်းမြေသားတို့ စတင်ခြောက်သွေ့နေပြီဖြစ်ကြောင်း မြင်ရသည်။ ယင်း သို့ ဖြတ်ကျော်ပြီးသည့်နောက် ကဒတ်ငယ်ထိန်ကျေးရွာသို့ရောက်ရှိသည်။ ပထမဆုံးမြင်ကွင်းကား အဆို ပါ ကျေးရွာ၏ မူလတန်းကျောင်းရှေ့မှ အလှူခံနေရာမြင်ကွင်းဖြစ်သည်။ ကျောင်းသည်လည်း ချုံနွယ်တို့ ဖြင့် ရှိနေ၏။ အတွင်းတွင်ကား “စစ်ကျွန်ပညာရေး အလိုမရှိ” စသည်ဖြင့် စာအချို့ကိုမြင်ရသည်။
ကဒတ်ငယ်ထိန်ကျေးရွာသည်ကား အိမ် ခြေ(၄၀)ကျော်ခန့် မြေပြိုပိသည့်ဘေးကို ကြုံခဲ့ရသော ကျေးရွာဖြစ်သည်။ ကြံ့ခိုင်သောတောင်တို့မှ မြေတို့သည် အရှိန်အဟုန်ဖြင့် ရေစီးကြောင်းသဖွယ် ကျေး ရွာအတွင်း ဝင်ခဲ့ခြင်းဖြစ်သည်။ အချို့နေရာတွင် ကျောက်လုံးကြီးများကိုတွေ့ရ၏။ မြေနှင့်အတူ ကျောက် သားတို့လိမ့်ဆင်းကာ တည်ငြိမ်သောဘဝတို့ကို တိုက်စားသွားခဲ့သည်။
ယင်းကျေးရွာတွင် လူ(၁၂)ဦး သေဆုံး ကြောင်းအတည်ပြုနိုင်ပြီး (၃)ဦးကို ယခုထက်တိုင် အ လောင်း ပြန်ရှာမတွေ့သေးပေ။ မြေသားထုအောက်ရောက်နေခြင်းပေလော သို့မဟုတ် ကျောက်လုံးများ အောက်တွင်ရှိနေခြင်းလော မည်သူမျှမသိနိုင်။
“အခု ကျွန်တော်တို့ရောက်နေတာက မြေပြင်အထက်(၁၀)ပေလောက်မှာ”ဟုက ဒတ်ငယ် ထိန်းကျေးရွာမှ ဒေသခံတစ်ဦးကဆိုသည်။ မြင်ကွင်းတို့ကား စိတ်မချမ်းသာစရာကောင်းလှသည်။ အိမ် တို့ကား မြေသားထုတို့အောက်ရောက်နေခြင်းဖြစ်ရာ ပြန်လည်တူးထုတ်ရမည့်အခြေအနေမျိုးပင်။ မြင်ခဲ့ရသောအိမ်တစ်အိမ်ဆိုလျှင် မြေသားထက် အိမ်ခေါင်မိုးသာထွက်နေပြီး ကျန်အစိတ်အပိုင်းတို့က မြေသားအောက်တွင် ရောက်နေသည်။
ကဒတ်ငယ်ထိန်ကျေးရွာတွင် လမ်းတို့ကို ပြန်ဖော်ရသည်။ မှန်းဆချက်ဖြင့် တူးဖော်ရခြင်းဖြစ်ရာ ကွန်ကရစ်ကို ဂေါ်ဖြင့်တူးဖော်၊ ထိမိသည့်အခါမှ လမ်းတွေ့ပြီဟုသတ်မှတ်ရခြင်းမျိုးဖြစ်သည်။ ရှေး ဟောင်းကျေးရွာတစ်ရွာကို သုတေသီတို့ ပြန်လည်တူးဖော်ရခြင်းနှင့်ပင်ဆင်တူ၏။
“မြေက အနည်းဆုံး (၁၂)ပေလောက်ထိ ပိတ်နေတာကိုး။ သစ်ပင်တွေကလည်း လမ်းတွေပေါ် အပြည့်ပဲ။ အခု မြေစာပုံကြီးက တစ်ဆက်တည်းလေ။ အဲဒီမှာ လမ်းကြောင်းရှာရတာ။ လွဲတဲ့အခါလည်း ရှိတာပေါ့။ ပြန်တည့်ရတာပေါ့” ဟု ၎င်းကဆိုသည်။
ရေဘေးသင့်လျှင် ရေကျပြီးနောက် သန့်ရှင်းရေးလုပ်ကာ အိမ်သို့အသင့်ပြန်နေနိုင်၏။ သို့သော် မြေကြီးတို့ကား အလိုလိုကျသွားခြင်းမရှိသောကြောင့် တူးထုတ်ရပေဦးမည်။ သို့သော် အညိုရောင် နယ် မြေဖြစ်နေသောကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်ကြသေးပေ။
ကဒတ်ငယ်ထိန်ကျေးရွာတွင် NP News အနေဖြင့် လှူဒါန်းမှုများပြုလုပ်ပြီးသည့်နောက် မြင့်မိုရ် လက်ခတ်တောင်ပေါ်သို့ သွားရောက်လေ့လာခဲ့သည်။ ယင်းနေရာတွင်ပင် ကျည် ဆန်ရာတို့ကိုတွေ့ရ သေး၏။ ထို့နောက် သဗျာရွာရှိ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းသို့ သွားရောက် လှူဒါန်း ခဲ့သည်။
လောင်းလုံးမြို့နယ်က သဘာဝဘေးသင့် နေရာသို့သွားရောက် ကူညီလှူဒါန်းသူများအတွက် ဒေသခံတို့၏ ကျေးဇူးတရားတုံ့ပြန်မှုကလည်း ချစ်စရာကောင်း၏။ တစ်ချိန်က သေနတ်သံ ထွက်တတ် သော ယင်းဒေသတွင် ယခုအခါ ကြည်နူးမှုတို့လွှမ်းခြုံနေသည်။
“ကျွန်တော်တို့ ရှင်းလင်းရေးလုပ်တုန်းကဆိုရင် ဖိနပ်တွေ တအားပြတ်တယ်။ အဲဒါ တစ်ရန်ဝယ် ရင် တစ်ရန်ကို ထပ်ပြီးအလကားပေးတယ်။ အအေးဝယ်သောက်ရင် တချို့ဆိုင်တွေဆို ပိုက်ဆံမယူဘူး။ ရှင်းလင်းရေးလုပ်နေတဲ့နားကို ထမင်းတွေလာပို့တာ စားလို့မကုန်လို့ ပြန်တောင် အားနာနေရသေးတယ်” ဟု ကူညီ၊ ကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့သူတစ်ဦးကပြောသည်။
သင်္ကြန်ကဲ့သို့ အခါကြီးရက်ကြီးမျိုးတွင် ထားဝယ်ဒေသ၌ စတုဒိသာကျွေးမွေးခြင်းမျိုးရှိသည်။ သဘာဝဘေးအတွက် လာကူညီသူများအား ဒေသခံတို့က လိုအပ်သည်ထက် ဧည့်ဝတ်ကျေကြသည်။ ကျေးဇူးတုံ့ပြန်ကြသည်။ ပရဟိတအသင်းများကပင် ပြန်လည်အားနာကြသည့်အခါ လောင်းလုံးတွင် “သင်္ကြန် ကျပစ်လိုက်သည်” ဟု ပရဟိတသမားများက တင်စားခဲ့ကြသေး၏။ စတုဒီသာများ နေရာအနှံ့ ပေါ်ပေါက်လာသောကြောင့်ဖြစ်သည်။
လောင်းလုံးသို့အသွားခရီးတွင် စတုဒိသာတစ်နေရာတွင်စားရ၏။ အပြန်ခရီးတွင်ကား (၅) နေရာ ခန့်ကြုံရသည်။ အအေး၊ ငါးမုန့်ကြော်၊ မုန့်လုံးရေ ပေါ်တို့ကျွေးခြင်းဖြစ်ပြီး လမ်းတွင်စားရန်အတွက် ဇီး (ဆီး)ထန်းလျက်ပင် ထည့်ပေးလိုက်သေး၏။ ယင်း ဒေသခံတို့နှင့် စာရေးသူမသိကျွမ်းပါ။ သို့သော် အပြုံး တို့က အသက်ဝင်သည်။ စားသောက်နေသည်ကိုမြင်လျှင်ပင် ပျော်နေသည့်ဟန်များက အညိုရောင်နယ် မြေပါတကားဟူသောစိတ်ကို ပျောက်စေ၏။
လက်ရှိသဘာဝဘေးကြုံခဲ့ရသော လောင်းလုံးမြို့နယ်တွင် သေနတ်သံတို့တိတ်နေ၏။ သံဃာ တော်များ၊ ရပ်မိ၊ ရပ်ဖများက ကြားဝင်စေ့စပ်ပေးခြင်းမျိုးရှိသည်။ “ဂေါ့အင်းမှာ ဟိုရက်က ကျွန်တော်တို့ ရှင်းလင်းရေးလုပ်တုန်းကတောင်မှ PDF အဖွဲ့တွေလာသေးတယ်။ ကျွန်တော်တို့ အခုလို ရှင်းလင်းရေး တွေလုပ်လို့ရအောင် ဘုန်းကြီးကညှိနှိုင်းပေးထားတာ။ ဒီပြင်လူ ညှိမရဘူး။ ဘုန်းကြီးတွေညှိနှိုင်းပေးထား တဲ့အတွက် တိုက်ပွဲမဖြစ်ဘူး” ဟု ၎င်းကပြောသည်။
သို့သော် PDF တို့က လက်နက်ကိုင်ပုန်ကန်သူများဖြစ်ရာ အစိုးရကို ယုံကြည်ခြင်းမရှိ။ သို့သော် တစ်ဖက်တွင် နယ်မြေတိုးတက်ရေးအတွက် လုပ်နိုင်မှာလည်း အစိုးရသာ။ သက်ဆိုင်ရာတိုင်းအစိုးရ ဘက်ကလည်း လောင်းလုံးမြို့နယ် တိုးတက်ရေးအတွက်လုပ်ဆောင်ပေးရန် စိတ်အားထက်သန်နေ ကြောင်း သိရသည်။
သေချာသည်က လောင်းလုံးမြို့နယ်တွင် သေနတ်သံတို့တိတ်ဆိတ်ပြီး ဖြူစင်သောအပြုံးတို့က မင်းမူနေပေပြီ။ သဘာဝဘေးသည် မကောင်း။ သို့ သော် ယင်းကပင်လျှင် သေနတ်သံမထွက်စေရန် ဆောင်ကြဉ်းထား၏။
သဘာဝဘေးမှတစ်ဆင့် ငြိမ်းချမ်းရေးကိုဆောင်ကြည်းသောဖြစ်စဉ်မျိုး အင်ဒိုနီးရှားတွင်ရှိခဲ့ သည်။ ဆူနာမီကြောင့် လူသေဆုံးမှုများနှင့် ပျက်စီးမှုများရှိခဲ့ရာ အစိုးရနှင့်ပုန်ကန်သူနှစ်ဖက်စလုံးက ဒေ သတိုးတက်ရန် ဦးတည်ချက်ထားခဲ့ပြီး ယင်းမှသည် နှစ်ဖက်ပြေလည်သောအခြေအနေထိတိုင်ပင် ရောက်ခဲ့သည်။
စတုဒီသာကျွေးခဲ့ကြသော ပြည်သူတို့အတွင်း PDF လိုလားသူတို့လည်း ပါဝင်ပေလိမ့်မည်။ သို့ သော် ယခုကား အားလုံးသည် သဘာဝဘေးကြောင့် ဆုံချက်တစ်ခုတွင်ရှိနေကြသည်။ ဒေသကို ပြန် လည်ထူထောင်လိုသည်၊ တိုးတက်လိုသည်။
NP News အနေဖြင့် မြင်ခဲ့ရသောမြင်ကွင်းအရ အစိုးရကလည်း ဖွံ့ဖြိုးရေးကို ဆောင်ရွက်လို သည်။ တည်ငြိမ်စေလိုသည်။ ထို့ပြင် ဒေသတိုးတက်ရေး၊ လူမှုစီးပွားဘဝများ မြှင့်တင်ရေးအတွက် အစီအမံ ကောင်းများစွာရှိနေသည်။ တစ်ဖက်တွင် ပြည်သူတို့ကလည်း ကောင်းခြင်းကိုသာ လိုလားပေ လိမ့်မည်။
သဘာဝဘေးဆိုးသည်ကား မှန်၏။ ဘဝတို့ကို ဝေးကွာစေသည်။ ထို့ပြင် အကျိုးစီးပွားတို့ကို ဖဲ့ ခြွေ၏။ သို့သော် ယင်းမှအမြတ်ကား စည်းလုံးခြင်းနှင့်စေတနာတို့ဖြစ်ကြောင်းကို လောင်းလုံးပြည်သူတို့ ၏အပြုံးက သက်သေခံနေပေသည်။

မူရင်းသတင်း — NP News