NP News

ရှင်ဘုရင်ခေတ်တည်းက လိမ်လည်ရန် လွယ်ကူတဲ့ မြန်မာတွေ (အတွေးအမြင်)

HtayOung(NP News)-အောက်တိုဘာ ၁၈
(၁၅) ရာစု စောစောပိုင်း အေဒီ ၁၄၃၀ ဝန်းကျင်မှာ ဗင်းနစ်မြို့သား အီတလီခရီးသွား ကုန်သည် နီကိုလို ဒီ ကွန်တီ (Niccolò de’ Conti) ဟာ မြန်မာဒေသကို ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီအချိန် အထက်မြန်မာပြည်မှာ အင်းဝနိုင်ငံတော်နဲ့ အောက်မြန်မာပြည်မှာ ဟံသာဝတီနိုင်ငံတော်တို့ ခေတ်ပြိုင်တည်ရှိနေပါတယ်။ သူဟာ အင်းဝနဲ့ ပဲခူး ဒေသများကို ရောက်ရှိခဲ့ပြီး မြင်တွေ့သိရှိခဲ့ရတဲ့ အခြေအနေများကို မှတ်တမ်းတင်ခဲ့ပါတယ်။
(၁၆) ရာစု တောင်ငူခေတ်၊ အထူးသဖြင့် တပင်ရွှေထီးနဲ့ ဘုရင့်နောင်မင်းတို့လက်ထက်မှာ ပေါ်တူဂီ ကြေးစားစစ်သား သေနတ်ကိုင်များနဲ့ အမြောက်ပညာရှင်များက မြန်မာစစ်ရေးမှာ ပါဝင်အမှုထမ်းနေကြပါပြီ၊ ပေါ်တူဂီကုန်သည်များလည်း မြန်မာနိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့များနဲ့ ဒေသတွင်း အုပ်ချုပ်သူများမှတစ်ဆင့် ကုန်သွယ်ဆက်ဆံမှုများ ပြုလုပ်ခဲ့ကြပါတယ်။
စောစောပိုင်း မြန်မာပြည်ကို ရောက်ရှိလာတဲ့ အနောက်နိုင်ငံသား ကုန်သည်တစ်ယောက်ဟာ ရှင်ဘုရင်ထံ ဖူးမြှော်ခွင့်ရရှိခဲ့ပါတယ်။ ဥရောပဆောင်းတွင်းကာလမှာ အလွန်အေးမြပြီး ရေခဲသည်အထိပင် ဖြစ်ကြောင်း မြန်မာဘုရင်ကို ရှင်းပြခဲ့ပါတယ်။ လူငယ်ဘဝ သူတို့ သူငယ်ချင်းတစ်စုဟာ ရေခဲသွားတဲ့ မြစ်ပြင်ကို ခြေလျင် ဖြတ်ကူးပြီး သားကောင်များကို အမဲလိုက် မီးကင်စားရာ နွားတစ်ကောင်လုံးပင် ကုန်ကြောင်း ပြောမိပါတယ်။
အဲ့ဒါကို ကြားရတဲ့ မြန်မာဝန်ကြီးနဲ့ အမတ်များဟာ ဟန်မဆောင်နိုင်လောက်အောင် ရယ်မောကြပြီး အချို့ဆို လျှင် “တကယ့် လူလိမ်” အဖြစ် သူ့ကို အထင်သေးစွာ ကြည့်ရှုကြတယ်လို့ ဆိုပါတယ်။
ကျွန်တော်တို့ မြန်မာအပါအဝင် အာရှတိုက်သား အများစုဟာ မိမိ မသိ- မကြားဖူးတဲ့ အကြောင်းအရာ ဖြစ်လျင် အလိမ်အညာအဖြစ် ချက်ချင်း ပယ်ချလေ့ရှိပါတယ်။ ဒါပေမဲ့ ယုတ္တိ မရှိ- မဖြစ်နိုင်သည့်တိုင် အလွန်ထူးဆန်း တဲ့အကြောင်းအရာကို ရွှန်းရွှန်းဝေ ပြောပြလျှင် အလွယ်တကူယုံကြည်တတ်ပါတယ်။ ဒီနေရာမှာ အနောက်နိုင်ငံသားများဆိုလျှင် ချက်ချင်း ပယ်မချပဲ ဟုတ်-မဟုတ် တတ်နိုင်သမျှ အရင်ဆုံး လက်တွေ့စူးစမ်းလေ့ရှိပါတယ်။
အရှေ့တိုင်းသားနဲ့အနောက်တိုင်းသားတို့အကြား စိတ်အလုပ်လုပ်ပုံ မတူညီခြင်းနဲ့ ပတ်ဝန်းကျင် လေ့လာမှု၊ ခရီးသွားလာမှု အားနည်းခြင်းတို့ဟာ နိုင်ငံတော်အဆင့်ထိ ဒုက္ခပေးနိုင်ကြောင်း ကုန်းဘောင် ခေတ်လောက်ရောက်မှ မြန်မာအနည်းငယ်သာ ကောင်းကောင်း သိရှိနားလည်သွားပုံရပါတယ်။
ဥရောပတိုက်ကို ၂-ကြိမ်တိုင် ခရီးသွားလာဖူးတဲ့ ကင်းဝန်မင်းကြီးဟာ ဥရောပတိရစ္တာန်ရုံတစ်ခုအတွင်း ရေမြင်းများကို တွေ့မြင်ရတဲ့အခါ
“နဂါးအသေကောင်ခြောက်ဟု ငါတို့ ဘဝရှင်ထံ ဆက်သထားတဲ့ သတ္တဝါနဲ့ တူလှချေ၏“ လို့ မှတ်တမ်းရေးခဲ့ပါတယ်။
အဲ့ဒီအချိန်ရောက်မှ မြန်မာတို့ရဲ့အသိဉာဏ်ပွင့်လင်းမှုဟာ အလာကောင်းပေမယ့် အခါနှောင်းနေပါပြီ၊ မြန်မာ့ကမ်းရိုးတန်းအားလုံးနဲ့ အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့က တိုက်ခိုက်သိမ်းယူထားကြပြီး များမကြာမီ သီပေါဘုရင်ကို နန်းချ ဖမ်းဆီးလိုက်တဲ့အတွက် ဖြစ်ပါတယ်။
မြန်မာတွေဟာ ရှင်ဘုရင်ခေတ်တည်းက လိမ်စားရန် အလွန်လွယ်ကူသူများ ဖြစ်ခဲ့ပါတယ်။ အချိုု့ဟာ မြန်မာ အချင်းချင်း မဟုတ်ထာတွေကို ယုံကြည်လောက်အောင် ပြောပြီး လိမ်လည်ကြခြင်းဖြစ်ပါတယ်။ အထူးအဆန်း မျက်လှည့်ပြသူများ၊ နဂါးမင်းသားအဖြစ် ရှင်ဘုရင့်ထံမှ ရာထူး အဆောင်အယောင်များ ရယူကြပါတယ်။ ပြည့်တန်ဆာမယ်များကို တရုတ်ဘုရင်က ဆက်သလိုက်တဲ့ သမီးတော်များအဖြစ် ရှင်ဘုရင်ကို ဂျင်းထည့်ခဲ့ဖူးပါတယ်။ ယနေ့ခေတ်ဆိုလျင် ‘ရှင်ဘုရင် အေကိုက်ခံရမယ့် ကိန်း“ ဆိုက်ခြင်းပါ
ခေတ်မီ မီးသင်္ဘော ဝယ်ယူပေးမယ်လို့ မြန်မာဘုရင်ကို အယုံသွင်းပြီး ရွှေငွေများသာမက သင်္ဘောစီးလုံးလိုက် အဖိုးတန်ကျွန်းသစ်များကိုပါ လိမ်လည်ရယူသွားတဲ့ အနောက်တိုင်းသားများလည်း ရှိခဲ့ပါ တယ်။

မူရင်းသတင်း — NP News