
HtayOung (NP News)-အောက်တိုဘာ-၁၆
၁၉၇၈-ခုနှစ် နိုဝင်ဘာ-၁၈ ရက် တောင်အမေရိကတိုက် ဂိုင်ယာနာနိုင်ငံ တောနက်အတွင်း ဂျုန်းစ်တောင်းမြို့ လူပေါင်း (၉၀၀) ကျော် အစုအပုံလိုက် ဿ6သေခြင်းမှာ ခေတ်သစ်လူ့သမိုင်းမှာ အဆိုးရွားဆုံး ဆည်းကပ်မှု အလွဲနဲ့ ယုံကြည်မှုအစွန်းရောက်ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဆိုင်ယာနိုက်နဲ့ စိတ်ငြိမ်ဆေးများ ရောစပ်ထားတဲ့ အဆိပ်ရည်ကို လူပေါင်း ၉၁၈-ဦးတို့က သောက်သုံးရန် သဘောတူခဲ့ကြပြီး သူတို့ရဲ့ ရင်သွေးငယ်များကိုလည်း ကိုယ်တိုင် တိုက်ကျွေးခဲ့ကြတယ်။ ခေါင်းဆောင်ဖြစ်သူ ဂျင်ဂျိုန်းရဲ့ ဟောပြောမှုကို ယုံကြည်ခြင်းကြောင့် ကလေးငယ် (၃၉၆) ဦးအပါအဝင် လူအများ အစုအပုံလိုက် သေဆုံးရပါတယ်။
အချို့မှာ လက်နက်ကိုင်အစောင့်များရဲ့ အတင်းအကျပ်ခိုင်းစေမှုကြောင့် အဆိပ်ရည်ကို သောက်ခဲ့ကြတယ်လို့ ဆိုကြပြီး ခေါင်းဆောင် ဂျင်ဂျုန်း ကိုယ်တိုင်လည်း ဦးခေါင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးနေကြောင်း တွေ့ကြရတယ်။
၁၉၅၅- ခုနှစ် အမေရိကန် အင်ဒီယာနာပိုလစ်ပြည်နယ် “ပြည်သူ့ဘုရားကျောင်း” ကို နိုင်ငံသားအခွင့်အရေး ဘာသာရေးအသင်းတော်အဖြစ် ထူထောင်ခဲ့တယ်။ အသက် (၄၇)နှစ်အရွယ်မှာ သေဆုံးခဲ့သူ ဂျင်ဂျုန်း ဟာ လူထုကို ဆွဲဆောင်ရန်အတွက် "Faith Healing" ခေါ် ဘာသာရေးအဓိဋ္ဌာန်နဲ့ ရောဂါကုသသူ “ပျောက်စေ ဆရာ” အဖြစ် အလွန်ထင်ရှားတယ်။
ဘုရားကျောင်းပွဲများမှာ ကင်ဆာရောဂါ၊ လေဖြတ်ရောဂါနဲ့ မျက်စိကွယ်နေသူများကို ချက်ချင်းပျောက်ကင်းအောင် ကုသပေးနိုင်ကြောင်း ဟောပြောပြသခြင်းဖြင့် အမေရိကန်လူမည်း အများစုကို အဖွဲ့ဝင်ဖြစ်လာစေရန် ဆွဲဆောင်ခဲ့တယ်။ အံ့သြဖွယ် စွမ်းရည်ပိုင်ရှင်အဖြစ် နောက်လိုက်များရဲ့ အကြီးအကျယ်ယုံကြည်မှုရရှိခဲ့တယ်။ အမေရိကန်အာဏာပိုင်များ စောင့်ကြည်ခံရတဲ့ခါ ဂိုင်ယာနာကို ပြေးတယ်။
ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အံ့ဖွယ်စွမ်းရည် စနစ် (၄) ခု ရှိပါတယ်။
(၁) ခန္ဓာကိုယ်ရဲ့ သွေးဖြူဥများ၊ ပဋိပစ္စည်းပါဝင်တဲ့ Immune System ရောဂါပြီးစနစ်က ပြင်ပမှ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ မှိုနဲ့ အဆိပ်အတောက်များကို အထိုက်အလျောက် ချေဖျက်ပေးနိုင်တယ်။
(၂) ခန္ဓာကိုယ် အန္တရာယ် သို့မဟုတ် ဒဏ်ရာရရှိတဲ့အခါ သို့မဟုတ် လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် လုပ်တဲ့အခါ ဦးနှောက်က (Endorphins) အင်ဒေါဖင်နဲ့ အန်ကက်ဖလင် (Enkephalins) တို့လို ဓာတုပစ္စည်းများကို ထုတ်လုပ်ပေးပြီး နာကျင်ကိုက်ခဲမှု အလိုလျောက်ပျောက်ကင်းစနစ် (Natural Pain Relief System) ရှိတယ်။
(၃) အရိုးကျိုးသွားရင်လဲ အလိုအလျောက် ပြန်ဆက် (Bone Healing Process) နိုင်တယ်။ ဒါပေမဲ့ အမြန်ပြန်ဆက်ပြီး ပုံမှန်သန်စွမ်းစေရန်နဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ မဖြစ်စေရန် ဆေးရုံ-ဆေးခန်းများမှာ ကုသမှုခံယူသင့်တယ်။
(၄) Placebo Effect ပလာစီဘို အာနိသင် (စိတ်ကြောင့် ရောဂါသက်သာခြင်း အကျိုးသက်ရောက်မှု) ရေမန်း-ဆီမန်း-ဆေးဝါးအာနိသင် လုံးဝမရှိတဲ့ ပစ္စည်းတစ်ခုခု (ဥပမာ-သကြားလုံး သို့မဟုတ် ဆားရည်) ကို သောက် သုံး/ထိုးနှံသည့်တိုင် မိမိစိတ်မှာ စစ်မှန်တဲ့ ဆေးအဖြစ် အခိုင်အမာယုံကြည်လျင် ရောဂါဝေဒနာ အမှန်တကယ် သက်သာပျောက်ကင်းသွားနိုင်တယ်။
ယခုပြောတဲ့ နည်းလမ်းများကို အနောက်တိုင်းဆေးပညာလက်မှတ်ရ M.B., B.S., ဆရာဝန်များ၊ တိုင်းရင်းဆေး လိုင်စင်ရ ဆရာများလည်း ကျွန်တော်ထက် ပိုသိလို့ လိုအပ်သလို အသုံးချမှာ သေချာပါတယ်။
ဒီလိုဆိုရင် ဆေးဖိုးဝါးခ များများ မတတ်နိုင်တဲ့ ဆင်းရဲနွမ်းပါးသူများအတွက် နောက်ဆုံးကောက်ရိုးတစ်မျှင်အဖြစ် တစ်ဖက်တစ်လမ်း ကူညီရာရောက်အောင် “ပျောက်စေဆရာများ” ကို ခွင့်ပြု သို့မဟုတ် မသိဟန်ဆောင် ပေးရင် မရဘူးလား။
တကယ်တော့ နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသား ပညာရေး- ကျန်းမာရေးတို့မှာ Academic Level ဉာဏ်ပညာဖြင့် စမ်းသပ်ခံနိုင်တဲ့ အဆင့်တစ်ခုတော့ ရှိကြရပါတယ်။ ဒီအတွက် စည်းကမ်း-ဥပဒေများ ပြဌာန်းထားတယ်။ ဆယ်တန်းအောင်သူဖြစ်လျှင် ဘာတွေ မေးခွန်းထုတ်တဲ့ စာမေးပွဲမှာ ဘာတွေဖြေပြီး ဘယ်နှစ်မှတ်ရကြောင်း အထောက်အထားရှိရတယ်။ WHO ရဲ့ ဆေးကုသခြင်း အနိမ့်ဆုံး စံနှုန်းမှာ ဘေးအန္တရာယ်ကင်းခြင်းနဲ့ Evidence-based ကြောင်းကျိုး အထောက်အထား ပြသနိုင်ခြင်း ဖြစ်တယ်။ အလားတူ ကမ္ဘာ့ဘယ်နိုင်ငံမှ ပျောက်စေဆရာကို လက်မခံကြပါ။
ဆင်းရဲချမ်းသာ ကွာဟမှု များပြားခြင်း၊ ပညာရေး ကျန်းမာရေးစောင့်ရှာက်မှု အားနည်းခြင်း၊ ခေတ်မီဆေးပညာ လက်လှမ်းမမီခြင်း၊ အယူသီးခြင်းများဟာ ပျောက်စေဆရာများကို ထွန်းပေါ်စေတယ်။