တင်ဇာ (NP News) - အောက်တိုဘာ ၁၃
ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ကြားမှာ အကြမ်းဖက်ပဋိပက္ခတွေ ပိုပြီးအရှိန်မြင့်လာနေပါတယ်။ ပါကစ္စတန်က နယ်စပ်ဖြတ်ကျော်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပစ်မှတ်ထားတာပါဆိုပြီး အာဖဂန်နစ္စတန်ကိုတိုက်ခိုက်ခဲ့တာပါ။ အာဖဂန်အစိုးရကတော့ ဒီတိုက်ခိုက်မှုတွေမှာ သူတို့မပါဝင်ဘူးလို့ ငြင်းဆိုပေမယ့် လက်စားချေတိုက်ခိုက်မယ်လို့တော့ ခြိမ်းခြောက်မှုတွေရှိနေပါတယ်။ ဒီပဋိပက္ခသံသရာ က ဘယ်လောက်အထိ ဆက်ပြီးလည်ပတ်နေဦးမှာလဲ။ တစ်ချိန်က မဟာမိတ်တွေဖြစ်ခဲ့ကြပေမယ့် အခု တော့ ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ဟာ ရန်သူတွေဖြစ်လာကြပါပြီ။ (၂၀၂၁)ခုနှစ်တုန်းက ပါကစ္စတန် က အာဖဂန်မှာ တာလီဘန်တွေ အာဏာပြန်ရလာတာကို အောင်ပွဲတစ်ခုအဖြစ်ကြိုဆိုခဲ့ပေမယ့် အခု ဆက်ဆံရေးကတော့ အဆုံးမရှိတဲ့စစ်ပွဲတစ်ခုလို့ တင်စားရလောက်အောင်ကို ဆိုးရွားသွားခဲ့ပါပြီ။
ဒါဟာ ပါကစ္စတန်ပြည်တွင်းမှာ တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ဝန်ခံထားတဲ့ တာလီဘန်နဲ့ တခြား လက်နက်ကိုင်အဖွဲ့တွေကို အာဖဂန်အစိုးရက လက်ခံထားတယ်ဆိုတဲ့စွပ်စွဲချက်တွေကြောင့်လည်း ပါပါ တယ်။ ကဘူးလ်ဘက်ကတော့ ဒီတိုက်ခိုက်ရေးသမားတွေကို ခိုလှုံခွင့်ပေးတာ၊ နောက်ကွယ်က ကူညီ ပေးတာမျိုးမရှိဘူးလို့ ငြင်းဆိုထားပေမယ့် ပါကစ္စတန်ကတော့ စက်တင်ဘာလအစောပိုင်းကတည်းက အာဖဂန်နစ္စတန်ထဲအထိ စစ်ရေးအရ တုံ့ပြန်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာပါ။ တိုက်ပွဲတွေရပ်တန့်ဖို့ နှစ်ဖက်စလုံးကကြိုးပမ်းခဲ့ကြတာတွေကလည်း ဒီနေ့အထိ အရာမထင်ခဲ့ပါဘူး။
(၂၀၂၆)ခုနှစ် ဖေဖော်ဝါရီလကစလို့ ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ကြား နယ်စပ်ဖြတ်ကျော် ပဋိပက္ခတွေ ပြန်လည်အရှိန်အဟုန်မြင့်လာတာဖြစ်ပါတယ်။ ဒီပဋိပက္ခဟာ အရှေ့ဘက် အာဖဂန်နစ္စတန် မှာရှိတဲ့ ပါကစ္စတန်တာလီဘန် (TTP) နဲ့ ISIS- K စခန်းတွေလို့စွပ်စွဲထားတဲ့နေရာတွေကို ပါကစ္စတန် ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ စတင်ခဲ့တာပါ။ အဲဒီနောက် တစ်ပတ်အတွင်းမှာပဲ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးက “စစ်ပွဲကို တရားဝင် စတင်လိုက်ပြီ” လို့ကြေညာခဲ့ပြီး Operation Ghazab lil-Haq ဆိုတဲ့စစ်ဆင်ရေးအမည်နဲ့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ဒီစစ်ပွဲမှာ ဒူရန် လိုင်း နယ်စပ်တစ်လျှောက် လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေပါဝင်သလို တစ်ဖက်မှာလည်း TTP နဲ့ မဟာမိတ်အဖွဲ့တွေက ခိုင်ဘာပက်တွန်ခွာနဲ့ဘလိုချီစတန် ဒေသတွေမှာ တိုက်ခိုက်မှုတွေကို အ ရှိန်မြှင့်လုပ်ဆောင်လာတာကြောင့် ပါကစ္စတန်ပြည်တွင်းမှာလည်း သောင်းကျန်းမှုတွေနဲ့ ကြုံတွေ့နေရ တာဖြစ်ပါတယ်။ အိဒ်ပွဲတော်တွေဖြစ်တဲ့ Eid al-Fitr နဲ့ Eid al-Adha ကာလတွေမှာ အပစ်အခတ်ရပ်စဲ ရေးသဘောတူညီချက် နှစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် တိုက်ပွဲတွေ ခဏတာငြိမ်သက်သွားခဲ့ပေမယ့် စစ်ပွဲ ကတော့ လုံးဝ မပြီးဆုံးသွားခဲ့ပါဘူး။ ပြီးခဲ့တဲ့စက်တင်ဘာလမှာတော့ ပါကစ္စတန်နိုင်ငံ ကိုဟတ်မြို့မှာ လူ အများအပြားသေဆုံးခဲ့ရတဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာခဲ့တာ ဖြစ် ပါတယ်။
ပါကစ္စတန်-အာဖဂန် ဆက်ဆံရေး သမိုင်းကြောင်းနဲ့ လက်ရှိအကျပ်အတည်း
(၁၉၉၀)ပြည့်လွန်နှစ်များ အစောပိုင်းတုန်း ကတော့ အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်တို့ဟာ မဟာ မိတ်တွေဖြစ်ခဲ့ကြတာပါ။ ပါကစ္စတန်ထောက်လှမ်းရေး အဖွဲ့တွေဟာ အာဖဂန်တာလီဘန်အဖွဲ့ စတင်ပေါ် ပေါက်လာအောင်ကူညီပေးခဲ့သလို (၂၀ဝ၁)ခုနှစ် မတိုင်ခင်အထိလည်း တာလီဘန်အစိုးရရဲ့ စစ်ရေး စက် ယန္တရားတွေနဲ့ ခြေလျင်တပ်တွေ မောင်းနှင်လှုပ်ရှားနိုင်ဖို့အတွက် အကြံပေးတွေ၊ ကျွမ်းကျင်သူတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ပံ့ပိုးပေးခဲ့တာပါ။ (၂၀ဝ၁)ခုနှစ် နောက်ပိုင်း ကမ္ဘာ့အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲမှာ အမေရိကန်နဲ့နေတိုးတပ်တွေကို ပါကစ္စတန်က ပူးပေါင်းကူညီခဲ့ပြီး နောက်ပိုင်းမှာတော့ တာလီဘန်တွေ အပေါ် ပံ့ပိုးမှုတွေကို ပုန်းလျှိုးကွယ်လျှိုးပဲ လုပ်ဆောင်ခဲ့ပါတော့တယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန၊ လွှတ်တော်သုတေသနအဖွဲ့တို့ရဲ့ အစီရင်ခံစာတွေနဲ့ (၂၀၁၂)ခုနှစ်ကပေါက်ကြားခဲ့တဲ့ နေတိုးရဲ့ လျှို့ ဝှက်အစီရင်ခံစာတွေအရ အမေရိကန်က အာဖဂန်နစ္စတန်မှာ နှစ်ပေါင်း(၂၀)ကြာ စစ်ရေးအရ ဝင်ရောက် စွက်ဖက်နေချိန်အတွင်း ပါကစ္စတန်ထောက်လှမ်းရေးဟာ အာဖဂန်တာလီဘန်တွေကို တိုက်ရိုက် ကူညီခဲ့ သလို ခိုလှုံခွင့်စခန်းတွေကိုလည်း ပေးထားခဲ့တာဖြစ်ပါတယ်။
(၂၀၂၁)ခုနှစ်မှာ အမေရိကန်တပ်တွေ အာဖဂန်နစ္စတန်ကနေ နုတ်ထွက်သွားပြီး တာလီဘန်တွေ အာဏာပြန်ရလာတဲ့အခါမှာတော့ ပါကစ္စတန်ဘက်က အာဖဂန်မှာပေါ်ပေါက်လာတဲ့ တာလီဘန် အစိုးရ သစ်ကို စတင်ကြိုဆိုခဲ့ကြပါတယ်။ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းဆိုရင် တာလီဘန်တွေ အာဏာပြန်ရလာတာကို “အာဖဂန်ပြည်သူတွေ ကျွန်ဘဝကနေလွတ်မြောက်လာတာ” လို့တောင် တင် စားပြောဆိုခဲ့တာပါ။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ အစွန်းရောက် အစ္စလာမ္မစ်ဝါဒအခြေခံတဲ့ အကြမ်း ဖက်မှုတွေဟာ ပါကစ္စတန်တစ်ဝန်းမှာ သိသိသာသာ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။
(၂၀၂၂) နှစ်ကုန်ပိုင်းမှာ ပါကစ္စတန်တာလီ ဘန် (TTP) အဖွဲ့ဟာ ပါကစ္စတန်အစိုးရနဲ့ချုပ်ဆိုထား တဲ့အပစ်အခတ်ရပ်စဲရေးကို အဆုံးသတ်လိုက်ပြီး အာဖဂန်နစ္စတန်က ကာလရှည်ကြာငြင်းခုံနေခဲ့တဲ့ (၁၆၂၂) မိုင်ရှည်လျားတဲ့ ဒူရန်လိုင်းနယ်စပ်တစ်လျှောက် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ ပါတယ်။ (၂၀၂၃)ခုနှစ်အရောက်မှာတော့ ပါကစ္စတန်အစိုးရဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး အရေးယူ ဆောင်ရွက်ချက်တစ်ခုအဖြစ်အကြောင်းပြပြီး အာဖဂန်ဒုက္ခသည်တွေကို အစုလိုက်အပြုံလိုက်နှင်ထုတ် တဲ့စစ်ဆင်ရေးကိုစတင်ခဲ့ပါတယ်။ (၂၀၂၅)ခုနှစ် တစ်နှစ်တည်းမှာတင် ပါကစ္စတန်ဟာ အာဖဂန် (၁) သန်းကျော်ကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး အဲဒီနှစ် အောက်တိုဘာလမှာတော့ နယ်စပ်ဂိတ်တွေကို ပိတ်ပစ် ခဲ့ပါတယ်။ ပါကစ္စတန် သုတေသနနှင့်လုံခြုံရေးဆိုင်ရာ လေ့လာရေးဗဟိုဌာနရဲ့အစီရင်ခံစာအရ (၂၀၂၆) ခုနှစ် တတိယသုံးလပတ်အတွင်း ပါကစ္စတန်မှာ အကြမ်းဖက်မှုနဲ့ဆက်နွှယ်တဲ့သေဆုံးမှုတွေ သိသိ သာ သာမြင့်တက်လာခဲ့ပြီး အနည်းဆုံး လူ(၁ယ၄၁၅)ဦးသေဆုံးကာ (၅၅၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါ တယ်။
ပါကစ္စတန်က အာဖဂန်အစိုးရသစ်အပေါ် ဘာတွေမျှော်လင့်ခဲ့သလဲ
ပါကစ္စတန်ဟာ အာဖဂန်တာလီဘန် လှုပ်ရှားမှုနဲ့ဆက်ဆံရေးမှာ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့ တာပါ။ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေပြန်လည် လွှမ်းမိုးလာနိုင်တာနဲ့အမျှ လုံခြုံရေးနဲ့ သံတမန် ရေးရာ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မယ့် မဟာမိတ်တစ် ဦးရရှိလိမ့်မယ်လို့ သူတို့မျှော်လင့်ခဲ့ကြပါ တယ်။ ပါကစ္စတန်က ခြိမ်းခြောက်မှုတစ်ခုလို့ယူဆထားတဲ့ အိန္ဒိယရဲ့ဩဇာလွှမ်းမိုးမှုကို ဖယ်ရှားနိုင်လိမ့် မယ်လို့လည်း မျှော်လင့်ခဲ့သလို အာဖဂန်နစ္စတန်ကနေ ပါကစ္စတန် အတွင်းကို အကြမ်းဖက်လှုပ်ရှား မှုတွေ ဝင်ရောက်လာတာကိုလည်း ရှောင်ရှားနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။
ကံမကောင်းစွာနဲ့ပဲ အခြေအနေတွေဟာ လုံးဝဆန့်ကျင်ဘက်ဖြစ်သွားခဲ့ပါတယ်။ အိန္ဒိယဟာ အခု အခါ အာဖဂန်အစိုးရသစ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရရှိနေပြီး ပါကစ္စတန်အတွင်း အကြမ်းဖက်မှုတွေ ဟာ အရင်က ပါကစ္စတန်မှာဖြစ်ပွားခဲ့တဲ့သောင်းကျန်းမှုတွေရဲ့ အမြင့်ဆုံးအဆင့် မကြုံစဖူးအထိ ပြင်း ထန်စွာမြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့် ဗျူဟာမြောက် မဟာမိတ်တစ်ဦးရရှိမယ့်အစား ပါကစ္စတန် ဟာ အာဖဂန်နစ္စတန်မှာအာဏာရလာတဲ့ ပြိုင်ဘက် တစ်ဦးနဲ့ ရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။
တာလီဘန်နှစ်ဖွဲ့ကြားကဆက်ဆံရေးက ဘယ်လိုရှိပါသလဲ
ပါကစ္စတန်တာလီဘန် (TTP) အဖွဲ့ စတင်ပေါ်ပေါက်လာချိန်ကတည်းက သူတို့ဟာ အာဖဂန် တာလီဘန်ရဲ့ လက်တက်တစ်ခုဖြစ်တယ်လို့ ကြေညာခဲ့ကြတာပါ။ TTP ဟာ ပါကစ္စတန်မှာ အကြီးဆုံး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း နိုင်ငံခြားအကြမ်းဖက် အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားပါတယ်။ TTP အဖွဲ့ ကြီးထွားလာမှုဟာ (၂၀ဝ၁)ခုနှစ် အမေရိကန်က အာဖဂန် ကိုဝင်ရောက်ကျူးကျော်မှုရဲ့ နောက်ဆက်တွဲအကျိုး ဆက်တစ်ခုပဲဖြစ်ပါတယ်။ TTP အဖွဲ့ ကို တော့ (၂၀ဝ၇) ခုနှစ်မှာ တရားဝင် စတင်တည်ထောင်ခဲ့တာပါ။
TTP ဟာ ဗဟိုချုပ်ကိုင်မှုမရှိဘဲ အဖွဲ့ခွဲတွေအများကြီးနဲ့ဖွဲ့စည်းထားတာပါ။ အဲဒီအဖွဲ့ခွဲတွေမှာ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့၊ အနောက်အုပ်စုရဲ့လွှမ်းမိုးမှုကိုတွန်းလှန်ဖို့နဲ့ သူတို့ ထိန်း ချုပ်ထားတဲ့ဒေသတွေမှာ ရှရီယာဥပဒေကျင့်သုံးဖို့ဆိုတဲ့ ကျယ်ပြန့်တဲ့ရည်ရွယ်ချက်တွေ ရှိကြပေမယ့် ဒီ ဟာတွေကလည်း အချိန်နဲ့အမျှ ပြောင်းလဲမှုတွေရှိခဲ့ပါတယ်။ (၂၀၁၃)ခုနှစ်ကစလို့ မိုဟာမက်ဖာဇလူလာ ရဲ့ခေါင်းဆောင်မှုအောက်မှာတော့ ဒီအဖွဲ့ဟာ အယ်လ်ကိုင်ဒါနဲ့ ပိုပြီးနီးကပ်လာခဲ့သလို နယ်စပ်ဖြတ် ကျော် တိုက်ခိုက်မှုတွေကိုလည်း ပိုမိုပြင်းထန်စွာ ပြုလုပ်လာခဲ့ပါတယ်။ ဖာဇလူလာဟာ အာဖဂန်နစ္စတန် မှာ အမေရိကန်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပြီး နှစ်နှစ်အကြာ (၂၀၂၀)ပြည့်နှစ်အရောက် မှာတော့ TTP အဖွဲ့က ပါကစ္စတန်တပ်ဖွဲ့တွေကို ပစ်မှတ်ထားတာကလွဲရင် ဒေသတွင်း သို့မဟုတ် ကမ္ဘာ လုံးဆိုင်ရာ တခြား ဘာအစီအစဉ်မှမရှိတော့ဘူးလို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိမှာတော့ ပါကစ္စတန်ရော အာဖဂန်နစ္စတန်အတွက်ပါ နှစ်နိုင်ငံစလုံးနဲ့သက်ဆိုင်တဲ့ လုံခြုံရေးဆိုင်ရာအကျပ်အတည်းတစ်ခုနဲ့ ရင်ဆိုင် နေရတာဖြစ်ပါတယ်။ ဒါဟာ ပါကစ္စတန်အတွက် TTP ပြဿနာတစ်ခုတည်းမဟုတ်တော့ဘဲ နှစ်နိုင်ငံအကြား ပဋိပက္ခတစ်ခုဖြစ်လာနေပုံရပါတယ်။ TTP ဟာ ပါကစ္စတန်မှာရှိတဲ့ အခြားသောပြဿနာများစွာဖြစ်တဲ့ နိုင်ငံရေးမရေရာမှုတွေ၊ ပြည်သူတွေရဲ့မကျေနပ် ချက်တွေ၊ စွမ်းအင်လိုအပ်ချက်၊ စီးပွားရေးကျဆင်းမှုနဲ့ ဒေသတွင်းမတည်ငြိမ်မှုတွေလိုပဲ ပြည်တွင်း ပြဿ နာရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်လာနေပါတယ်။ ဘာလိုချီစတန်ပြဿနာဆိုရင် အနှစ်(၅၀)ကျော် သက် တမ်းရှိပြီဖြစ်ပါတယ်။ ဒါကြောင့် ပါကစ္စတန်အနေနဲ့ မိမိတို့အခြေအနေကောင်းမွန်လာစေဖို့ ပြည်တွင်းမှာ ပိုမိုပြင်ဆင်ဆောင်ရွက်ရမယ့်အနေအထားတွေရှိလာပါတယ်။ အာဖဂန်နစ္စတန်အနေနဲ့ကလည်း ပါကစ္စ တန်တင်မကဘဲ တခြားအိမ်နီးချင်းနိုင်ငံတွေရဲ့အချုပ်အခြာအာဏာကိုခြိမ်းခြောက်နိုင်တဲ့ ဘယ် အကြမ်း ဖက် အဖွဲ့အစည်းကိုမှ လက်ခံမထားရှိရေးသေချာစေဖို့ တာဝန်ရှိနေပါတယ်။
ဒါ့ပြင် ဒီပြဿနာကိုချဉ်းကပ်တဲ့အခါ အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်တို့ဟာ သူတို့ရဲ့ ပထဝီဝင်အ နေအထားကို ပြောင်းလဲလို့မရနိုင်ဘူးဆိုတဲ့ အမှန်တရားတစ်ခုကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ သူတို့ ဟာ ဒီပထဝီအနေအထားအရ အတူတကွ ဆက်လက်တည်ရှိနေရဦးမှာဖြစ်ပါတယ်။ “လက်ရှိ တင်းမာမှု ကိုထိန်းချုပ်နိုင်မယ့်တစ်ခုတည်းသော ဖြေရှင်းနည်းကတော့ လေကြောင်းတိုက်ခိုက်မှု ဒါမှမဟုတ် အင် အားသုံးပြီး ချက်ချင်းမတုံ့ပြန်မီခြိမ်းခြောက်မှုတွေကို စိစစ်အတည်ပြုနိုင်တဲ့ အဖွဲ့အစည်းဆိုင်ရာ နည်း လမ်းတစ်ခုဖြစ်ပါတယ်။ လက်ရှိပုံစံအတိုင်း အပြန်အလှန်တုံ့ပြန်နေရင်တော့ ကျွန်တော်တို့ဟာ လုံခြုံ ရေးအကျပ်အတည်းအတွင်းကို ပိုမိုနက်ရှိုင်းစွာ တူးဝင်နေကြတာဖြစ်ပြီး နှစ်နိုင်ငံစလုံးအတွက် ပြဿနာ တွေ ပိုမိုဖန်တီးပေးရာရောက်တယ်လို့ထင်ပါတယ်” ဟု ကဘူးလ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ Faiz Zaland က သုံးသပ်ထားပါတယ်။
ပါကစ္စတန်အနေနဲ့ တစ်ချိန်က တာလီဘန်တွေကို နှစ်ပေါင်းများစွာ မြေတောင်မြှောက်ပေးခဲ့ပေ မယ့် အခုတော့ ဒီအကျိုးဆက်ရဲ့ရိုက်ခက်မှုတွေကို ပြန်လည်ခံစားနေရတာပဲဖြစ်ပါတယ်။ စစ်ရေးအရ အင်အားသုံးတုံ့ပြန်တာ၊ နယ်စပ်တွေကို ပိတ်ပစ်တာနဲ့ ဒုက္ခသည်တွေကို ပြည်နှင်ဒဏ်ပေးတာတွေဟာ ရေတိုဖြေရှင်းနည်းသာဖြစ်ပြီး ရေရှည်မှာတော့ ပဋိပက္ခကို ပိုမိုဆိုးရွားစေမှာပါ။ သမိုင်းအရရော၊ ပထဝီ ဝင် အနေအထားအရပါ ခွဲခြားလို့မရတဲ့ ဒီနှစ်နိုင်ငံဟာ လက်နက်အားကိုးနဲ့ လက်စားချေတာတွေကို စွန့်လွှတ်ပြီး ခိုင်မာတဲ့ သံတမန်ရေးရာဆွေးနွေးပွဲတွေ၊ အဖွဲ့အစည်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အဖြေရှာမှသာလျှင် နှစ်နိုင်ငံစလုံး ငြိမ်းချမ်းရေးနဲ့ မတည်ငြိမ်မှု အကျပ်အတည်းကနေ ရုန်းထွက်နိုင်မှာ ဖြစ်ပါတယ်။