NP News

ဒီလောက် လှပ ချစ်စရာကောင်းတဲ့တိုင်းပြည်မှာ စစ်မီးလျှံတွေ တောက်လောင်နေ သင့်လား၊ မြန်မာသာမက ကမ္ဘာက သတိပြုမိလာတဲ့ ထားဝယ်နယ်သားတို့ရဲ့ ဓလေ့စရိုက် (အတွေးအမြင် ဆောင်းပါး)

HtayOung(NP News)- အောက်တိုဘာ ၇
ယခုတလော လူမှုကွန်ရက် ပလက်ဖောင်းအသီးသီးမှာ တအံ့တသြနဲ့ လူပြောများနေတာက တနင်္သာရီတိုင်း ထားဝယ်နယ်သားတို့ရဲ့ လေးစားအံ့သြစရာ ရိုးရာ ဓလေ့ပါ။
ထားဝယ်မှာ ကယ်ဆယ်ရေးသမားဆိုရင် ဘာပဲဝယ်ဝယ်၊ ဘာပဲစားစား၊ ဘယ်မှာပဲ တည်းတည်း အခကြေးငွေ တစ်ပြားတစ်ချပ်မှ မယူဘဲ ဝိုင်းဝန်းကူညီပေးကြတာ၊ အဲဒီစေတနာတွေကို မြင်ရသူတိုင်း ကြက်သီးတောင် ထမိကြပါတယ်။ တစ်ဆိုင် တစ်အိမ် တစ်နေရာတည်းမဟုတ် ဘယ်နေရာသွားသွား ထားဝယ်သူ၊ ထားဝယ်သား တိုင်းရဲ့ မေတ္တာနဲ့ လှိုက်လှဲပျူငှာတဲ့ စေတနာမျိုးဟာ ကမ္ဘာမှာတောင် မရှိဘူးလို့ ကြွားနိုင်တယ်။
ယခုဖြစ်စဉ်မတိုင်မီကတည်းက ကျွန်တော်ဟာ မြန်မာပြည်တောင်ဖက်ဆုံး ကော့သောင်းမှ မြောက်ဖက် စစ်တွေအထိ မြို့ကြီးအတော်များများမှာ ရက်-လအ‌တော်ကြာစီ နေထိုင်ဖူးတယ်။
ကျွန်းကြို ကျွန်းကြားမကျန် သွားလာဖူးတဲ့အတွက် သူတို့ရဲ့ ဓလေ့စရိုက်ကို အကဲခတ်မိပါတယ်။ ရခိုင်-ထားဝယ်- မြိတ်တို့ဟာ လေသံကွဲ မြန်မာစကားနဲ့ အလွန်ရှေးကျတဲ့ ဝေါဟာရကို အသုံးပြုနေသူများဖြစ်ပါတယ်။
သူတို့ “စကားပြောတာ ဝဲတယ်” လို့ ဗမာလူမျိုး ကျွန်တော်က ပြောတော့ ကျွန်တော်စကားပြောတာလဲ “ဝဲတယ်” လို့ သူတို့ ပြန်လည် မှတ်ချက်ပေးပါတယ်။
ဆိုတော့ကာ မြန်မာစကား ပြောသူအချင်းချင်း ဘယ်သူက စကားဝဲတာလည်း ကျွန်တော်လည်း အဖြေ မရှာတတ်တော့ပါ။
ကျွန်တော်တို့ဆီမှာ ‘ဧည့်သည်” ကို ရခိုင်မှာ အာဂန်တု “အာဂန္တု” ၊ ကျွန်တော်တို့ဆီက “လက်သမားဆရာ” ကို ထားဝယ် မြိတ်ဖက်မှာ ဗိတ်သကာ “ဗိသုကာ” လို့ ခေါ်ပါတယ်။ ဝေါဟာရ အသုံးအနှုန်းနဲ့ လေသံကို ဖြည်း ဖြည်းပြောရင် ရခိုင်-ဗမာ-ထားဝယ်-မြိတ်-အင်းသားအထိ တစ်ယောက်ပြောတာ တစ်ယောက်နားလည်နိုင်ပါ တယ်။
တကယ်တော့ ယခုထားဝယ်နယ်သားတို့ရဲ့ တစ်ရပ်တစ်ကျေး ဧည့်သည်အပေါ် အလွန်အမင်း ဧည့်ဝတ်ကျေ ပွန်ခြင်းဟာ ကျွန်တော်တို့ ပြည်မကြီးမှာ မှေးမှိန်ပျောက်ကွယ်သွားတဲ့ မြန်မာ့ရိုးရာဓလေ့စစ်စစ် ဖြစ်ပါတယ်။
ကိုယ်စားနေကျ ဆန်ကြမ်းလေး သိမ်းပြီး ဧည့်သည်အတွက် ဆန်ချော ဆန်ကောင်း ပြေးဝယ်ချက်ကြတယ်။ ဧည့်သည်ရှိတဲ့ အိမ်ကို ထမင်း-ဟင်း ချက်ပြုတ်ပေးပို့ကြတယ်။ ဧည့်သည် မရသေးတဲ့ အိမ်တွေက ဧည့်သည် ရသူထံ “ဘယ်တော့ ပြန်ပေးမယ်” ကတိနဲ့ ဧည့်သည်ကို ပိုက်ဆံချေးသလို ချေးငှားကြတယ်။
အဲ့ဒီအထဲမှာ “ငတ်ရင် လာစား” လို့ ဖိတ်ခေါ်မှုနဲ့အစဉ်အလာကြီးတာက ထားဝယ်နယ်ပါပဲ၊ “ဗိုက်ဆာရင် လာစားကြပါ” လို့ သူတို့ဒေသိယအသုံးအနှုန်းနဲ့ ပြောဆိုခြင်းပါ။
ယခုလို ရေကြီး မြေပြို သဘာဝဘေးဒဏ်သင့်တဲ့အခါ ရပ်ရွာအတွင်း လှည့်လည်သွားလာကြတဲ့ ထားဝယ် နယ်သူ နယ်သားတွေဟာ (ဘာကောင် ဘာကောင်မပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ) အိမ်နေရင်း အဝတ်အစားပဲ ဝတ်ဆင်ကြပါတယ်။ အဲ့ဒါ ရိုးသားနှိမ်ချခြင်း ကိုယ်ချင်းစာနမှုကို ပြသတဲ့ သူတို့ရဲ့ မြန်မာ့ ရိုးရာဓ လေ့စစ်စစ်ပါ။
အခါကြီး ရက်ကြီး ပွဲလမ်းသဘင် ရှိရင်တော့ ကျော့နေအောင် ဖီးလိမ်းဝတ်စားကြပါတယ်။
မြေဆီမြေသြဇာ ကောင်းတဲ့ ကမ်းမြှောင်ဒေသမှာ ရေလုပ်ငန်းနဲ့ စီးပွားရေး အသင့်အတင့်ရှိသူ များပြားတယ်။
ရေမြေရာသီဥတုနဲ့ ကျင်လည်ရတဲ့ မြေမျက်နှာသွင်ပြင်ကြောင့် တနင်္သာရီ ကမ်းမြှောင်သူတို့ဟာ ရုပ်ရည်ပြေပြစ်ချောမောသူ အလွန်များတယ်။ အသားအရည် ကြည်လင်ပြီး သားကောင်းမိခင် ခန္ဓာကိုယ်အချိုးအဆစ်မျိုးကို ပိုင်ဆိုင်ကြ တယ်။
လုံခြုံအေးချမ်းရင် ရေနက်ဆိပ်ကမ်း၊ ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းအပြင် ခရီးသွားလုပ်ငန်းနဲ့ ပိုက်ဆံတွေ သိမ်းကြုံးယူနိုင်တဲ့ ဒေသတွေပါ။ တစ်တိုင်းပြည်လုံးရဲ့ ဂျီဒီပီ အများစု မှီခိုရာဒေသ၊ အလှူရေစက် လက်နဲ့မကွာ လှူနိုင်တန်းနိုင်တဲ့ သူဋ္ဌေးသူကြွယ်များ လက်ညှိုးထိုးမလွဲရာ ဒေသကြီးတွေ ဖြစ်နိုင်တယ်။
ဒီလောက် လှပ ချစ်စရာကောင်းတဲ့ တိုင်းပြည်မှာ သွေးချောင်းစီး စစ်မီးလျှံတွေ တောက်လောင်နေတယ်ဆိုတာ ဖြစ်သင့်လားဗျာ။
Photo Curtsy: Original Uploader
(၅-ရက် အောက်တိုဘာ ၂၀၂၆၊ ထားဝယ် လောင်းလုံ ကားလမ်းအဆုံး၊ နာမည်ကျော် ရှင်မော်စေတီတော် အဝင်၊ ကြက်လွတ်ကျေးရွာ)

မူရင်းသတင်း — NP News