NP News

စစ်ရေး ပစ်မှတ်ဆိုတာ ဘာလဲ၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်နေရာများတွင် ချေမှုန်း ခြင်း (အတွေးအမြင် ဆောင်းပါး)

HtayOung (NP News)- အောက်တိုဘာ ၆
နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ (International Humanitarian Law - IHL) ပါ အဓိပ္ပါယ်ဖွင့်ဆိုချက် အ ရ စစ်ရေးပစ်မှတ် (Military Objective) ဆိုရာမှာ သက်မဲ့-သက်ရှိ နှစ်မျိုးစလုံး ဖြစ်နိုင်တယ်။ ရန်သူ့ဌာနချုပ်၊ လက် နက်တိုက်၊ စစ်ရေးမှာ အသုံးပြုနေတဲ့ ယာဉ်-တံတား စသည်တို့ဟာ သက်မဲ့စစ်ရေး ပစ်မှတ်ဖြစ်တယ်။
ရန်သူ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်ဘက်ခေါင်းဆောင်များဟာ သက်ရှိစစ်ရေးပစ်မှတ်များဖြစ်တယ်။ ရန်လို ပဋိပက္ခမှာ တိုက်ရိုက်ပါဝင်နေသူများဟာ စစ်မက်အတွင်း ပစ်မှတ်ထားခံရလိမ့်မယ်။ ရန်သူဘက်သားဖြစ် ကြောင်း ယူနီဖောင်းဝတ်ဆင်/အသုံးပြုသူ၊ ပြည်သူ့စစ်-ဗော်လံတီယာများလည်း ပါဝင်တယ်။
သက်ရှိ စစ်ရေးပစ်မှတ်ဆိုတာ ရန်သူခေါင်းဆောင် ဦးဖြူ ဦးနီ၊ သူလျှို မောင်မဲ၊ ထောက်ပို့ မောင်ညို စသည်တို့ ဖြစ်ပါတယ်။ ဘယ်သူဘယ်ဝါဆိုတာ ကာယကံရှင်က အတိအကျ သတ်မှတ်ထားတာရှိတယ်၊ (ဥပမာ အမေရိ ကန်စစ်တပ်အတွက် အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုစမာဘင်လာဒင်နဲ့ 9/11 ကို အမိန့်ပေးခဲ့သူများ၊ အမေရိကန်နိုင်ငံနဲ့ မဟာမိတ်တိုင်းပြည်တို့ရဲ့ အကျိုးစီးပွားကို အကြမ်းဖက် ဖျက်ဆီးသူ အစွန်းရောက်များ)
သက်မဲ့စစ်ရေးပစ်မှတ်များမှာ တစ်နေရာတည်းမှာ မရွှေ့မပြောင်း ဖြစ်နိုင်ပေမယ့် သက်ရှိပစ်မှတ်တွေကတော့ နေရာရွေ့ပြောင်းနေနိုင်ပြီး တိုက်ပွဲဖြစ်ပွားရာဇုန် ပြင်ပမှာ ရောက်ရှိနေနိုင်တယ်။ အဲ့ဒီအခါ ၎င်းတို့ရဲ့ စစ်ဘက်ဆိုင်ရာ အရေးပါမှုနဲ့ ၎င်းကို ဖျက်ဆီး/သိမ်းပိုက်/ပိတ်ပင်ခဲ့လျှင် သတ်မှတ်ထားတဲ့ စစ်ရေးအကျိုးအမြတ်ရရှိနိုင်တဲ့အခါ ပစ်မှတ်အဖြစ် ဆက်လက်တည်ရှိနေနိုင်တယ်။ တိုတိုရှင်းရှင်း ပြောရလျှင် သက်ရှိစစ်ရေးပစ်မှတ်များကို တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ နေရာများအထိ လိုက်လံ ချေမှုန်းလိမ့်မယ်။
သက်ရှိပုဂ္ဂိုလ်များလို့ ဆိုရာမှာ “စစ်ရေးပစ်မှတ်” လို့ အားလုံးကို သိမ်းကြုံးသတ်မှတ်လို့ မရပါ။ IHL အရ Combatant “ပါဝင်တိုက်ခိုက်သူ” နဲ့ Civilian “အရပ်သား” ခွဲခြားထားပြီး ဂျီနီဗာကွန်ဗင်းရှင်း ပရိုတိုကောမှာလည်း ပြဌာန်းထားပါတယ်။ စစ်တပ်အဖွဲ့ဝင်တွေ၊ အဖွဲ့အစည်းတစ်ခုရဲ့ စဉ်ဆက်မပြတ် တိုက်ပွဲဝင်တာဝန် (Continuous combat function) ထမ်းဆောင်သူတွေဟာ ပစ်မှတ်ပုဂ္ဂိုလ်တွေ ဖြစ်နိုင်ပါတယ်။ အရပ်သားတစ်ဦးအနေနဲ့ ရန်လိုပဋိပက္ခမှာ ကိုယ်ထိလက်ရောက် ပါဝင်နေစဉ် သာမန်အရပ်သားတစ်ဦးနဲ့ပတ်သက်တဲ့ ရပိုင်ခွင့်များ ဆုံးရှုံးသွားတယ်။ (ဆိုလိုတာ အရပ်သားဆိုပေမယ့် စစ်ရေးကိစ္စမှာ ကိုယ်ထိလက်ရောက် ပါဝင်နေခိုက် သူ့ဟာ ချေမှုန်းခံရနိုင်ခြေရှိတယ်)
“ပါဝင်တိုက်ခိုက်သူ” ဆိုတာ ဂျီနီဗာကွန်ဗင်းရှင်း ပရိုတိုကော (၁) အပိုဒ်-၄၃ အရ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ ရန်လိုပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ လက်နက်ကိုင်တပ်၊ အဖွဲ့များနဲ့ ယူနစ်များ အားလုံးပါဝင်ပါ တယ်။ ဒီလိုလူတွေဟာ လက်နက်ကိုင်ပဋိပက္ခမှာ ဖမ်းဆီးမိရင် စစ်အကျဉ်းသား (POW) အဖြစ် အကာအကွယ် တွေ ရရှိပါတယ်။
ပရိုတိုကော (၁) အပိုဒ် ၅၀ အရ တိုက်ခိုက်ရေးသမား မဟုတ်သူ အားလုံး ဂျီနီဗာကွန်ဗင်းရှင်း တတိယစာချုပ် သက်ဆိုင်ရာ စာပိုဒ်မှာ ဖော်ပြထားတဲ့ အုပ်စုဝင် မဟုတ်သူများဟာ အရပ်သားဖြစ်တယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကြီးကတော့ အရပ်သား ဟုတ်/မဟုတ် သံသယရှိသူတစ်ဦးကို အရပ်သားအဖြစ် သတ်မှတ် တယ်။
ဒီနေရာမှာ အလွန်အရေးကြီးတဲ့ ကန့်သတ်ချက်က ဂျီနီဗာကွန်ဗင်းရှင်းဆိုတာကြီး ထည့်ပြောနေပေယ့် အဲ့ဒီသဘောတူညီချက်ဟာ တိုင်းပြည်အချင်းချင်း လက်နက်ကိုင်ပဋိပက္ခ International Armed Conflict (IAC) ဖြစ်တယ်။ လက်ရှိမြန်မာဟာ အခြားတိုင်းပြည်နဲ့ မဟုတ်ပဲ ပြည်တွင်းလက်နက်ကိုင်အုပ်စုများကြား ပဋိပက္ခ Non-International Armed Conflict (NIAC) ဖြစ်တဲ့အတွက် ဂျီနီဗာကွန်ဗင်းရှင်း ပြဌာန်းချက်အချို့နဲ့ မသက်ဆိုင်ပါဘူး၊ “မျက်နှာချင်းဆိုင်လျင် နွားကျောင်းသား-ကျောခိုင်းလိုက်လျင် တိုက်ခိုက်ရေးသမား” ဖြစ်လေ့ ရှိတဲ့ ပြည်တွင်းစစ်များမှာ "တိုက်ခိုက်ရေးသမား" ဆိုပြီး ဥပဒေရေးရာ အဆင့်အတန်း မရှိပါဘူး။ လက်တွေ့ ခွဲခြား သတ်မှတ်ရတာ ပိုပြီးခက်ခဲတယ်။
ဒါ့အပြင် စာသင်ကျောင်း၊ ဆေးရုံ၊ စစ်ဘေးရှောင် အရပ်ဖက်အဆောက်အဦလို့ နာမည်တပ်ယုံနဲ့ IHL အရ စစ်ရေးနဲ့ မသက်ဆိုင်ဘဲ အထူးအကာအကွယ်ပေးရမယ်လို့ ဖြစ်မသွားပါဘူး။ Additional Protocol I, Article 52(3) က ပုံမှန်အရပ်ဖက် စာသင်ကျောင်းဆိုတာ စစ်ရေးအတွက် အသုံးပြုနေခြင်း ဟုတ်-မဟုတ် သံသယ ရှိလျှင် အရပ်ဘက် အဆောက်အအုံအဖြစ် ယူဆရမယ်။
ဒါပေမဲ့ စစ်ဌာနချုပ်၊ လက်နက်/ခဲယမ်းသိုလှောင်ရုံ၊ စစ်တန်းလျား၊ စစ်ဆင်ရေးအတွက် အရေးကြီး စစ်ဘက်ဌာနတစ်ခုခုအဖြစ် ထိရောက်စွာ အသုံးပြုနေင်္ပြီး အဲဒီအဆောက်အဦကို ဖျက်ဆီးခြင်းဖြင့် မိမိအတွက် တိကျတဲ့ စစ်ရေးအကျိုးအမြတ် ရရှိစေနိုင်ခဲ့လျင် စစ်ရေးပစ်မှတ် ဖြစ်လာနိင်တယ်။
စစ်ဆိုတာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ မရတဲ့အခါ အသုံးပြုတဲ့ အခြားနည်းဖြစ်တယ်။ ဒါကြောင့် စစ်မဖြစ်ရဘူးလို တားမြစ်တဲ့ နိုင်ငံတကာဥပဒေ/သဘောတူစာချုပ်များ မရှိပါ။ အခြားတစ်ဖက်မှာလည်း စစ်တိုက်ရင် လူသေတတ်ပေမဲ့ စစ်ပွဲဆိုယုံနဲ့ တရားဝင် လူသတ်ခွင့် ပြုထားခြင်း မရှိပါ။
စစ်ရေးပစ်မှတ်ဖြစ်နေလျှင် အရပ်သားသေဆုံး/ဒဏ်ရာရမှု၊ အရပ်ဘက်အဆောက်အဦ ပျက်စီးမှုအနည်းဆုံး ဖြစ် ပြီး အကျိုးအမြတ် ပိုမိုများပြားကြောင်း သေချာဖို့ လိုအပ်တယ်။ ဆေးရုံကို စစ်ရေးအသုံးပြုနေတယ်ဆိုယုံနဲ့ ချက်ချင်း ဗုံးကြဲတာမျိုး မဟုတ်ပဲ လုပ်ထုံးလုပ်နည်းတွေကို ဖြည့်ဆည်းရပြီး၊ အခြေအနေအချို့မှာ ကြိုတင်သတိပေးခြင်းနဲ့ အချိန်ပေးခြင်းများလည်း ပြုလုပ်တယ်။ အရပ်သားများအတွက် မသိ-နားမလည်နိုင်ပေမယ့် ဥပဒေပြဌာန်းပြီး တရားဝင်ဖွဲ့စည်းထားတဲ့ စစ်တပ်တွေမှာတော့ Rule Engagement (RoE) ထိတွေ့မှုဆိုင်ရာ စည်းမျဉ်းရှိ တတ်တယ်။
အဲ့ဒါဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေ မဟုတ်ပါ၊ စစ်တပ်တစ်ခု၊ စစ်ဆင်ရေးတစ်ရပ် သို့မဟုတ် တပ်ဖွဲ့တစ်ခုက မိမိတပ်ဖွဲ့ဝင်တွေ လိုက်နာရန် သတ်မှတ်တဲ့ စစ်ဆင်ရေးစည်းမျဉ်းဖြစ်တယ်။ ဘယ်သူ့ကို တရားဝင် စစ်ရေး ပစ်မှတ်အဖြစ် သတ်မှတ်နိုင်လဲ၊ ဘယ်အခြေအနေမှာ လက်နက်အသုံးပြုခွင့်ရှိလဲ၊ ကိုယ့်ကိုယ်ကို ခုခံရန် (self-defence) ဘယ်အတိုင်းအတာအထိ ပစ်ခတ်နိုင်လဲ၊ အရပ်သား ထိခိုက်နိုင်ခြေရှိရင် ဘယ်လိုလုပ်ရမလဲ၊ လက် နက်အမျိုးအစား တချို့ကို အသုံးပြုခွင့် ရှိ/မရှိ၊ လက်နက်၊ ယာဉ်၊ ပစ္စည်းတွေကို စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်း သို့မ ဟုတ် ဖြတ်သန်းခွင့်ပေးခြင်း စတာတွေကို အင်အားဘယ်လောက် ဘယ်အတိုင်းအတာထိ ပြုလုပ်နိုင်တယ် ဆိုတာ သတ်မှတ်ထားတယ်။
ပြည်တွင်းစစ်မှာ ရန်သူက အင်အားသုံးတဲ့အတွက် ဆုတ်ခွာပေးလိုက်ရတဲ့ မြို့ရွာများ၊ စာသင်ကျောင်း-ဆေး ရုံဆိုတာ အဓိပ္ပါယ်ဖွင့်ဆိုရန် ရှုတ်ထွေးတယ်။ မိမိရဲ့ ပညာရေး-ကျန်းမာရေးဝန်ထမ်း၊ ရုံးပစ္စည်းနဲ့ ဆေးဝါးကိရိ ယာများကို ဖျက်ဆီး/သယ်ယူလာခြင်းကြောင့် မိမိအတွက် အဲ့ဒီမှာ စာသင်ကျောင်း-ဆေးရုံဆိုတာ မရှိတော့ပါ။ အဲ့ဒီအခါ ဝင်ရောက် ထိန်းချုပ်သူအနေနဲ့စာသင်ကျောင်း-ဆေးရုံ-စစ်ဘေးရှောင်စခန်းဖြစ်ကြောင်း အခိုင်အမာ ပြောဆိုရန် စိန်ခေါ်မှုများ ရှိနေတယ်။

မူရင်းသတင်း — NP News