
ရခိုင်ပြည်နယ်၏မြို့တော်ဖြစ်သော စစ်တွေသည် ပြင်ပတွင် မည်သို့ပင်ရှိစေကာမူ အင်တာနက်စာမျက်နှာများ ထက်တွင်မူ နေ့ကျတော့မည်လော၊ ညကျတော့မည်လော အနေအထားမျိုးဖြင့် သတင်းမှားများစွာ ထွက်ပေါ်လေ့ ရှိသည်။ အမှန်တကယ် စစ်တွေ ဘေးကင်းပါသလော။ စစ်တွေ၏အလွန် ပုဏ္ဏားကျွန်းမြို့အလွန်က AA ထိန်းချုပ်ရာ နယ်မြေအခြေအနေက အဘယ်သို့ရှိပါသနည်း။ အဆိုပါအခြေအနေများနှင့် ပတ်သက်၍ စစ်တွေမြို့တွင် နေထိုင်သူ ရခိုင်ဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။
သုတကျော် (NP News) - နိုဝင်ဘာလ ၁
မေး - လက်ရှိအင်တာနက်စာမျက်နှာတွေထက်မှာ စစ်တွေဟာ ခဏခဏကိုပဲကျနေတယ်။ သူတို့ပြောသလို တကယ် ကောကျခဲ့သလားဆိုတဲ့မေးခွန်းကနေ စမေးရတော့မှာပဲ။
ဖြေ - စစ်တွေက တကယ်ကျသလားဆိုရင် မြေပြင်မှာဆို ကျစရာအကြောင်းမရှိဘူး။ အင်တာနက်မှာ ကတော့ အမြဲတမ်း ပဲကျနေတာ။
မေး - သတိထားကြည့်တဲ့အခါမှာ စစ်တွေနဲ့ပတ်သက်ပြီးတော့ ပြည်ပရောက်မီဒီယာတွေ၊ တစ်ဖက်အဖွဲ့အ စည်းတွေ ပုံဖော်နေကြတာ အဲဒီမြို့မှာနေတဲ့သူတွေက သံလှောင်ချိုင့်ထဲရောက်နေတယ်လို့ ပုံဖော်နေကြတယ်။ ဒါကို ဘယ်လိုမြင် ပါသလဲ။
ဖြေ - စစ်ပွဲမှာကတော့လေ ကျွန်တော်တစ်ခုပြောပြမယ်။ လှောင်ချိုင့်ထဲရောက်နေသလား။ စစ်ပွဲအနေ အထားအပေါ်မှာ မူတည်တာပေါ့။ လက်ရှိက ဒီစစ်တွေ မြို့ရဲ့အနေအထားကတော့ ရေလမ်းခရီးနဲ့ လေကြောင်းလိုင်းတစ်ခုပဲရတာလေ။ လေကြောင်းလိုင်း တစ်ခုပဲရတဲ့အခါကျတော့ အခက်အခဲတော့ရှိတာပေါ့။ ဟိုလိုမျိုးကြီး သံလှောင်ချိုင့်ထဲပိတ်ပြီးတော့ ဘယ်မှ မထွက်ရ၊ မလာရဆိုတာကတော့ မဟုတ်ပါဘူး။
မေး - တလောကဆို စစ်တွေမြို့နဲ့ပတ်သက်လို့ သတင်းမှားတွေဟာ အလွန်ကိုပဲ များပြားတာ မြင်ရပါတယ်။ မင်းချောင်း တံတားကို AA ဖြတ်နေပြီဆိုတာ မျိုးပေါ့။ ဒါနဲ့ပတ်သက်ပြီး ဘာများပြောချင်လဲ။ ဒါဟာ တမင်ကို ရည်ရွယ်ချက်ရှိရှိ သတင်းမှား အစုအဝေးတွေနဲ့ ဦးတည်ချက်ထားပြီး တိုက်တယ်ထင်လား။
ဖြေ - မှန်တယ်၊ မှန်တယ်။ သူက ဒီလို အဲဒီသတင်း မှားကိစ္စက ပြည်သူလူထုပေါ့၊ တခြားတစ်နေရာကို ရောက်နေတဲ့ ပြည်သူလူထုသော်လည်းကောင်း၊ နိုင်ငံခြားရောက်နေသူသော်လည်းကောင်း၊ ဘယ်သူ့ဘက်ပဲဖြစ်ဖြစ်ပေါ့။ အားလုံး စိတ်ဓာတ်ကို ဝေဝါးသွားအောင်လုပ်တဲ့နည်းပါ ဒီနည်းကတော့လေ။ အင်တာနက်တိုက်ပွဲ။ သူတို့က ဂရုနဲ့တိုက်တာ။ သိထားတဲ့ အနေအထားဆိုရင် သူတို့မှာ ဂရုရှိတယ်။ ဂရုတွေနဲ့ တိုက်နေကြတာ။ ဒီခုနကပြောတဲ့ ပုံရိပ်အမှားတွေပေါ့။ မင်းချောင်းတံတားဆိုတာက ရာမောင်တံတားလား မသိဘူး။ အဲဒါက တော်တော်ကြာပြီ။ အဲဒီအပေါ်မှာ တက်သွား တဲ့ဟာ။ ဒကစကို တိုက်ပွဲဆင်တယ်ဆိုတဲ့ အကွက်တွေလျှောက်လုပ်နေတာ အင်တာနက်မှာ။ စစ်တွေမြို့အနေအထားက ကပ်လို့တောင်မရဘူး ဖင်တောင် သီလို့မရဘူး။
မေး - ဆိုတော့ ကျွန်တော် တိတိကျကျလေး ထပ်မေး ချင်ပါတယ်။ စစ်တွေ ဒီဘက်အထွက် ကျားမသောက် တို့ဘာတို့ ဘက်လည်း သူတို့ရောက်သလိုလို ဘာလို လို သတင်းလွှင့်တယ်။ အခြေအနေကကော ဘယ်လို ရှိပါသလဲ။
ဖြေ - ဘာမှမဖြစ်ဘူး။ ဘာမှကိုမဖြစ်တာ၊ စိတ်ချ။ ဒီ မင်းချောင်းတံတားကိုကျော်လာပြီးလည်း ဘာမှလုပ် လို့မရဘူး။ ဒီဘက်ကို ပတ်လိုက်မယ်ဆိုရင် ရေချမ်းပြင်၊ ရေချမ်းပြင်က ဒီဘက်ကိုလည်းလာမရဘူး။ လျှောက်ပြောနေတာ။ စစ်တွေ မြို့မှာ ဘာမှမဖြစ်ဘူး။
မေး - တကယ်ကတော့ အခုလိုမေးတယ်ဆိုတာက စစ်တွေမြို့အခြေအနေကိုမသိကြတဲ့အခါ လိုတာ ထက်ကားပြောတာ မျိုးတွေကို တန်ပြန်ချင်တာမျိုးပါ။
ဖြေ - ဟုတ်တယ်၊ မှန်တယ်၊ မှန်တယ်။ ကျွန်တော်က မြေပြင်မှာနေနေတဲ့သူ။ သီတင်းကျွတ်လပြည့်နေ့ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် လွှတ်လို့ တအား တောင်မှ လူစည်သေးတယ်။ လမ်းတွေ ရှယ်လုပ်ထားတာ။
မေး - ဒီနှစ်သီတင်းကျွတ်ကလည်း စည်ကားခဲ့တာပေါ့။ ဒီလိုပြောလို့ရမလား။
ဖြေ - ရတယ်၊ ရတယ်။ ဘာလို့ရလဲဆိုတော့ ညက လူပြည့်တယ်၊ ဘုရားပေါ်ကို ကျွန်တော်တို့တောင် တက်လို့မရဘူး။ ပြည်သူလူထုနဲ့ ပြည့်နေလို့။ လောကနန္ဒာဘုရားတို့၊ ကမ်းနားလမ်းတို့ဆို လူပြည့်နေတာ။
မေး - တလောက AA က စစ်တွေမှာ ဒရုန်းနဲ့ ဗုံးသီး လာချသေးတယ်ဆိုတော့ လုံခြုံမှုအခြေအနေကို ဘယ်လိုမြင်ရလဲ။
ဖြေ - အဲဒါက ဒီလိုရှိတယ်။ အဲဒီ Drop bomb ချတာက ပြည်သူလူထုကို ထိတ်လန့်အောင်လုပ်တာ။ အဲဒါကြောင့်လည်း ပြည်သူလူထုထဲချခဲ့တာပေါ့။ အဲဒီ လိုပုံစံမျိုးပါ ထိတ်လန့်အောင်လုပ်တာပါ။
မေး - AA ဟာ ရခိုင်အတွက်လို့ ယုံသလား။
ဖြေ - မဖြစ်နိုင်ဘူး။ AA ဟာ ရခိုင်အတွက်ဆိုရင် ရခိုင်ပြည်သူလူထုအပေါ် ပြန်ပြီးတော့ ဗုံးချမလား စဉ်း စားရမယ်။ AA ဟာ ရခိုင်အတွက်မဟုတ်တာ သေချာနေပြီ။
မေး - ဆိုတော့ AA အပေါ် ရခိုင်ပြည်သူတွေရဲ့ သဘောထားက ဘယ်လိုရှိလဲ။
ဖြေ - ဘယ်လိုရှိမလဲ၊ အခုလက်ရှိအခြေအနေမှာတော့ ပြည်သူလူထုက ဒီ AA ကြောင့် AA လုပ်လို့ ဘဝတွေ ပျက်ခဲ့ရ တယ်။ အိုး၊ အိမ်တွေစွန့်ခွာရတယ်၊ လူတွေသေကျေရတယ်ဆိုတဲ့အယူအဝါဒကိုတော့ အများကြီးလက်ကိုင်ထား လာကြတယ် အခုနောက် ပိုင်းကတော့။
မေး - ဆိုတော့ အခုနောက်ပိုင်း AA ရဲ့ ရဲလို့ခေါ်မှာပေါ့ DLEPS လေ။ သူတို့ကိုကော ဘယ်လိုမြင်လဲ။
ဖြေ - သူတို့ဘက်မှာလုပ်နေတဲ့ DLEPS ကလည်း အင်တာနက်မှာ သတင်းတွေထွက်နေပြီ။ သူတို့ ဖမ်း ဆီးချင်တဲ့ ဥပဒေတွေနဲ့ ဖမ်းဆီး၊ လုပ်ချင်တာတွေ လျှောက်လုပ်နေတာပေါ့ အဲဒီ DLEPS တွေက။
မေး - နောက် စိတ်ဝင်စားတာရှိသေးတယ်။ သူတို့က အစိုးရရဲ့ ရာဇသတ်ကြီးဥပဒေတွေကို ပြန်ကိုးကားတာ တွေ့ရတယ်။
ဖြေ - မှန်တယ်၊ မှန်တယ်။ ဒီအစိုးရကထုတ်ပေးထားတဲ့ ရာဇသတ်ကြီးဥပဒေတွေကိုကိုးကားပြီးတော့ သူ တို့ဘာသာ သူတို့ ရွှီရှောင်လုပ်ထားတာပါ။ သူတို့ ရေးဆွဲထားတဲ့ဥပဒေ မဟုတ်ပါဘူး။ သူများစာအုပ်ပေါ်မှာ တက်ထိုင်ပြီးတော့ လုပ်နေတဲ့အလုပ်ပါ။
မေး - နောက်မေးခွန်းတစ်ခုကပေါ့လေ တချို့ကပြောတယ်။ ရခိုင်မှန်ရင် AA လို့ဆိုတယ်။ ဒါက မှန်တယ်လို့ ထင်ပါ သလား။
ဖြေ - အဲဒါကလေ ဒီစကားက ဘယ်သူကစပြောတာ လဲဆိုရင် ခိုင်သုခ၊ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ AA က။ ရခိုင်သားမှန်ရင် AA ဆိုတဲ့စကားက မှားပါတယ် လက်မခံပါဘူး။ ရခိုင်သားမှာလည်း AA စိတ် ရှိတဲ့သူက AA ပါ။ AA စိတ်မရှိဘဲနဲ့နေတဲ့ ရခိုင်သား သတ်သတ်ကိုရှိပါတယ်။ သူတို့အခု ထိန်းချုပ်ထားတယ်ဆိုတဲ့နယ်မြေတွေမှာလည်း တကယ့် ရခိုင်သားတွေ AA မဟုတ်တဲ့သူတွေ အများကြီးရှိတယ်။ သူတို့ကလည်း လက်မခံဘူး။ ဒီဘက်မှာရှိနေတဲ့ စစ်တွေ မြို့ပေါ်မှာရှိနေတဲ့လူတွေထဲမှာလည်း AA စိတ်ရှိတဲ့ သူလည်းရှိနိုင်ပေမယ့် ခုနကပြောသလို AA နဲ့ ရခိုင်သားနဲ့က သတ် သတ်စီပါ။
မေး - ဒီနောက်ပိုင်း AA ခေါင်းဆောင် အဂတိနဲ့ပတ် သက်လို့ တော်တော်လေး သတင်းတွေထွက်လာတယ်။ အနီးစပ်ဆုံး ဆို AA ရဲ့ စစ်ဒေသမှူးအဆင့်ရှိသူတစ် ယောက်ရဲ့တူမလား ရခိုင်ပြည်နယ်ပြင်ပထွက်ဖို့လုပ် တာမိပေမယ့် ဆွေမျိုးတော် နေလို့ ပြန်လွှတ်ပေးတယ် ဆိုတာ။ အဂတိက တကယ်ပဲများသလား။
ဖြေ - အများကြီး။ အများကြီးကိုမှ ပုံနေတာ။ အဲဒီ အမှုတွေက အများကြီးပဲ။ နီးစပ်ရာ၊ နီးစပ်ရာတွေ သူ တို့သူတို့ချင်း ချင်းဖြစ်နေတဲ့ ခြစားတဲ့ပြဿနာတွေ အများကြီး။
မေး - ဆိုတော့ ဥပမာတစ်ခုလောက် ပေးပေးပါလား။
ဖြေ - ဒီမှာ ပေါက်တောဘက်မှာ လူကုန်ကူးမှုဆိုပြီးတော့ သူတို့တရားစွဲကြတယ်။ ရန်ကုန်ကိုလာပြီး ကျောင်းလည်း တက်ချင်တယ်။ ကျောင်းမတက်ရတဲ့ သူလည်းရှိတယ်။ ကျောင်းတက်ရတဲ့သူလည်း ရှိတယ်။ လူ (၁၀)ယောက်ကျော် လောက်ကို ဒီပေါက် တောကနေပြီးတော့ ရန်ကုန်ကိုပို့တယ်။ ဥပမာ ရန်ကုန်ကိုပို့တဲ့အခါမှာ လမ်းမှာဖမ်းမိရင် ဒီ AA နဲ့ နီးစပ် တဲ့လူတွေကျတော့ လွတ်သွားတယ်။ AA နဲ့မနီးစပ်တဲ့ လူတွေကျတော့ ဖမ်းတယ်။ အမှုတပ်တယ်။ ထောင်ချ တယ်။ သူတို့က သူတို့ပုံစံနဲ့သွားနေတာ အဆင်မပြေပါဘူး။
မေး - သူတို့ ထိပ်ပိုင်းဖွဲ့စည်းပုံကို ဘယ်လိုမြင်လဲ။ ‘ဝ’ ပုံစံ သွားနေတယ်ထင်လား။
ဖြေ - ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲပြောတော့မယ် ရူးနေကြတာ၊ ရူးနေကြတာ။ သူများက ‘ဝ’ ဆိုတဲ့ အမျိုးက အချိန် ကာလအများကြီးပေးဆပ်ပြီးမှ ဒီ ‘ဝ’ ဆိုတဲ့တစ်ခုကို သူတို့ထောင်တာ။ ဒီမှာက ရခိုင်ပြည်က နှစ်ပေါင်း အတိုအတွင်း လေးမှာကောက်လုပ်နေတာ။ အခုဖြစ်နေတာတွေက ဗရမ်းပတာတွေ၊ ဘာတစ်ခုမှ အကောင်အထည်ပေါ်နေတာ မဟုတ်ဘူး။
မေး - ကျွန်တော်ကြားထားသလောက်ဆို ကျောက်တော် ဒါမှမဟုတ် မြောက်ဦးက AA ရဲ့ မြို့တော်လိုဖြစ် နေတယ်ဆို။ ဗဗ အားကောင်းတဲ့မြို့ပေါ့။
ဖြေ - အားကောင်းတဲ့မြို့ဆိုတာက ဒီမြောက်ဦးက ကျလို့ရှိရင် UNESCO ဝင်ထားပြီးသားလေ။ ဒီ UNESCO ဒေသကို အစိုးရအနေနဲ့ တိုက်ခိုက်မှုလုပ် လို့ရှိရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး မြောက်ဦးလို နေရာမျိုးကို ခြေကုပ်ယူထားတာ။
မေး - AA ထိန်းချုပ်ဒေသမြို့တော်က မြောက်ဦးမြို့ ဖြစ်နေတာပေါ့။
ဖြေ - သူတို့မြို့တော်လိုဖြစ်နေတာ။ ဘာလို့လဲဆိုတော့ တကယ်လို့ တိုက်ခိုက်မှုလုပ်တယ်ဆိုလို့ရှိရင် ရှေး ဟောင်းဘုရား တွေရှိတဲ့ဒေသဖြစ်တဲ့အခါကျတော့ ပျက်စီးမှုတွေများမှာလေ။ ဆုံးရှုံးမှုတွေများမှာ။ သူတို့က အဲဒီလိုနေရာမျိုးမှာ အခွင့် အရေးယူထားတာပေါ့။
မေး - ဒီနောက်ပိုင်း လူမှုကွန်ရက် TikTok စာမျက်နှာတွေမှာတွေ့ရတာက ဘာလဲဆိုရင် AA က အမျိုးသမီးတွေကိုပါ တပ်သားသစ်စုတယ်ဆိုတာလေ။ အဲဒါကော တကယ်ပဲလား။
ဖြေ - အကုန်ခေါ်တယ်၊ အကုန်ခေါ်တယ်။ မိန်းက လေးရော၊ ယောကျာ်းလေးရော သူတို့မသိတော့ဘူး အခုအချိန်မှာ။ ဗရမ်းပတာတွေဖြစ်နေပြီ။ ဖရိုဖရဲတွေ ဖြစ်နေတဲ့အခါကျတော့ အကုန်တွေ့တဲ့လူကိုကောက်ခေါ်တာ။
မေး - AA ထိန်းချုပ်နယ်မြေထဲက စီးပွားရေးအခြေ အနေက ဘယ်လိုရှိပါသလဲ။
ဖြေ - မမြင်ရဘူးဆိုတော့ ကိုယ်တို့က ဒီမှာ လက်ရှိ ကြားနေရတာကတော့ ဆိုးဆိုးရွားရွားပဲကြားတယ်။ အစားအသောက် အခက်အခဲက တအားရှိတယ်။ လုံးဝအဆင်မပြေဘူး။ တချို့ ရွာတွေ၊ မြို့တွေမှာဆိုရင် အခုစစ်ဆင်ရေးတွေလုပ်နေတော့ လက်နက်ကြီး ကျည်ကြီးကျတာတို့ဘာတို့နဲ့ ပြည်သူတွေလည်း အပြေးအလွှားဖြစ်နေတာ။ ဟိုဘက်မှာက လုပ်စားဖို့ လည်းအဆင်မပြေဘူး။ မြေပြင်သတင်းအရပေါ့။
မေး - AA ကို ဆရာတင်မိတာမှားသွားတယ်လို့ ဆို နိုင်မလား။
ဖြေ - မှန်တာပေါ့ ၊ ဆရာတင်မှားသွားတာပေါ့။ အခုမှ နောင်တရတဲ့သူတွေလည်း အများကြီးပါ။
မေး - နောက်တစ်ခုက ပေါက်တောနဲ့မင်းပြားကို နာမည်ပြောင်းတဲ့ကိစ္စပေါ့လေ။ ဥပမာအားဖြင့် ပေါက်တောဆို ဝီရဌာနီပေါ့လေ။ ရခိုင်တိုင်းရင်းသားတစ် ယောက်အနေနဲ့ လက်ခံလား။
ဖြေ - ဝီရဌာနီ၊ ရူးနေတာ။ ရူးနေတဲ့သူက ပြောချင်တာ ပြောမှာပေါ့နော်။ မဖြစ်နိုင်တဲ့ဟာတွေပါ။ ကိုယ့်ရခိုင် သားအချင်းချင်းတောင် ဝီရဌာနီလို့မခေါ်တဲ့သူတွေ အများကြီး။ ပေါက်တောက ပေါက်တော၊ မင်းပြားက မင်းပြားပဲဟာ။ ဟိုး ပဝေသဏီကတည်းကနာမည်တွေပဲဟာ။ အခုကျမှ ဝီရဌာနီတို့ဘာတို့လုပ်တာ။
မေး - မြို့နယ်တစ်ခုနဲ့တစ်ခုက ဖြတ်လို့ကောလွယ်လား။ AA ထိန်းချုပ်နယ်မြေမှာလေ။
ဖြေ - အခုဒီဘက်က ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင် သုံးမြို့နယ်ကနေ ဟိုဘက်ကို ကျော်လွန်သွား ရင် ဖြတ်ခွင့်မရဘူး။ ဖြတ်ခွင့်ရရင်လည်း ငွေနဲ့ဖြတ်ရတာ။ အလကားဖြတ်လို့မရဘူး။ ဟိုဘက်ရွာနဲ့ ဒီဘက် ရွာသွားပြီးဆေးကုမယ်ဆိုရင် တောင်မှ AA ကို အခွန် ဆက်ပြီးမှ သွားပြီးဆေးကုလို့ရတာ သူတို့ဆီမှာက။
မေး - ငွေဒီလောက်ရှာနေပုံထောက်ရင် သူတို့ဟာ ငွေကြေးအတော်လိုအပ်နေတယ်လို့ယူဆရမယ် ထင်တယ်။
ဖြေ - လိုအပ်တယ်။ အကျိုးစီးပွားအတွက် လိုအပ်နေတာ။ ပြည်သူအတွက်လိုအပ်နေတာ မဟုတ်ဘူး။
မေး - AA က ရခိုင်ကုန်သည်ကြီးများအသင်းတို့ ဘာတို့ ဖွဲ့ထားသေးတယ်နော်။ AA က သူတို့ ထိန်းချုပ်နယ်မြေမှာ စီးပွားရေးလုပ်မယ့်သဘောပေါ့။ အဲဒီအခြေအနေကကော ခင်ဗျ။ ရခိုင်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌက ထွန်းမြတ်နိုင်ရဲ့ ယောက္ခမ ဦးစံကျော်လှ မဟုတ်လား။
ဖြေ - ဦးစံကျော်လှကတော့ အခုလောလောဆယ် ကုန်သည်ကြီးများအသင်း ဖွဲ့၊ မဖွဲ့တော့မသိဘူး။ ကျန်တာတွေကတော့ အခုလုပ်နေတဲ့အလုပ်က သူက အိန္ဒိယဘက်ကို၊ မီဇိုရမ်ဘက်ကို သူက အပိုင်စား ယူထားတာ။ သူ့လက်မှတ်မပါဘဲနဲ့ မီဇိုရမ်ကိုကျော် လို့မရဘူး။ ကုန်သည်ကြီးများအသင်းဖွဲ့ထားတာ တော့ ဖွဲ့ထားတာပဲ၊ သူ့လက်မှတ်မပါရင် ကျော်လို့မရ တာ ဘာစီးပွားရေးလဲ စဉ်းစားသာကြည့်ပေတော့။
မေး - ဆိုတော့ AA ခေါင်းဆောင်တွေက အကျိုးစီးပွားတွေကို ချုပ်ကိုင်ထားတယ်ပေါ့။
ဖြေ - သေချာတာပေါ့၊ အဲဒီ သူတို့အမျိုးတွေမှန်သမျှ ဘယ်မှာလဲမေးကြည့်ပါဦး။ ဘယ်တွေမှာလဲ အခု AA ထိပ်ပိုင်း ခေါင်းဆောင်တချို့ ဘယ်မှာနေကြလဲလို့။ စစ်ပြင်တဲ့နေရာမှာနေတာလား၊ နိုင်ငံခြားမှာနေတာလား။
မေး - အောက်ခြေကလူတွေကတော့ အသုံးချခံနေရ တာပေါ့။
ဖြေ - ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့သားသမီးတွေ မှန်သမျှ နိုင်ငံခြားမှာနေပြီးတော့ ခေါင်းဆောင်တွေက ဗုံးသီးမလာမယ့် နေရာ၊ လေယာဉ်မလာမယ့်အခန်းထဲ မှာထိုင်ပြီးတော့ အမိန့်ပေးနေတဲ့အဖွဲ့ပဲဟာကို။
အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။