NP News

“ပြည်မနိုင်ငံရေးမပြေလည်မှုကနေပြီးတော့ စတင်ပေါက်ဖွားလာခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခရဲ့ နောက် ဆက်တွဲရိုက်ခတ်မှုတွေပဲဖြစ်တယ်”

တစ်နိုင်ငံလုံးငြိမ်းချမ်းရေး နှင့် ကရင့်ငြိမ်းချမ်းရေးတွင် မျှခြေလိုသလော၊ မလိုသလော

သုတကျော် (NP News) - အောက်တိုဘာ ၁၃

ပြီးခဲ့သည့် စက်တင်ဘာလနောက်ဆုံးပတ်တွင် ရန်ကုန်မြို့၌ NSPNC နှင့် 7 EAO Allianceတို့ တွေ့ဆုံခဲ့သည်။ နှစ်ဖက်တွေ့ဆုံမှုများ အဘယ်မျှ ခရီးပေါက်နေပါသနည်း။ တစ်ဖက်တွင် ယင်း 7 EAO Alliance အတွင်းက အဖွဲ့အစည်းတစ်ခုဖြစ်သော KNU/KNLA-PC အနေဖြင့် ကရင်ငြိမ်းချမ်းရေးအပေါ် မည်သို့ ရှုမြင်ပါသနည်း။ အဖြေကား အဘယ်နည်း။ အဆိုပါအချက်များနှင့်ပတ်သက်၍ KNU/KNLA-PC မှတာဝန်ရှိသူတစ်ဦးဖြစ်သော ဗိုလ်မှူးချုပ် စောကျော်ညွန့်နှင့်ဆက်သွယ်မေးမြန်းထားသည်များကို ဖော် ပြအပ်ပါသည်။

မေး - ပထမဦးဆုံးမေးချင်တာက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဗိုလ်မှူးချုပ်တို့ 7 EAO Alliance နဲ့ NSPNC နဲ့ တွေ့ခဲ့ပါတယ်ခင်ဗျာ။ ဆိုတော့ အဲဒီမှာ ဘာတွေဆွေးနွေးခဲ့လဲ။ ဒီအပေါ်မှာ စိတ်ကျေနပ်မှုရှိပါသလား။
ဖြေ - (၂၉)၊ (၃၀) ပေါ့ဗျာ။ ရန်ကုန် အရင်တုန်းက MPC အဆောက်အအုံမှာပဲ။ အခုကတော့ NSPNC ပေါ့ ဗျာ။ အဲဒီမှာ ကျွန်တော်တို့ (၂) ရက်တာ တွေ့ဆုံဆွေးနွေးပါတယ်။ ကျွန်တော်တို့ဘက်ကတော့ EAO Alliance ရဲ့ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ပေါ့ဗျာ။ အစိုးရဘက်ကျတော့ NSPNC ပေါ့။ ကျွန်တော်တို့ တွေ့ ဆုံတာကတော့ ဒါနဲ့ဆိုရင် (၃)ခါမြောက် ရှိပြီပေါ့ဆရာရယ်။ ဒါ တတိယအကြိမ်တွေ့ဆုံမှုလို့ ပြောလို့ရပါ တယ်။ ပြီးခဲ့တဲ့တွေ့ဆုံမှု (၂)ကြိမ်ကတော့ နေပြည်တော်မှာဖြစ်တာပေါ့ဗျာ။ ဒီတစ်ကြိမ်ကတော့ အရွေ့ တစ်ခုအနေနဲ့ ကျွန်တော်တို့ ရန်ကုန်မှာတွေ့ဆုံနိုင်ခဲ့တယ်။ အဲဒါကလည်း ဒါ အရွေ့တစ်ခုပေါ့ဗျာ။ ကျွန် တော်တို့ အခုတွေ့ဆုံဆွေးနွေးတဲ့အခြေအနေက တချို့လူတွေအထင်မှားကြတယ်ဗျ။ ကျွန်တော်တို့ရဲ့ ဒီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိစ္စတို့၊ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿ နာတွေကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနဲ့ အဖြေရှာတော့မှာလို့ အဲဒီလောက်ထိ ကျွန်တော်တို့မလုပ်နိုင် သေးဘူး။ ကျွန်တော်တို့ အခုလုပ်နိုင်တာက ဘာလဲဆိုရင် လက်ရှိကျွန်တော်တို့နိုင်ငံမှာ စစ်ရေးပဋိပက္ခ တွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတဲ့အချိန်မှာ ဒီစစ်မီးပဋိပက္ခထဲမှာ ပါတဲ့သူရော၊ မပါတဲ့သူရော ဒီ နိုင်ငံရဲ့ နိုင်ငံရေးပြဿနာကိုဖြေရှင်း အဖြေရှာတဲ့နေရာမှာ မပါမဖြစ် ပါသင့်ပါထိုက်တဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ အဆင်ပြေပြေနဲ့ လိုက်ပါဆောင်ရွက်နိုင်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုကို ဘယ်လို အစဖော်ပြီး တော့လုပ်ဆောင်နိုင်မလဲဆိုတာကို နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းပြီးတော့ အဆိုပြုတင်ပြတာပဲ ရှိ ပါသေးတယ် ခင်ဗျ။ ခုနက ကျွန်တော်ပြောတဲ့ကိစ္စကတော့ လက်ရှိကျွန်တော်တို့နိုင်ငံရဲ့ ပကတိအခြေ အနေက သာမန်အခြေအနေမဟုတ်ဘူး။ ဒီလောက် စစ်ရေးပဋိပက္ခ ကြီးမားကျယ်ပြန့်စွာ ဖြစ်ပွားနေတဲ့ ကာလဆိုတာလည်း ကျွန်တော်တို့နိုင်ငံမှာ ဒီတစ်ကြိမ်ပဲရှိမှာပါ။ သို့သော်လည်းပဲ ဒီစစ်ပွဲကလည်း ဘယ် အချိန်မှ လျှော့ချလို့ ရမလဲ၊ ဘယ်အချိန်မှရပ်တန့်လို့ရမလဲ၊ ဒီ (၅)နှစ်တာ ကာလအတွင်းမှာ ကျွန်တော်တို့ ပြည်သူလူထုကြီးကလည်း အများကြီး အနစ်နာခံခဲ့ရတယ်၊ ပေးဆပ်ရတာတွေလည်း မရေမတွက်နိုင် အောင် ရှိနေပြီးသားကာ လတစ်ခုအောက်မှာ ကျွန်တော်တို့က စစ်ပွဲပြီးတဲ့အထိစောင့်နေဖို့ကတော့ မဖြစ် တော့ဘူး။ စစ်ပွဲကတော့ သူဟာနဲ့သူသွားနေကြလိမ့်မယ်၊ သို့သော်လည်းပဲ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကိုလည်းပဲ တစ်ချက်တည်းမဟုတ်သည့်တိုင်အောင်မှ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ပဋိပက္ခထဲမှာ ပါဝင် ပတ်သက်နေတဲ့လူတွေ လိုက်ပါ နိုင်မယ့်ပုံစံလေးတစ်ခု၊ အခင်းအကျင်းလေးတစ်ခုကို ကျွန်တော်တို့ ဘယ်လိုအစပြုလို့ရနိုင်မလဲဆိုတာကို ဒါ ပထမဦးဆုံးငြိမ်းချမ်းရေးတံခါးကို စခေါက်တယ်လို့ပဲ ပြောလို့ရ ပါမယ်ခင်ဗျ။ ကျွန်တော်တို့တွေ့ဆုံမှု (၃) ကြိမ်စလုံးပေါ့လေ။ ဆိုတော့ကာ ကျွန်တော်တို့ EAO Alliance ဘက်မှာ ကျွန်တော်တို့တင်ပြတာကတော့၊ ဆိုပြုတာကတော့ လက်ရှိအခြေအနေအရ ယခင် NCA လမ်း ကြောင်းအတိုင်း၊ NCA ယန္တရားအတိုင်း၊ NCA စုဖွဲ့မှုအတိုင်းက အရမ်းကိုခက်လိမ့်မယ်။ ခရီးရောက်ဖို့က လည်း ဒါ မလွယ်သလောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ဘက်က အဆိုပြုခဲ့တာကတော့ NCA ရဲ့အနှစ်သာရကို အခြေခံသောငြိမ်းချမ်းရေးလုပ်ငန်းစဉ်။ NCA အနှစ်သာရဆိုတာကတော့ နံပါတ် (၁) နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ဖြေရှင်းရေး၊ နံပါတ် (၂)၊ သက်ဆိုင်သူများ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေး၊ နံပါတ်(၃)၊ အရပ်သားများကိုအကာ အကွယ်ပေးရေးပေါ့ဗျာ။ ကျွန်တော်တို့ဘက်က အဲဒီလိုမျိုးအဆိုပြုခဲ့တယ်၊ NCA အနှစ်သာရကိုအခြေခံ သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဒါကျွန်တော်တို့အဆိုပြုခဲ့တယ်၊ တစ်ဖက်ကလည်း နားထောင်ပေးတယ်၊ ထိုနည်းတူ ဒုတိယအ ကြိမ်တွေ့ဆုံမှုကျတော့ ပြီးခဲ့တဲ့ဇူလိုင်လပေါ့။ NSPNC ဘက်ကလည်း အဆိုပြုခဲ့ တာရှိပါတယ်။ အတိုကောက် သူတို့ခေါ်တာကတော့ NCA Plus ပေါ့ဆရာရယ်။ အပြည့်အစုံခေါ်မယ် ဆို ရင်တော့ NCA ရဲ့အနှစ်သာ ရနဲ့အောင်မြင်မှုကိုအခြေခံပြီး အားလုံးလိုက်ပါနိုင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ် မူဘောင်တစ်ခု။ အဲဒါကို လည်းပဲ သူတို့ အဆိုပြုတာရှိပါတယ်ခင်ဗျ။ ဆိုတော့ နှစ်ဖက်အဆိုပြုမှု အပေါ်မှာ ကြည့်လိုက်မယ်ဆိုရင် တူညီတဲ့အချက်တစ်ချက်ကဘာလဲဆိုရင် ကျွန်တော်တို့က လက်ရှိ နိုင်ငံ ရေးပကတိအခြေအနေအရ NCA အတိုင်း၊ NCA အစုအဖွဲ့၊ NCA ယန္တရား၊ NCA သဘောတူညီချက် အ တိုင်းသွားမယ်ဆိုရင် ဒီနိုင်ငံရဲ့ပြဿနာကိုဖြေရှင်းဆောင်ရွက်ဖို့အတွက် ဒါဖြစ်နိုင်ခြေက အရမ်းကို ခက်ခဲ လိမ့်မယ်၊ နားလည်မှုက တူတယ်လို့တော့ပြောလို့ရပါတယ်။ ကျွန်တော်တို့ ဘက်က NCA အနှစ်သာရ (၃)ချက်၊ ဟိုဘက်ကျတော့ NCA Plus ကျပေါ့လေ။ ပုံသဏ္ဌာန်ချင်းအားဖြင့်တော့ အများကြီးကွာဟ တယ်လို့တော့ မမြင်ပေမယ့် စာအသုံးအနှုန်းအရပဲဖြစ်ဖြစ်၊ အရေးအသားအရပဲဖြစ်ဖြစ် ဟိုအဓိပ္ပာယ် ဖော် ဆောင်တဲ့နေရာမှာ ဝိဝါဒ ကွဲပြားစရာမတူညီတဲ့အချက် (၄)၊ (၅)၊ (၆) ချက်တော့ရှိပါတယ်။ အဲဒီအချက် တွေကိုလည်းပဲ ပြီးခဲ့တဲ့ ဆရာပြောတဲ့ စက်တင်ဘာ (၂၉)၊ (၃၀) ရက်နေ့ အစည်းအဝေးမှာဆိုရင်လည်းပဲ ကျွန်တော်တို့နှစ်ဖက် အဆိုပြုမှုအပေါ်မှာ မတူညီတဲ့အချက်တွေကိုလည်းပဲ ကျွန်တော်တို့ နှံ့နှံ့စပ်စပ် ဆွေးနွေပြီးတော့ အပြန်အ လှန် တိုင်ပင်၊ ညှိနှိုင်းပြီးတော့ ပြောဆိုနိုင်တဲ့အခင်းအကျင်းရှိပါတယ် ဆိုတာ ကိုတော့ ပြောလို့ရပါတယ်။
မေး - နောက်တစ်ခါထပ်တွေ့တဲ့အခါ ဆွေးနွေးမှုတွေက အရှိန်မြင့်လာမယ်လို့ထင်လား။ ကွာဟမှုတွေ ကောရှိနေလား။ အရင်နဲ့စာရင်ပေါ့။
ဖြေ - မှန်ပါတယ်ဆရာ။ ဒီအခြေအနေကတော့ ကျွန်တော်တို့အရင်တုန်းကကြုံခဲ့တဲ့အခြေအနေနဲ့တော့ အများကြီး ကွာဟမှုရှိပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၅)၊ (၂၀၁၆) ပေါ့လေ။ အဲဒီကာလတွေမှာ ကျွန်တော်တို့က NCA သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးတယ်၊ ကျွန်တော်တို့ ဒီမှာ မှတ်မှတ်ရရပေါ့ဆရာရယ်၊ NCA သဘောတူစာချုပ်ကိုပြုစုတဲ့ (၂၀၁၃)၊ (၂၀၁၄)လိုမျိုးရှိရင် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး မဟုတ်သည့်တိုင်အောင်မှ အားလုံးနီးပါး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက် မှုတွေရှိတယ်ဆိုတဲ့ အားသာချက်တွေက မမေ့နိုင်စရာတွေပါ။ သို့သော်လည်းပဲ အကြောင်းကြောင်း ကြောင့် ကျွန်တော်တို့ (၂၀၁၅) လက်မှတ်ထိုးတဲ့အခါမှာ မစုံမလင်ဖြစ်သွားတယ်၊ Nationwide လို့ ပြော သော်လည်းပဲ ကျွန်တော်တို့က (၈) ဖွဲ့၊ (၁၀)ဖွဲ့နဲ့စပြီးတော့ ကျန်တဲ့အဖွဲ့တွေပါလာမလား၊ မပါလာ မလား နဲ့ NCA ကို အကောင်အထည်ဖော်ခဲ့တယ်။ အကောင်အထည်ဖော်ရင်းနဲ့ပဲ ဆရာတို့သိတဲ့ အတိုင်းပဲ (၂၀၂၁) ၊ ဖေဖော်ဝါရီလထဲမှာပဲ ကျွန်တော်တို့က NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်တွေ အကုန် လုံးရပ်ဆိုင်းသွားတာ ဒီနေ့အထိပါပဲ။ ဆရာတို့ သိရှိပြီးသားဖြစ်မှာပါ။ အဲဒီတုန်းက ကျွန်တော်တို့က ဒီ NCA ကို လက်မှတ်ရေးထိုးခဲ့တယ်ဆိုတာကလည်း NCA ဆို တာက သူ့နာမည်အရက တစ်နိုင်ငံလုံး ပစ် ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လို့ဆိုပေမယ့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲပြီးတဲ့နောက်မှာ ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်းများစွာအမြစ်တွယ်လာခဲ့တဲ့ ဒီနိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာဖို့လုပ်ငန်းစဉ်တွေ၊ မူဘောင်တွေ၊ နောက် ယန္တရားတွေ အဲဒီထဲမှာ တစ်ခါ တည်း တိတိကျကျကို ရေးသားအတည်ပြုထားပြီးတော့ ဆောင်ရွက်ရတဲ့လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် ကြောင့်မို့ အဲဒီအချိန်တုန်းက ဒါငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက ဘယ်လိုပြောမလဲဆိုရင် အဆင်ပြေတာ ပေါ့ဗျာ ရှောရှောရှူရှူဖြစ်တာပေါ့ဗျာ။ သို့သော်လည်းပဲ ဆရာသိတဲ့အတိုင်းပဲလေ ကျွန်တော်တို့နိုင်ငံမှာ ဆိုရင် မကြုံဖူးဘူး။ ဒီလောက် စစ်ရေးဘောင် ကြီးမားကျယ်ပြန့်တာ ဒီတစ်ကြိမ်ပဲရှိမယ်ထင်တယ်။ ဒီ ကြားထဲမှာ NCA ထိုးထားပြီးတော့ ဒီ NCA ထဲကနေ ပြန်လည်ပြီးတော့ ထွက်ခွာသွားတဲ့အဖွဲ့အစည်းတွေ လည်းရှိတယ်။ နောက်ပြီးတော့ ဒီ NCA ကို ဆက်လက်ပြီးတော့ထိန်းသိမ်းထားတဲ့အဖွဲ့တွေထဲမှာလည်း ကိုယ့်တစ်ဖွဲ့ အချင်းချင်းကြားထဲမှာ ကွဲထွက်တာတို့၊ ခွဲထွက်တာတို့လည်း အများကြီးရှိ တယ်လေဆရာ။ ဒါကျွန်တော်တို့ ဘယ်လိုမှလွန်ဆန် လို့မရတဲ့ရိုက်ခတ်မှုပါ။ ထိုနည်းတူ ဒီ (၄)-(၅) နှစ်တာကာလအတွင်း မှာ ကျွန်တော်တို့ ဟိုးအရင်တုန်းက တစ်ခါမှမကြားခဲ့ဖူးတဲ့ လက်နက်ကိုင်အဖွဲ့သစ်တွေ၊ တော်လှန်ရေး အဖွဲ့သစ်တွေလည်း အများကြီးပေါ်ပေါက်လာတယ်လေဆရာ။ ဒီလိုမျိုးအခြေအနေ တစ်ခုအောက်မှာ ခုနက ဆရာပြောသလိုပေါ့၊ ကျွန်တော်တို့သွားနေတဲ့ ဒီလုပ်ငန်းစဉ်ကြီးက မရှိမဖြစ်လိုအပ်လို့သာ သွား နေရတာဖြစ်ပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးနဲ့ဆန့်ကျင်ဘက် စစ်ရေးဘောင်က အရမ်းကို ကြီးမား ကျယ်ပြန့်နေတဲ့အချိန်မှာကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပဲပြောပြော၊ ငြိမ်းချမ်းရေး လမ်းစဖော်မှုပဲ ပြော ပြော၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေကတော့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ အဟန့် အ တားတွေ အများကြီးရှိနေတယ်ဆိုတာကိုတော့ ဒါကျွန်တော်တို့ ဘယ်လိုမှ လွန်ဆန်လို့မရတဲ့အရှိတရား ပဲဖြစ်ပါတယ်ခင်ဗျ။ သို့သော်လည်းပဲ ခုနကပြောသလိုမျိုးပေါ့၊ ကျွန်တော်တို့အနေနဲ့ လက်ရှိထိတွေ့ဆက် ဆံနိုင်တဲ့အဖွဲ့တွေကနေစတင်ပြီးတော့ အားလုံးပါဝင်နိုင်တဲ့အနာဂတ် Process တစ်ခုကို အစပြုနိုင်ရင်၊ အခြေချနိုင်မယ်ဆိုလို့ရှိရင် အဲဒီကနေတစ်ဆင့် ပေါ့လေ၊ သက်ဆိုင်သူတွေ တဖြည်းဖြည်း အားလုံး ကျယ် ကျယ်ပြန့်ပြန့်ပါဝင်လာနိုင်ဖို့လည်း ကြိုးပမ်း ဆောင်ရွက်ရင်းနဲ့ကျွန်တော်တို့ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံ ရေး ပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့အဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှု စားပွဲဝိုင်းပေါ့ ဗျာ။ ပြန်လည်ပြီးတော့ တက်လှမ်းလာနိုင်ဖို့ မျှော်မှန်း ချက်နဲ့တော့ ဒါ ရှိသမျှအခြေအနေ၊ ရှိသမျှ အင်အားနဲ့ ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ပါတယ်လို့ ကျွန်တော့်အနေနဲ့ပြောချင်ပါတယ်။
မေး - အခု ကျွန်တော်မေးမှာက ကရင့်ငြိမ်းချမ်းရေးဖြစ်ပါတယ်။ ကရင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် အဓိကသော့ချက်က ဘာများဖြစ်မယ်လို့ ဗိုလ်မှူးချုပ်တို့အဖွဲ့အစည်းဖြစ်တဲ့ KNU/KNLA-PC က မြင်ပါ သလဲ။
ဖြေ - ကျွန်တော်အဖွဲ့အစည်းဆိုတာကလည်း NCA ကိုလက်မှတ်ရေးထိုးထားတယ်၊ NCA မှာ လက်မှတ် ရေးထိုးထားပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေးကို အကောင်အထည်ဖော် အာမခံချက်ပေးနိုင်မယ့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ တစ်ချိန်တုန်းက ကျွန်တော်တို့လည်း အဲဒီလို သဘောတူညီခဲ့တယ်၊ သန္နိဋ္ဌာန်ပြုခဲ့ကြတယ်၊ ဆောင်ရွက်ခဲ့ကြဖူးတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နားလည်တာကတော့ဆရာရယ်၊ ကျွန်တော်တို့ပြောပြောနေတဲ့ငြိမ်းချမ်းရေးဆိုတာက လူမျိုးတစ်မျိုး ငြိမ်းချမ်းရေး၊ ဒေသတစ်ခု ငြိမ်းချမ်းရေးကိုပြောဆိုတာ မဟုတ်ပါဘူး။ နိုင်ငံ တစ်နိုင်ငံလုံး မှာရှိတဲ့ ကျွန်တော်တို့တိုင်းသူပြည်သား၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး တန်းတူညီမျှစွာ ခံစားရရှိနိုင်မယ့်ပြည်ထောင်စုငြိမ်းချမ်းရေးကို ကျွန်တော်တို့ ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။ ကျွန် တော်တို့အနေနဲ့လည်း ဆရာတို့သိတဲ့အတိုင်းပဲလေ နှစ်ပေါင်း (၇၀)ကျော် တော်လှန်ရေးကာလအတွင်း မှာ ကျွန်တော်တို့ဒေသတစ်ခုအတွက် ငြိမ်းချမ်းရေး၊ လူမျိုးတစ်မျိုးအတွက် ငြိမ်းချမ်းရေးကြိုးပမ်းဖို့၊ ရရှိဖို့ ဖော်ဆောင်ခြင်းနဲ့ပဲ မခိုင်မြဲနိုင်ပါဘူး။ နောက်ဆုံးကျတော့လည်း ပြည်ထောင်စုတစ်ခုလုံး အာမခံချက် မပေးနိုင်တဲ့ ငြိမ်းချမ်းရေးမျိုးက ရေရှည်တည်တံ့ခိုင်မြဲမှုမရှိပါဘူးဆိုတာကိုတော့ ကျွန်တော်တို့ ဖြတ်သန်း မှုအရပဲဖြစ်ဖြစ်၊ သမိုင်း သင်ခန်းစာအရပဲဖြစ်ဖြစ် အများကြီးပြသခဲ့ပြီးဖြစ်တဲ့ အတွက်ကြောင့်မို့ ကျွန် တော်တို့ ကရင်အနေနဲ့ကလည်းပဲ ကရင်ပြည်နယ်လို့ပဲပြောပြော၊ ကရင်လူမျိုး လို့ပဲပြောပြော၊ ကရင် ပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေအနေနဲ့ပဲပြောပြော ကျွန်တော်တို့မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးသည် ပြည်ထောင်စု ငြိမ်းချမ်းရေးကိုမျှော်လင့်တာဖြစ်ပါတယ်။ အဲဒီလို ပြည်ထောင်စုငြိမ်းချမ်းရေးကို ကျွန် တော်တို့ဖော်ဆောင်နိုင်မှသာလျှင် ဒီပြည်ထောင်စုထဲမှာ Unit တစ်ခုအနေနဲ့ပါဝင်နေတဲ့ ကရင်ပြည်နယ် ရော၊ တခြားပြည်နယ်တွေရော ကျွန်တော်တို့ ခိုင်မြဲမယ့် ငြိမ်းချမ်းရေးကို ရေရှည်တည်တံ့ထိန်းသိမ်း နိုင် လိမ့်မယ် အဲဒီလိုတော့ ကျွန်တော်တို့ကနားလည်မှု ရှိပါတယ်ခင်ဗျ။
မေး - လက်ရှိအခြေအနေမှာ ကရင်ငြိမ်းချမ်းရေးဟာ ပြည်ထောင်စုတစ်ခုလုံး ငြိမ်းချမ်းရေးအတွက် ဘယ် လောက်အတိုင်းအတာအထိ သက်ရောက်မှုရှိမလဲ။
ဖြေ - ကရင်ငြိမ်းချမ်းရေးအနေနဲ့ ပြောလိုက်မယ်ဆိုရင်လည်းပဲ အဲဒီ ကရင်ငြိမ်းချမ်းရေးက ခုနက ကျွန် တော် ပြောသလိုမျိုးပါပဲ။ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အခုဖြစ်ပွားနေတဲ့ (၅)နှစ် ကျော်ကြာ လက်နက်ကိုင်ပဋိပက္ခ၊ ဆရာတို့သိတဲ့အတိုင်းပဲ ကျွန်တော်တို့ကရင်ပြည်နယ်က စတင်ဖန်တီး ခဲ့တာမဟုတ်ဘူး။ ကျွန်တော်တို့ ကရင်ပြည်နယ်က စတင်ပြီးတော့ ပေါက်ဖွားလာတာလည်းမဟုတ်ဘူး။ ဒါက ပြည်မနိုင်ငံရေး မပြေလည်မှုကနေပြီးတော့ စတင်ပေါက်ဖွားလာ ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခရဲ့ နောက်ဆက်တွဲရိုက် ခတ်မှုတွေပဲဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့လည်း အဲဒီအချိန်တုန်းက ကျွန်တော်တို့ မှာဆိုလို့ရှိရင် ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်ရေးကော်မတီဆိုတာရှိခဲ့ပါတယ်။ NCA စာ ချုပ် အကောင်အထည်ဖော်တဲ့ကာလတုန်းကဆိုရင် KNU လည်းပါတယ်၊ PC ပါတယ်။ DKBA လည်း ပါ တယ်၊ BGF တွေလည်းပါတယ်။ ကော်မတီအနေနဲ့ ဟုတ်ပြီ အခုကတော့ ဒါကျွန်တော်တို့ နိုင်ငံမှာ ဖြစ် ပွားလာတဲ့ နိုင်ငံရေးပြဿနာကြောင့် ဒီလက်နက်ကိုင်ပဋိပက္ခတွေက ပြည်မကနေ စတင်ပေါက်ဖွားလာ ပြီးတော့ တဖြည်းဖြည်း ပျံ့ထွက်လာပြီ ကျွန်တော်တို့ဘက်ကို။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က ကရင် ပြည်နယ်တစ်ခုလုံးကို မထိန်းနိုင်သည့်တိုင်အောင်မှ ကျွန်တော်တို့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ (၄)ဖွဲ့ စလုံး ရောနှောစွာနေထိုင်နေတဲ့ တပ်မဟာ (၇) နယ်မြေထဲမှာတော့ မရရအောင် ထိန်းကြမယ်ဆိုပြီးတော့ အဲဒီကော်မတီကနေပြီးတော့ ကျွန်တော်တို့ သဘောတူဆုံးဖြတ်ချက်ချမှတ်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။ သို့သော်လည်းပဲ ဆရာသိတဲ့အတိုင်းပဲလေ၊ ကျွန်တော်တို့မထိန်းနိုင်ပါဘူး။ နောက်ဆုံးကျတော့လည်း ကျွန်တော်တို့ တပ်မဟာ (၇) နယ်မြေမှာလည်းပဲ စစ်ရေးပဋိပက္ခတွေ ကြီးကြီးမားမား ကျယ်ကျယ်ပြန့် ပြန့်ဖြစ်သွားပြီးတော့ ဒီနေ့အထိ ဒါ အိမ်မပြန်နိုင်သေးတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ စစ်ဘေးရှောင်တွေ ကျွန် တော်တို့ဒေသမှာ သောင်တင်နေတယ်၊ ကျွန်တော်တို့အနေနဲ့ အခုကျွန်တော်တို့လုပ်နေတဲ့ ကရင်ပြည် နယ်ဘက်မှာဆိုရင် ငြိမ်းချမ်းရေးဆုတောင်းပွဲတို့လုပ်တယ်။ ပြီးတော့လည်းပဲ ငြိမ်းချမ်းရေးဖိုရမ်လည်း လုပ်တယ်၊ ပြီးတော့လည်းပဲ ဒီဘက်ကဆိုရင် ကရင်လက်နက်ကိုင်တွေစုစည်းပြီးတော့ ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းပြီးတော့ ကျွန်တော်တို့ ကြိုးပမ်း ဆောင်ရွက်ခဲ့တာရှိပါတယ်။ ဆိုလိုချင်တာက ကျွန်တော်တို့မျှော်မှန်းတာကတော့ ပြည်ထောင်စု ငြိမ်းချမ်း ရေး။ ဒီပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အမှန်တကယ်လိုအပ်နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ၊ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေ ပြည်ထောင်စုအဆင့်မှာ အခုတောင်မှ ကျွန်တော်တို့က လမ်းစရှာနေတုန်းပဲရှိ သေးတယ်။ ဘယ်အဖွဲ့တွေ ဘယ်အဖွဲ့တွေကနေပြီးတော့ လာရောက်တွေ့ဆုံဖို့ဆိုတာက အရမ်းကို အလှမ်းဝေးနေသေးတဲ့အချိန်မှာ ကျွန်တော်တို့ ကရင်ပြည်နယ်အနေနဲ့ မိမိတို့လက်လှမ်းမီသလောက်၊ မိမိ တို့ လုပ်နိုင်စွမ်းရှိသလောက် ဒီကိုယ့်ဒေသထဲမှာ ဒုက္ခရောက်နေတဲ့ပြည်သူလူထုတွေအတွက် တည်ငြိမ် အေးချမ်းရေးလား၊ ပြန်လည်နေရာချထားရေးလား၊ ဒါမှမဟုတ် လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စရပ်တွေလား စသည်ဖြင့် ဒါတွေကိုတော့ ကျွန်တော်တို့တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ခဲ့တာ ရှိပါ တယ်။ ဒါက ပြည်ထောင်စုငြိမ်းချမ်းရေးကို ဘယ်လောက်ထိ အထောက်အကူပေးနိုင်သလဲဆိုတာက တော့ ကျွန်တော်တို့အနေနဲ့ကတော့ ကြီးကြီးမားမားမျှော်မှန်းဖို့ကတော့ ခက်ပါတယ်။ ကျွန်တော်တို့က ပြည်ထောင်စုထဲမှာရှိနေတဲ့ Unit တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြည်ထောင်စုထဲမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာရဲ့ ကောင်းကျိုးဆိုးပြစ်ရိုက်ခတ်မှုတွေကတော့ သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်ဖြစ်၊ တိုက်ရိုက် ပဲဖြစ်ဖြစ် မလွဲမသွေခံစားရမယ်ဆိုတာက လက်တွေ့သင်ခန်းစာ ကျွန်တော်တို့ ရှိပြီးသားအပေါ်မှာ ခုန က ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးကို ကျွန်တော်တို့ စတင်နိုင်ဖို့ လမ်းစဝေးနေသေးတဲ့အချိန်မှာ ကိုယ့် ကရင်ပြည်နယ်မှာရှိတဲ့ ကိုယ့်ရဲ့ပြည်သူလူထုတွေရဲ့ဒုက္ခကို တစ်ပိုင်းတစ်စ ဖြေရှင်းဆောင်ရွက်ကူညီပေး နိုင်လိုတဲ့ဆန္ဒနဲ့ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့ဟာပေါ့လေ။ အစိတ်အပိုင်းတစ်ခုရတာဖြစ်တယ်လို့တော့ ကျွန်တော် အဲဒီလိုပဲပြောချင်ပါတယ်ခင်ဗျ။
။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ။

မူရင်းသတင်း — NP News