
သုတကျော် (NP News) - အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးမှ ငါန်း ဇွန်မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးမှပယ်ဖျက်လိုက်ပြီဖြစ်သည်။ သီပေါမြို့နယ်တွင် မည်သို့အခြေအနေ ရှိ နေပါသနည်း။ သီပေါနှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်း၏အခြေအနေကား အဘယ်သို့ရှိပါသနည်း။ ရှမ်း ပြည်သူတို့၏သဘောထားကား အဘယ်ပါနည်း။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ဒေသခံတစ်ဦး ထံ ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - သီပေါမှာ စစ်အုပ်ချုပ်ရေးမရှိတော့ဘူးဆိုတော့ ဘာတွေအပြောင်းအလဲဖြစ်သွားလဲ။
ဖြေ - အဓိကတော့ ဒေသတွင်း ကုန်ကူးသန်းသွားလာမှုတွေ၊ နောက်ပြီးတော့ တရားစီရင်ရေးကတော့ ပွင့် လင်းမြင်သာမှုဖြစ်သွားမယ်။ လတ်တလောမှာတော့ စစ်တရားရုံးနဲ့စီရင်တာ မရှိတော့ဘူးပေါ့။ သိသာ မြင်သာတာကတော့ ဒီနှစ်ချက်ပေါ့။ ကုန်သွယ်ရေး မူဝါဒတို့ကတော့ ပြည်နယ်အစိုးရရဲ့ သဘောထား မှတ်ချက်အပေါ်မူတည်ပြီးတော့ ပိုကောင်းတဲ့အနေအထား ရောက်ချင်လည်းရောက်သွားနိုင်တယ်ပေါ့ ဒီလိုမျိုးတော့ရှိတယ်။
မေး - စစ်အုပ်ချုပ်ရေးကာလတုန်းက ဘာတွေဖြစ်ခဲ့လဲ။
ဖြေ - စစ်အုပ်ချုပ်ရေးကာလကတော့ ခုနက ကျွန်တော်ပြောသလို ကုန်သွယ်ရေးမှာ သွားလာလို့ ပြေတဲ့ အခါလည်းပြေတယ်။ ဖမ်းဆိုတဲ့အချိန်မှာလည်း ကံဆိုးသွားတဲ့သူတွေလည်း ရှိတာပေါ့ဗျာ။ မုန့်လေးသယ် လို့ထောင်ကျသွားတဲ့သူတွေ ဒါမျိုးတွေလည်း ရှိခဲ့တာပေါ့။
မေး - သီပေါဟာ တကယ်ကိုပဲ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းသင့်သလား။ အမြင်က ဘယ်လိုရှိပါသလဲ။
ဖြေ - အဓိကကတော့ စစ်အုပ်ချုပ်ရေးက ရုပ်လည်း ရုပ်သိမ်းသင့်တယ်ပေါ့။ ရုပ်သိမ်းပြီးတဲ့အပြင် တစ် ဖက်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖြေရှင်းဖို့အတွက်လည်း နည်းလမ်းဆောင်ရွက်သင့်တယ်။ အဲဒီလိုမျိုးအနေအထား ရှိပါတယ်။
မေး - နှစ်ခွအနေအထားပေါ့။ ရုပ်သိမ်းတဲ့အပြင် ဖြေရှင်းပေးတာမျိုးပေါ့။
ဖြေ - ဟုတ်ပါတယ် နှစ်ခွလုပ်သင့်တယ်။ ဒီလက်နက်ကိုင် ပြဿနာကိုလည်း ဖြေရှင်းသင့်တယ်ပေါ့။ ဒီ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းရုံလောက်နဲ့လည်း အရပ်သား အစိုးရကို ရော့လုပ်ဆိုပြီး ထိုးအပ်တဲ့ပုံစံမျိုးလည်း မဖြစ်စေချင်ဘူးပေါ့။ အဲဒီလိုမျိုးရှိတယ်။
မေး - ဆိုတော့ လက်ရှိ သီပေါမြို့အနားမှာရှိပြီး မြို့ လုံခြုံရေးကိုခြိမ်းခြောက်နေတဲ့လက်နက်ကိုင်တွေက ကော ဘယ်အဖွဲ့တွေရှိမလဲ။
ဖြေ - လက်ရှိ အဓိကတော့ MNDAA နဲ့ပတ်သက်တဲ့ PDF အဖွဲ့အစည်းတွေရှိတယ်။ ဒါတွေက ကျွန်တော် တို့ ကျောင်းတွေဖွင့်တုန်းကလည်း ခြိမ်းခြောက်တယ်။ အမျိုးစုံ နည်းမျိုးစုံပေါ့နော် ဒေသခံတွေကို ရိုက် နှက်ဖမ်းဆီးတာတွေ၊ ရွာသူကြီးကို ရိုက်ရင်း လက်လွန်ပြီးသေသွားတာတွေဖြစ်ခဲ့တယ်။ အဓိက ခြိမ်းခြောက်တာကတော့ MNDAA နဲ့ သူတို့အပေါင်းအပါဖြစ်တဲ့ PDF ပေါ့။ အဲဒါက ခြိမ်းခြောက်မှုဖြစ်နေပါတယ်။
မေး - သီပေါမြို့နယ်မှာဆိုရင် တည်ငြိမ်တဲ့အနေအထားလို့ပြောနိုင်မလား။
ဖြေ - သီပေါမြို့ရဲ့ (၇၀)ရာခိုင်နှုန်းလောက်ကတော့ အစိုးရကထိန်းချုပ်ထားနိုင်တဲ့အနေအထားပါ။ ကြား ထဲမှာတော့ လစ်ဟာနေတဲ့အနေအထားတွေရှိတယ်။ ဒါတွေကို ဘယ်လိုဆောင်ရွက်ကြမလဲပေါ့။
မေး - လစ်ဟာနေတယ်ဆိုတာက ဘယ်နေရာတွေဖြစ်မလဲ။
ဖြေ - ဆောင်ကြဲဒေသ၊ သီပေါနဲ့လားရှိုးကြားဒေသ၊ သီပေါနဲ့နမ့်လန်ကြားဒေသတွေပေါ့။ အစိုးရအုပ်ချုပ်မှု ယန္တရားကင်းနေတဲ့နေရာတွေရှိတယ်။ MNDAA အဖွဲ့တွေကရှိတယ်။ အဲဒီမှာ ကျွန်တော်ပြောသလိုပေါ့။ ခေါင်းစဉ်ကတော့တပ်ထားတာပေါ့။ တရုတ်ကုမ္ပဏီ တွေက ဘိန်းအစားထိုးစိုက်ခင်းပေါ့။ တကယ်တော့ အဲဒီဒေသတွေမှာ ဘိန်းက ဘယ်တုန်းကမှမစိုက်ခဲ့ဘူး။ နာမည်ကလည်း တရုတ်ကုမ္ပဏီနာမည်တွေနဲ့ မြေ တွေအငှားစိုက်တယ်၊ တစ်သျှူးငှက်ပျောတွေစိုက်ပြီးတော့ ဒီလိုမျိုးတွေလည်းဖြစ်နေပါတယ်။
မေး - သူတို့က MNDAA သွင်းလာတဲ့ကုမ္ပဏီတွေပေါ့။ မြေကော ဈေးကောင်းပေးလား။ ဒေသစီးပွားရေး အတွက်ကော အကျိုးရှိပါသလား။
ဖြေ - ဒေသစီးပွားရေးအတွက်ကတော့ ပွင့်ပွင့်လင်း လင်းပြောရရင် မက်လုံးပေးပြီးတော့ပေါ့။ ဒေသခံ တောင်သူတွေက နားမလည်ဘူးလေ။ မက်လောက်တဲ့ ငွေပမာဏပေးပြီးတော့ သူက အမြတ်ထုတ်တဲ့ ပုံစံပါပဲ။
မေး - အရပ်ဘက်အုပ်ချုပ်ရေး အပြည့်အဝဖြစ်ပြီဆို ရင် သီပေါမှာ ဆက်ပြီးကြုံရမယ့်စိန်ခေါ်မှုတွေက ဘာများဖြစ်မလဲ။
ဖြေ - အဓိကတော့ ကျွန်တော်ပြောသလို လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှု၊ တရားမဝင် ဆောင်ရွက်တာတွေ၊ ရွှေတူးတာတွေ၊ ဒေသခံလူထုတွေကို ညှဉ်းပန်းနှိပ်စက်တာတွေ၊ သစ်ပင်တွေ ခုတ် တာတွေ၊ လူမှုစီးပွားကို ဆက်လက်ခြိမ်းခြောက်နေတဲ့အနေအထားမှာ ရှိပါသေးတယ်။
မေး - သီပေါမြို့သားတွေရဲ့စိတ်ထဲမှာ လုံခြုံမှုကို ခံစားရပါသလား။ ဒါမှမဟုတ် အချိန်မရွေး တစ်ခုခုဖြစ် သွားနိုင်တယ်ဆိုတဲ့စိတ် ရှိနေကြလား။
ဖြေ - လက်ရှိအနေအထားကတော့ သို့လော၊ သို့ လောပေါ့။ (၁၀၂၇)လိုဆက်ဖြစ်မှာလည်း ကြောက်ကြ တယ်ပေါ့နော်။ နဂိုထက်စာရင်တော့ ပြေလျော့သွားတဲ့ အနေအထားမှာတော့ ရှိပါတယ်။
မေး - ဒုတိယတစ်ပိုင်းမေးချင်တာက သီပေါဟာ ရှမ်းမြောက်ကမြို့တစ်မြို့ဖြစ်တယ်။ သီပေါအပါအဝင် ရှမ်းမြောက်အခြေအနေက ငြိမ်နေတယ်လို့ ပြောလို့ရမလား ဒါမှမဟုတ် တစ်ခုခုကိုစောင့်နေတယ်လို့ ပြော လို့ရမလား။
ဖြေ - ရှမ်းပြည်မြောက်ပိုင်းရဲ့ လက်ရှိအခြေအနေက အနေအထားတစ်ခုကို ပြင်ဆင်နေတယ်လို့ သုံးသပ် လို့ရတယ်။ အားလုံးကတော့ အသင့်ပြင်ထားတဲ့အ နေအထားပေါ့။ ဘာဖြစ်မလဲဆိုတာကတော့ စောင့် ကြည့်ရမှာပေါ့။ လက်နက်ခဲယမ်းတွေ စုဆောင်းတာ တွေရှိခဲ့တယ်။ သိန္နီတို့၊ နမ့်ခမ်းတို့မှာ။ ကျွန်တော်တို့ အတွက် ဂရုစိုက်စရာအနေအထားတစ်ခုမှာတော့ရှိ တယ်။
မေး - အင်တာနက်စာမျက်နှာတွေထက်မှာ တလောက မြင်လိုက်သေးတယ်။ UWSA က သူ့တပ်ဖွဲ့ဝင် တွေ နေရာရွှေ့တာရှိခဲ့တယ်ဆိုတာမျိုးပေါ့။ တကယ်ပဲ မသင်္ကာစရာကောင်းနေတာလား။
ဖြေ - ကျွန်တော်တို့ ရှမ်းမြောက်က လက်နက်ကိုင်အဖွဲ့အစည်းတွေက တစ်ဖက်အိမ်နီးချင်းနိုင်ငံရဲ့အား ပေါ့။ အားကိုယူပြီးတော့ လှုပ်ရှားဆောင်ရွက်နေကြတဲ့အနေအထားမှာ ဆိုပါစို့ အခုဆို သိသာထင်ရှား တာက NCA ပွဲမှာပြောသွားသလို ကျွန်တော်တို့နိုင်ငံက အခုနောက်ပိုင်း အမေရိကန်နဲ့ဆက်ဆံမှုရှိတဲ့ အခါမှာ တရုတ်ကိုယ်စားလှယ်က အဆင့်မြင့်အုပ်ချုပ်ရေးပေးသင့်တယ်ဆိုပြီးတော့ ရှမ်းပြည်နယ် ပျက် စီးရေးကိုဆောင်ရွက်လာတာမျိုးတွေ တွေ့ရတယ်ပေါ့။ ဒါတွေက သတိထားဖွယ်အနေအထားတစ်ခုမှာ ရှိလာတယ်။ သံသယဖြစ်ဖွယ် ဖြစ်လာတာပေါ့။
မေး - ဆိုတော့ ရှမ်းမြောက်ပြည်သူတွေ သဘောထားကို တစ်ချက်မေးကြည့်ချင်ပါတယ်။ သူတို့ရဲ့ မူရင်း ဘာသာစကားမဟုတ်ဘဲ ဘာသာစကားအသစ်ဝင်လာတာကို အစ်ကိုအပါအဝင် ရှမ်းမြောက်လူထုဆန္ဒက ဘယ်လိုရှိလဲ။
ဖြေ - ဘယ်မကြိုက်မလဲ၊ မကြိုက်လို့ ဆန္ဒတွေပြတယ် လက်မခံဘူး။ ကန့်ကွက်စာတွေပို့တယ်။ ကိုယ့် ဒေသတွင်းယဉ်ကျေးမှုကို တခြားယဉ်ကျေးမှုလွှမ်းမိုးတာ မလိုလားကြပါဘူး။
မေး - သီပေါမှာလည်း ရှိခဲ့သေးလား။
ဖြေ - ရှိခဲ့ပါတယ်။ အစိုးရယန္တရားရောက်ပြီး နောက်ပိုင်း သီပေါမှာ လျော့သထက်လျော့သွားပါတယ်။ လက်မခံဘူးဆိုပြီး ရုပ်သိမ်းတာတွေရှိပါတယ်။ တရားမဝင် တရုတ်ဆိုင်တွေ၊ အနှိပ်ခန်းတွေကို ဖျက်သိမ်း လိုက်ပါပြီ။
မေး - လက်ရှိ သီပေါအနေအထားက ဒုဋ္ဌဝတီမြစ် ဟိုဘက်အခြမ်းက MNDAA ရှိနေတော့ နယ်စပ်မြို့ လို တောင် ဖြစ်နေတယ်။ ဆိုတော့ အသက်ရှူပေါက်က ဘာများဖြစ်မလဲ။
ဖြေ - အဓိကကတော့ MNDAA က လားရှိုးနားနဲ့ သီပေါနားမှာမရှိတော့ဘူးဆိုရင်တော့ ရှမ်းမြောက် မှာ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ ဒါတွေ သည် ခိုင်မာတဲ့အင်အားစုဖြစ်သွားလိမ့်မယ်။ လုံခြုံ ရေးကလည်း စိတ်ချရတဲ့အနေအထားတစ်ခု ဖြစ်သွားလိမ့်မယ်။ အဓိကတော့ MNDAA အဖွဲ့ က သူ့မူလ နေရပ်ကိုပြန်ဖို့ အဓိကကျပါတယ်။
မေး - သူတို့ ပြန်ပါ့မလား။
ဖြေ - ကျွန်တော်တို့ ဒေသတွင်း ကြားတာတော့ရှိတာပေါ့။ ပြန်တာတော့ ပြန်ကြမှာ။ ဒါပေမဲ့ သူတို့ ယူ စရာရှိတာတွေယူပြီး ပြန်ကြမယ်ဆိုတဲ့ပုံစံမျိုးပေါ့။ ဒါပေမဲ့ ပြန်မယ်ဆိုတာကတော့ အားနည်းပါတယ်။ အားနည်းတဲ့အနေအထားတစ်ခုလို့ မြင်တယ်။ သူတို့ရဲ့စီးပွားရေးက ဒီဒေသတွေကရရှိတာဖြစ်လို့ သိပ် တော့ ပြန်ဖို့မဖြစ်နိုင်သေးဘူးလို့ မြင်တယ်။
မေး - ကျွန်တော်တို့ တချို့အင်တာနက်မြေပုံတွေ ကြည့်တဲ့အခါ ကိုးကန့်ထိန်းချုပ်နယ်မြေတွေမှာ မြန် မာစာနဲ့တရုတ်စာပဲမြင်ရတော့တယ်။ ရှမ်းစာ မတွေ့ရ ဘူး။ တစ်ခါ သိန္နီကိုလည်း မူပန်ဆိုပြီး ဖြစ်နေပြန် တယ်။ ဒေသခံတစ်ယောက်အနေနဲ့ ဘာများပြောချင်လဲ။
ဖြေ - ရိုးရာယဉ်ကျေးမှုတွေ ပပျောက်သွားတယ်ဆိုတာထက် ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာပေါ့။ ကိုယ့်နိုင်ငံရဲ့နယ်နိမိတ်၊ ယဉ်ကျေးမှုက စစ်တိုက်မှ ကျူးကျော်တာမဟုတ်ဘူး။ ယဉ်ကျေးမှုနဲ့ကျူးကျော် တာလည်း ကျူးကျော်ခြင်းတစ်မျိုးပေါ့။ ဒါတွေကို ကျွန်တော်တို့က မနှစ်မြို့ဘူး။ ဒီလိုဆက်ဖြစ်နေရင် ကြာရင် ရှမ်းပြည်ကြီးကလည်း ပျက်စီးသွားနိုင်တဲ့အနေအထားတစ်ခုမှာ ရှိနေတာဖြစ်ပါတယ်။
မေး - ရှမ်းပြည်အကြောင်းကို အသေးစိတ်သိတဲ့ ဒေသခံတစ်ယောက်အနေနဲ့ ရှမ်းမြောက်မှာ ဝင်လာတဲ့ ဘာသာစကားနဲ့ယဉ်ကျေးမှုဟာ ကျူးကျော်မှုဖြစ်တယ်လို့ ခုနကပြောတယ်။ ဒီလိုဝင်လာနေတာဟာ အပေါ်ယံပဲလား၊ ကိုးကန့်တို့ဘာတို့ ထိန်းချုပ်နယ်မြေထဲကသူတွေက တကယ်ပဲလက်ခံလိုက်ပြီလား။
ဖြေ - ပြည်သူတွေကတော့ လုံးဝလက်မခံပါဘူး။ လက်မခံလို့လည်း နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်၊ ကန့်ကွက်နေကြတယ်။ ရှမ်းပြည်မှာတော့ လက်လျှော့လိုက်တဲ့အနေအထားမရှိဘူးလို့ ပြောချင်ပါတယ်။
မေး - တလောက ရှမ်း ယဉ်ကျေးမှု၊ ဘာသာစကားတွေနဲ့ပတ်သက်ပြီးအလေးထားဖို့ MNDAA ဆီ စာပို့ တာတွေ့ရတယ်။ တစ်ဖက်အပို့ခံရတဲ့သူက လက်ခံရရှိကြောင်းတို့ဘာတို့ ရည်မွန်တဲ့တုံ့ပြန်မှု ရှိပါသ လား။
ဖြေ - ဥပေက္ခာတရားပြုတဲ့သဘောပဲ တွေ့ပါတယ်။ အကြောင်းပြန်ကြားတာလည်းမရှိဘူး။ ထုတ်ပြန်တာ လည်းမရှိဘူး။ ဘာမှအပြုသဘောဆောင်တဲ့ဟာမျိုး လည်းမရှိပါဘူး။
မေး - တစ်ဖက်မှာ ကိုးကန့်ဘက်က ကေဒါတွေ သင်တန်းဆင်းတယ်၊ သွေးသစ်လောင်းတယ်ဆိုတာမျိုး ထုတ်ပြန်တာ ခဏခဏမြင်ရတယ်။ ဒါက အုပ်ချုပ်ရေး ခိုင်မာအောင် လုပ်နေလား၊ အနာဂတ်တိုက်ပွဲ အတွက် ပြင်နေတာမျိုးလို့ ထင်လား။
ဖြေ - ဘယ်လိုပြောမလဲဆိုတော့ ပြည်ထောင်စုကနေ ခွဲထွက်ပြီးတော့ ကိုယ့်မင်းကိုယ်ချင်းနေချင်တဲ့ပုံစံ ပေါ့။ ပြည်ထောင်စုကနေ ခွဲမထွက်ဘူးပြောပေမယ့် သူတို့ပုံစံက ပြည်ထောင်စုပြိုကွဲတာကို ဦးတည် တယ်။ နှစ်ပေါင်းများစွာနေခဲ့တဲ့ တိုင်းရင်းသားတွေ အခွင့်အရေးကိုချိုးဖောက်တယ်။ လူမျိုးလွှမ်းမိုးမှု ကြိုးစားပြီး အင်အားကြီးအဖွဲ့အစည်းရဲ့အလိုကို ဆောင်ရွက်နေတယ်။ ကွန်မြူနစ်ဝါဒ အဖွဲ့အစည်း တစ်ခုသာ ဖြစ်တယ်လို့မြင်ပါတယ်။
မေး - ဒီနောက်ပိုင်းမှာ ကွန်ဖက်ဒရေးရှင်းဆိုပြီး မြင်လာတာ စိပ်လာပါတယ်။ “ဝ” ဆိုရင် ပါးစပ်က မပြောပေမယ့် ကွန်ဖက်ဒရေးရှင်းဆန်ဆန်လုပ်နေတယ်။ ကိုးကန့်တို့လည်း ဒီလိုလုပ်လာတယ်။ အများဆုံးပုံစံက ရှမ်းမြောက်မှာမြင်ရတယ်။ ကွန်ဖက်ဒရေးရှင်းက မြန်မာမှာ လိုတယ်ထင်လား။
ဖြေ - လက်ရှိအနေအထားမှာ ဒီလိုမျိုးသွားလုပ် လိုက်မယ်ဆိုရင် ပြည်ထောင်စုရဲ့ညီညွတ်ရေးကို ထိ ခိုက် စေလိမ့်မယ်။ လတ်တလောမှာတောင် ကိုယ့်နိုင်ငံအတွက်ဆောင်ရွက်ဖို့ မသင့်တော်သေးဘူးလို့ မြင်ပါတယ်။
မေး - တစ်ခုခုအတွက် ကြိုပြင်နေတယ်ဆိုတာကို ပြန်မေးပါရစေ။ ဒါက စိုးရိမ်ဖွယ်ရာတစ်ခုခုများဖြစ်နိုင် မလား။
ဖြေ - ဒါကတော့ ကျွန်တော်တို့ ပြောရတော့ခက် တယ်။ လက်ရှိအနေအထားမှာတော့ စောင့်ကြည့်ရ မယ့်အနေအထားဆိုတာထက် ပြင်ဆင်ဖို့လိုသွားပြီ။ ရှေ့မှာ သင်ခန်းစာလည်းရှိသွားပြီ။ အချိန်မရွေး ထဖြစ်နိုင်တဲ့အခြေအနေဖြစ်တဲ့အတွက် ဒါကို ပါးပါးနပ်နပ်နဲ့ကိုင်တွယ်ဖို့လိုတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။
မေး - ရှမ်းမြောက်နဲ့ပတ်သက်လို့ တပ်မတော်က တစ်ဖက်မှာရှိတယ်။ တစ်ဖက်မှာတော့ လက်နက်ကိုင် တွေရှိပါတယ်။ ဆိုတော့ လက်ရှိ ပြည်သူတွေအမျှော်လင့်ဆုံးက ဘယ်သူလဲ။ တပ်မတော်ကိုလား၊ တခြား လက်နက်ကိုင်တွေကိုလား ဒါမှမဟုတ် အစိုးရကိုလား။ လက်ရှိ ကြုံနေရတဲ့အခြေအနေတွေ ပြောင်းလဲဖို့ ပေါ့။
ဖြေ - အစိုးရကို ပိုပြီးမျှော်လင့်တယ်။ တက်လာတဲ့အစိုးရက ယခင်ကလည်း အတွေ့အကြုံရှိတဲ့အစိုးရ ဖြစ်တဲ့အခါကျတော့ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်ပေါ့ဗျာ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
