Myanmar Digital News

မွန်ဂိုးလီးယားနိုင်ငံ၌ နှင်းမုန်တိုင်းနှင့် ဖုန်မှုန့်မုန်တိုင်းများ ဖြစ်ပေါ်နိုင်သဖြင့် သတိပေးချက် ထုတ်ပြန်

အောက်တိုဘာ ၂၃

မွန်ဂိုးလီးယားနိုင်ငံ မိုးလေဝသနှင့် သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေး အမျိုးသားအေဂျင်စီသည် နိုင်ငံ၏ဒေသအချို့တွင် မြင်ကွင်းအကွာအဝေးကို လျော့နည်းစေနိုင်သည့် နှင်းမုန်တိုင်းများနှင့် ဖုန်မှုန့်မုန်တိုင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ယမန်နေ့က သတိပေးချက် ထုတ်ပြန်ခဲ့သည်။

နိုင်ငံမြောက်ပိုင်းရှိ ခူဗ်စ်ဂူလ်ပြည်နယ်နှင့် အနောက်ပိုင်းရှိ ဂိုဗီ-အယ်လ်တိုင်၊ ဇဗ်ခန်ပြည်နယ်များ အပါအဝင် ပြည်နယ်ငါးခုတွင် ယမန်နေ့မွန်းလွဲပိုင်းအထိ နှင်းမုန်တိုင်းများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

အရှေ့ပိုင်းဒေသများနှင့် တောင်ပိုင်းရှိ ဂိုဘီသဲကန္တာရဒေသများ အပါအဝင် ပြည်နယ် ၁၀ ခုခန့်တွင် ဖုန်မှုန့်မုန်တိုင်းများ တိုက်ခတ်လျက်ရှိပြီး လေတိုက်နှုန်း တစ်စက္ကန့်လျှင် ၂၇ မီတာအထိ ရှိကြောင်း ထိုအေဂျင်စီက ပြောကြားခဲ့သည်။

 

လာမည့်ရက်များအတွင်း ရာသီဥတုမတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း အေဂျင်စီက သတိပေးထားသည်။

လက်ရှိအချိန်တွင် နိုင်ငံ နယ်မြေစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကျော် နှင်းများဖုံးလွှမ်းနေကြောင်းလည်း အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ လေပြင်းများ၊ ဖုန်မှုန့်မုန်တိုင်းများနှင့် နှင်းမုန်တိုင်းများသည် တစ်နှစ်ပတ်လုံး မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

မူရင်းသတင်း — Myanmar Digital News