Myanmar Digital News

ပင်လယ်ရေအောက်တွင် လျင်မြန်စွာ ဆွေးမြည့်ပျက်စီးနိုင်သည့် ပလတ်စတစ်အမျိုးအစားသစ် ဂျပန်သုတေသီများ တီထွင်

 

တိုကျို အောက်တိုဘာ ၂၅

 

ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်နှင့် အခြားသုတေသနအဖွဲ့အစည်းများမှ သုတေသီများသည် ပင်လယ်ရေ အောက်တွင် လျင်မြန်စွာဆွေးမြည့်ပျက်စီးနိုင်သည့် အင်ဇိုင်းဓာတ်များပါဝင်သော ပလတ်စတစ် အမျိုးအစားသစ်တစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပလတ်စတစ်အမျိုးအစားသစ်သည် ပင်လယ်ကြမ်းပြင်တွင် ပလတ်စတစ်အမှိုက်များ စုပုံလာမှုကို လျှော့ချနိုင်ရန် အထောက်အကူပြုမည်ဟု မျှော်လင့်ထားကြောင်း သုတေသီများက ပြောကြားသည်။

 

ပင်လယ်အတွင်းသို့ ရောက်ရှိသွားပြီး ဆွေးမြည့်ပျက်စီးရန် အချိန်ကြာမြင့်သည့် ပလတ်စတစ် အမှိုက်များ ပင်လယ်ကြမ်းပြင်တွင် တစ်စတစ်စ စုပုံများပြားလာနေသည့် ပြဿနာကို ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ယင်းပလတ်စတစ်အမျိုးအစားသစ်ကို တီထွင်ခဲ့ခြင်းဖြစ်ကြောင်း သုတေသနအဖွဲ့က ရှင်းလင်းပြောကြားသည်။

 

အဆိုပါ ပလတ်စတစ်သည် ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးနိုင်သော ပလတ်စတစ် အမျိုးအစား တစ်မျိုးဖြစ်ပြီး ၎င်းအတွင်း၌ ပလတ်စတစ်ကို ပြိုကွဲပျက်စီးစေသည့် အင်ဇိုင်းဓာတ်များကို ရောစပ် ထည့်သွင်းထားကြောင်း သိရသည်။

 

ယင်းပလတ်စတစ်၏ မျက်နှာပြင်သည် ရေနှင့်ထိတွေ့သည်နှင့် ဆွေးမြည့်ပျက်စီးမှု စတင် ဖြစ်ပေါ်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။

 

သုတေသနအဖွဲ့သည် တိုကျိုမြို့အနီး ကာနာဂါဝါစီရင်စု ကမ်းလွန်ရှိ ရေအနက် မီတာ ၇၅၀ ကျော်သော ပင်လယ် ကြမ်းပြင်တွင် အဆိုပါ ပလတ်စတစ်ကို စမ်းသပ်ထားရှိခဲ့ရာ ငါးလအကြာ၌ လုံးဝပြိုကွဲပျက်စီး သွားကြောင်း အတည်ပြုနိုင်ခဲ့သည်။

 

ထို့ပြင် အင်ဇိုင်းဓာတ်မပါဝင်သော ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီး နိုင်သည့် ပလတ်စတစ်ကို အလားတူ စမ်းသပ်ခဲ့မှုနှင့် နှိုင်းယှဉ်ပါက ယခုတီထွင်ထားသည့် ပလတ်စတစ်အမျိုးအစားသစ်သည် အဆ ၃၀ ကျော် ပိုမိုလျင်မြန်စွာ ဆွေးမြည့်ပျက်စီးနိုင်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။

 

ပလတ်စတစ်အတွင်း၌ အင်ဇိုင်းဓာတ်များကို ရောစပ်ထည့်သွင်းထားသဖြင့် ပင်လယ်ကြမ်းပြင်ရှိ အချို့သော အဏုဇီဝသက်ရှိများအပေါ် မှီခိုရန်မလိုဘဲလျင်မြန်စွာ ပြိုကွဲပျက်စီးနိုင်ကြောင်း သုတေသန အဖွဲ့က ရှင်းလင်းပြောကြားခဲ့သည်။

 

အင်န်အိတ်ချ်ကေ

မူရင်းသတင်း — Myanmar Digital News