၂.၁၁.၂၀၂၆
Translated by Htwe Ko Tun
ပေါ်တူဂီနိုင်ငံတွင် အိမ်ငှားရမ်းခဆိုင်ရာ ဥပဒေကြမ်းတစ်ခုကို ဆန့်ကျင်သည့်အနေဖြင့် အိမ်ရာကိစ္စ ဆန္ဒပြသူ ထောင်ပေါင်းများစွာက ချီတက်ဆန္ဒပြခဲ့ကြပြီးနောက် ပေါ်တူဂီနိုင်ငံ၏ မြို့တော် လစ္စဘွန်းနှင့် ပေါ်တိုမြို့တို့ရှိ ဆန္ဒပြစခန်းများကို ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁ ရက်တွင် ဝင်ရောက်ရှင်းလင်းခဲ့သည်။
ဒေသစံတော်ချိန် နံနက် ၄:၃၀ နာရီခန့် (GMT အချိန် ၀၄:၃၀) တွင် ရဲတပ်ဖွဲ့ဝင်များစွာသည် လစ္စဘွန်းမြို့ရှိ ရော့စ်ဆီယို (Rossio) ရင်ပြင်နှင့် ပေါ်တိုမြို့ရှိ ဒွမ်ဂျို I(Dom Joao) ရင်ပြင်တို့တွင် တည်ဆောက်ထားသော ဆန္ဒပြစခန်းများကို ဝင်ရောက်ဖြိုဖျက်ခဲ့သည်။ အိမ်ရာစရိတ် အဆမတန် မြင့်တက်လာမှုကို ဆန့်ကျင်သည့် ငြိမ်းချမ်းသော ချီတက်ပွဲများ အောက်တိုဘာလ ၃၁ ရက်က ပြုလုပ်ပြီးနောက် ဆန္ဒပြသူများသည် ထိုနေရာများတွင် တဲများထိုး၍ စခန်းချခဲ့ကြခြင်း ဖြစ်သည်။


ရဲတပ်ဖွဲ့သည် ဆန္ဒပြသူများကို လူစုခွဲရန်အတွက် ဒိုင်းများနှင့် တုတ်များကို အသုံးပြုခဲ့သည်။ ရဲတပ်ဖွဲ့က ပြောကြားရာတွင် စခန်းများကို ဝင်ရောက်ရှင်းလင်းစဉ် ဆန္ဒပြသူအချို့က ရဲတပ်ဖွဲ့ဝင်များထံသို့ ပုလင်းများနှင့် ဆေးရောင်ဘူးများ ပစ်ပေါက်ခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်းကလည်း ပေါ်တူဂီရဲတပ်ဖွဲ့သည် မြို့နှစ်မြို့တွင် တည်ဆောက်ထားသည့် ဆန္ဒပြတဲထိုးစခန်းများကို အကြိမ်ကြိမ် ရှင်းလင်းဖယ်ရှားခဲ့သည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ လူစုခွဲရန် အမိန့်ပေးချက်ကို လိုက်နာရန် ငြင်းဆန်ခဲ့သည့်အတွက် လစ္စဘွန်းတွင် ၆ ဦးနှင့် ပေါ်တိုတွင် ၇ ဦး၊ စုစုပေါင်း ၁၃ ဦးကို ဖမ်းဆီးခဲ့သည်။ စခန်းများကို ဖြိုဖျက်ရန် ကြိုးပမ်းစဉ် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၈ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် အရေအတွက် အတိအကျ မသိရသော်လည်း အရပ်သားအချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
တစ်ချိန်တည်းမှာပင် ပေါ်တိုမြို့၌ ဖမ်းဆီးခံထားရသူများကို ကိုယ်စားပြုသည့် ရှေ့နေတစ်ဦးက ရဲတပ်ဖွဲ့၏ တုံ့ပြန်ဆောင်ရွက်မှုမှာ အချိုးအစားမမျှတကြောင်း၊ စစ်ဆင်ရေး၏ အတိုင်းအတာရော၊ လုပ်ဆောင်ချက်များပါ အလွန်အကျွံဖြစ်နေကြောင်း ပြောကြားခဲ့သည်။
Acampada Lisboa အမည်ရှိ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဆန္ဒပြသူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၁၀ ဦးမှာ ဆေးရုံတွင် ကုသမှုခံယူရန် လိုအပ်ခဲ့ကြောင်း ပြောကြားသည်။
ယင်းအဖွဲ့က ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်ကို ဆန့်ကျင်သည့်အနေဖြင့် မြို့တော်၌ နိုဝင်ဘာလ ၁ ရက်တွင် ဆန္ဒပြပွဲအသစ်တစ်ခု ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။ “ကျွန်ုပ်တို့ကို တိတ်ဆိတ်သွားအောင် လုပ်လို့မရပါဘူး” ဟု အဆိုပါအဖွဲ့က ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြထားသည်။
ပေါ်တူဂီနိုင်ငံသည် ဥရောပတွင် အဆိုးရွားဆုံး အိမ်ရာအကျပ်အတည်းများထဲမှ တစ်ခုကို ရင်ဆိုင်နေရပြီး ၂၀၁၇ ခုနှစ်မှစ၍ အိမ်ဈေးနှုန်းများမှာ နှစ်ဆကျော် မြင့်တက်လာခဲ့သည်။
Ref: AFP
