
နီဇော်သစ်
ယခုတစ်ပတ်တွင် အယ်လ်နီညိုဖြစ်စဉ်ကို နည်းပညာဖြင့် ဘယ်လိုစောင့်ကြည့်နေခဲ့၍ စူပါ အယ်လ်နီညို ဖြစ်စဉ်ကို ခန့်မှန်းနိုင်ခဲ့သလဲ၊ မဝေးသည့်အနာဂတ်တွင် မည်သို့သော ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများ ဖြစ်လာနိုင်သလဲဆိုသည်ကို ဘယ်လို ကြိုတင်ခန့်မှန်းထားလဲဆိုသည့် အကြောင်း တင်ပြပါမည်။
အယ်လ်နီညိုဆိုသည်မှာ အီကွေတာတစ်ဝိုက်ရှိ ပစိဖိတ်သမုဒ္ဒရာ ရေမျက်နှာပြင်အပူချိန်များ ပုံမှန်ထက် မြင့်တက်လာပြီး သမုဒ္ဒရာနှင့် လေထုအကြား အပြန်အလှန်သက်ရောက်မှုများ ပြောင်းလဲသွားသည့် သဘာဝရာသီဥတုဖြစ်စဉ်။ ယင်းကြောင့် ကမ္ဘာ့ဒေသအသီးသီးတွင် မိုးရွာသွန်းမှုပုံစံ၊ အပူချိန်နှင့် လေထုလည်ပတ်မှုပုံစံများ ပြောင်းလဲနိုင်သည်။ အချို့ဒေသများ၌ မိုးခေါင်မှုနှင့် အပူလှိုင်းများ ပိုမိုပြင်းထန်လာနိုင်သကဲ့သို့ အခြားဒေသများ၌ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးမှုအန္တရာယ် များလည်း မြင့်တက်လာနိုင်သည်။ လက်ရှိအယ်လ်နီညိုကို စူပါအယ်လ်နီညိုဟု ပြောဆိုရေးသား နေကြသည်မှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးပင်လယ် ရေမျက်နှာပြင်အပူချိန်ကို ရောက်ရှိခဲ့သည့် ၁၉၅၀ ပြည့်လွန်နှစ်များကဖြစ်စဉ်လောက် အားကောင်းလာနိုင်သော သို့မဟုတ် ပိုအားကောင်း သွားနိုင်သော ဖြစ်စဉ်တစ်ခုကို မြင်တွေ့နေရ၍ဖြစ်သည်။
ထိုကဲ့သို့ ကမ္ဘာ့ဒေသများအနှံ့ သက်ရောက်မှု ရှိနိုင်သည့်ဖြစ်စဉ်တစ်ခုကို စောင့်ကြည့်ရာတွင် မြေပြင်မှ ရာသီဥတု တိုင်းတာရေးကိရိယာများကိုသာ အားကိုး၍မရ။ ဂြိုဟ်တုများ၊ သမုဒ္ဒရာအတွင်းရှိ အလိုအလျောက် တိုင်းတာရေးကိရိယာများ၊ ကွန်ပျူတာရာသီဥတုမော်ဒယ်များနှင့် ဉာဏ်ရည်တု နည်းပညာ (AI) တို့ကို ပေါင်းစပ်အသုံးပြုရသည်။
ဘာတွေကို တိုင်းတာလေ့လာနေလဲ
အယ်လ်နီညိုဖြစ်စဉ်ကိုနားလည်ရန် အရေးကြီးဆုံးအချက်တစ်ခုမှာ ပစိဖိတ်သမုဒ္ဒရာအတွင်း အပူဓာတ် မည်သို့ ရွေ့လျားနေသည်ကို သိရှိရန်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် အပူချိန်ကို တိုင်းတာရုံဖြင့် မလုံလောက်။ သမုဒ္ဒရာရေထုအောက်ပိုင်းတွင် သိုလှောင်ထားသည့် အပူပမာဏနှင့် အပူဓာတ် ရွေ့လျားသည့် ပုံစံများကလည်း အရေးပါသည်။ သမုဒ္ဒရာရေပူနွေးလာသောအခါ ရေထုသည် တိုးလာသဖြင့် ပင်လယ်ရေမျက်နှာပြင် အနည်းငယ် မြင့်တက်လာတတ်သည်။ ထို့ကြောင့် ရေမျက်နှာပြင်အမြင့်ကို တိကျစွာတိုင်းတာခြင်းဖြင့် သမုဒ္ဒရာအတွင်း အပူဓာတ်စုဝေးနေသည့် နေရာများကို ခြေရာခံနိုင်သည်။
ထို့ပြင် ဂြိုဟ်တုများမှရရှိသည့် ရေမျက်နှာပြင် အပူချိန်၊ အမြင့်နှင့် အရောင်ဆိုင်ရာအချက်အလက် များကို သမုဒ္ဒရာအတွင်းရှိ ရေပေါ်တိုင်းတာရေး ကိရိယာများ၊ သင်္ဘောများမှ တိုင်းတာချက်များနှင့် ပေါင်းစပ်စစ်ဆေးကြသည်။ ထိုအချက်အလက်များကို ကွန်ပျူတာမော်ဒယ်များထဲသို့ ထည့်သွင်းပြီး သမုဒ္ဒရာအပူချိန် မည်သို့ပြောင်းလဲလာနိုင်သလဲ၊ လေထုလည်ပတ်မှု မည်သို့ပြောင်းလဲနိုင်သလဲ၊ အကျိုးဆက်အဖြစ် မည်သည့်ဒေသများတွင် မိုးရွာသွန်းမှုပုံစံပြောင်းလဲနိုင်သည်တို့ကို ခန့်မှန်းကြသည်။
တစ်ပတ်အတွင်း အပူချိန်ကွာခြားချက်
အမေရိကန် အာကာသအေဂျင်စီ (နာဆာ)က ပစိဖိတ်သမုဒ္ဒရာမျက်နှာပြင်အပူချိန်ကို ဂြိုဟ်တု အမျိုးမျိုးသုံး၍ ထောက်လှမ်းစစ်ဆေးပြီး ထုတ်ပြန် လျက်ရှိသည်။ ထိုအချက်အလက်များအရ လက်ရှိ အနေအထားနှင့် သမိုင်းတွင်ဖြစ်ခဲ့သည့်အနေအထားတို့ကို နှိုင်းယှဉ်လေ့လာနိုင်သည်။ ပစိဖိတ်သမုဒ္ဒရာ ရေမျက်နှာပြင်အပူချိန်နှင့် အယ်လ်နီညိုဖြစ်စဉ်တို့ကို နှိုင်းယှဉ်လေ့လာရာတွင် သီတင်းပတ်အလိုက် အပူချိန် ကွာခြားချက်နှင့် သုံးလပတ် အပူချိန်ကွာခြားချက် ဟူ၍ နှစ်မျိုးနှစ်စား လေ့လာသည်။
သီတင်းပတ်အလိုက် အပူချိန်ကွာခြားချက်ကိုလေ့လာရာတွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက် မှ ၁၇ ရက်အတွင်း ပျမ်းမျှအပူချိန်ကွာခြားချက် ၃ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်ရှိခဲ့သည်။ ဆိုလိုသည်မှာ ပစိဖိတ်ရေမျက်နှာပြင်သည် တစ်ပတ်အတွင်းမှာပင် ရေရှည်ပျမ်းမျှအပူချိန်ထက် ၃ ဒသမ ၃ ဒီဂရီ မြင့်တက်ခဲ့သည်။ ယင်းမှာသမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်နှင့် တူညီနေသည်။ ဒေသအလိုက် တိုင်းတာမှုများကို အတိတ်နှင့်နှိုင်းယှဉ်ကြည့်လျှင် ပိုမိုစိတ်ဝင်စားဖို့ကောင်းသည့် မြင်ကွင်းတစ်ခုကို တွေ့မြင်လာရသည်။
နီညို(၁+၂)ဟု အမည်ပေးထားသည့် တောင်အမေရိက ကမ်းရိုးတန်းအနီး ပြီးခဲ့သည့် တစ်ပတ်အတွင်း အပူချိန်မြင့်တက်မှုမှာ ၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်ရှိခဲ့သည်။ ယင်းမှာ သမိုင်းတစ်လျှောက် အမြင့်ဆုံး ဖြစ်ခဲ့သည့် ၁၉၈၃ ခုနှစ် ဇွန်လအတွင်း ၄ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်ထက် ပိုမြင့်နေသည်။ နီညို(၃)ဟု အမည်ပေးထားသည့် တောင်အမေရိက ကမ်းလွန်ဒေသတွင် တစ်ပတ်အတွင်း အပူချိန်မြင့်တက်မှု ၄ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်ရှိခဲ့ပြီး အမြင်ဆုံးဖြစ်ခဲ့သည့် ၁၉၉၇ ခုနှစ် နိုဝင်ဘာလအတွင်း ၃ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ်ထက် ပိုမြင့်နေသည်။ အရှေ့ဘက်ပိုကျ သည့် နီညို (၃.၄) ဒေသ၊ နီညို (၃)နှင့် (၄)တို့၏ ကြားဒေသဖြစ်ပြီး အယ်လ်နီညိုတွက်ချက်မှုများ တွင် အသုံးအများဆုံးဒေသ၌လည်း တစ်ပတ်အတွင်း အပူချိန်မြင့်တက်မှု ၃ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ် ရှိခဲ့ပြီး အမြင့်ဆုံး ဖြစ်သည့် ၂၀၁၅ နိုဝင်ဘာအတွင်း ၃ ဒီဂရီဆဲလ်စီးယပ်ထက် ပိုမြင့်နေသည်။
သုံးလပတ် အပူချိန်ကွာခြားချက်
ပြီးခဲ့သည့် သုံးလပတ်အတွင်း ပစိဖိတ်သမုဒ္ဒရာ ပျမ်းမျှရေမျက်နှာပြင် အပူချိန်မြင့်တက်မှုမှာ ၁ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်ရှိခဲ့သည်။ ယင်းမှာ အမြင့်ဆုံးဖြစ်ခဲ့ဖူးသည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာမှ ၂၀၁၆ ခုနှစ် ဇန်နဝါရီအထိ သုံးလပတ် အပူချိန်မြင့်တက်မှု ၂ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်အောက် လျော့နည်းနေဆဲ ဖြစ်သည်။ အမေရိကန်အမျိုးသားသမုဒ္ဒရာနှင့် လေထု အဖွဲ့ NOAA က လာမည့် အောက်တိုဘာ-ဒီဇင်ဘာ သုံးလပတ်တွင် ထိုစံချိန်ကို ကျော်လွန်သွားရန် ၈၃ ရာခိုင်နှုန်းသေချာကြောင်း ခန့်မှန်း ထားသည်။
ဆိုလိုသည်မှာ သုံးလပတ်အပူချိန်မြင့်တက်မှုတွင် စံချိန်မတင်သေး။ သို့သော် စံချိန်တင်ထားသည့် သုံးလပတ်မှာ နိုဝင်ဘာ-ဇန်နဝါရီ သုံးလပတ်ဖြစ်နေသည်။ NOAA ၏ ခန့်မှန်းချက်အရဆိုလျှင် ယခု အကြိမ်၌ ထိုသုံးလပတ်ထက်စောသည့် ကာလ အတွင်း စံချိန်ချိုးတော့မည်။
ထိုအချက်များကြောင့် ယခုနှစ် အယ်လ်နီညိုကို သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးဖြစ်လာနိုင်သည့် စူပါအယ်လ်နီညိုဟု အမည်တပ်ထားခြင်းဖြစ်သည်။ ရှေ့ဆက်ဘာတွေဖြစ်လာနိုင်သလဲဆိုလျှင်တော့ ရာသီဥတုအဖွဲ့များ၏ ကြိုတင်ခန့်မှန်းချက်များကိုကြည့်ပါ။ ကုလသမဂ္ဂကမ္ဘာ့မိုးလေဝသဌာန၏ ခန့်မှန်းချက်အရ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း အရှေ့အာဖရိက၊ အထူးသဖြင့် ဆိုမာလီယာ၊ ကင်ညာနှင့် အီသီယိုးပီးယား တောင်ပိုင်းတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်လာနိုင်သည်။ ယင်းမှာ မိုးခေါင်ရေရှားမှုထက် အသေအပျောက်၊ အပျက်အစီးပိုများနိုင်သည့် အလားအလာတစ်ခုဖြစ်သည်။ အရှေ့တောင်အာရှတွင်မူ ထိုသုံးလပတ်အတွင်း တောမီးလောင်မှုနှင့် မြူမီးခိုးများ၏အန္တရာယ်ကို သတိထားကြရန် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် မက္ကဆီကို၊ စပိန်၊ အီကွေဒေါ၊ ပြင်သစ်နှင့် မလေးရှား တို့မှ ရေကြီးရေလျှံမှုများမှာ စူပါအယ်လ်နီညိုဖြစ်စဉ် တစ်ခုတည်းကြောင့်ဟု ကောက်ချက်ချ၍မရနိုင် သော်လည်း သက်ရောက်မှုများပါဝင်နေသည်ကတော့ သေချာပါသည်။ ယခုတစ်ပတ်တွင် နည်းပညာ အကြောင်း နည်းသွားသည်။ နောက်တစ်ပတ်တွင် ထိုသို့ကြိုတင်ခန့်မှန်းနိုင်ရန် မည်သည့် နည်းပညာများ သုံးထားသလဲဆိုသည်ကို တင်ပြသွားပါမည်။