Myanmar Digital News

မွန်ဂိုလီးယားနိုင်ငံ၌ ပြင်းထန်သည့် ဆောင်းရာသီ ကြုံတွေ့နိုင်

အူလန်ဘာတာ အောက်တိုဘာ ၂၇

မွန်ဂိုလီးယားနိုင်ငံ၏  ပိုင်နက်  ၈၃ ရာခိုင်နှုန်းခန့်သည်  ယခုနှစ် ဆောင်းရာသီတွင် ဇွဒ်ဟုအမည်တွင်သည့်  ပြင်းထန်သည့် ဆောင်းရာသီအခြေအနေနှင့် ကြုံတွေ့နိုင်ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီးဌာနက အောက်တိုဘာ   ၂၇  ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဇွဒ်ဆိုသည်မှာ မွန်ဂိုလီးယားဘာသာစကားဖြင့်  မြေပြင်များအေးခဲခြင်း၊ နှင်းထူထပ်စွာကျဆင်းခြင်းနှင့်  စားကျက်မြေများသို့ သွားရောက်စားသောက်ရန် ခက်ခဲခြင်းကြောင့် မွေးမြူရေးတိရစ္ဆာန် အများအပြားသေဆုံးစေနိုင်သည့် ပြင်းထန်သော  ရာသီဥတုအခြေအနေဟု အဓိပ္ပာယ်ရသည်။

နိုင်ငံပိုင်နက် စုစုပေါင်း၏  ၂၆ ရာခိုင်နှုန်းခန့်သည် ယခုဆောင်းရာသီတွင် ‘ဇွဒ်’ ဘေးအန္တရာယ်နှင့်  ကြုံတွေ့ရနိုင်ခြေမြင့်တက်နေကြောင်း တွေ့ရှိရသည်ဟု မကြာမီက ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ရပ်တွင်ဖော်ပြထားကြောင်း  အဆိုပါဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်ခြေမြင့်မားသည့်ဒေသများတွင် နိုင်ငံအနောက်ပိုင်းရှိ   ဗရန်ယူဂေ၊ ယူဗတ်၊ ဇတ်ခန်း၊  ကော့ဒ်ပြည်နယ်များ၊ တောင်ပိုင်းရှိ ယူနူဂိုဗီပြည်နယ်နှင့် အလယ်ပိုင်းရှိ အာကန်ဂိုင်းနှင့် ယူကန်ဂိုင်းပြည်နယ်များ  ပါဝင်ကြောင်း သိရသည်။

မွန်ဂိုလီးယားနိုင်ငံသည် ပြင်းထန်သော ကုန်းတွင်းပိုင်း ရာသီဥတုမျိုးရှိသည့်အတွက် လူသိများသည်။  အဆိုပါရာသီဥတုတွင်  ဆောင်းရာသီသည် အချိန်ကြာရှည်ပြီး   အလွန်အမင်းအေးခဲကာ  နွေရာသီမှာမူ  အချိန်တိုတောင်းလေ့ရှိသည်။

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News