Myanmar Digital News

တရုတ်-အင်ဒိုနီးရှားကြည်းတပ် ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေး လေ့ကျင့်ခန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကွမ်တုန်း      အောက်တိုဘာ     ၂၇

တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ပြုလုပ်သည့် “Sharp Knife 2026” အမည်ရှိ ကြည်းတပ်ပူးတွဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးလေ့ကျင့်ခန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၇ ရက်က တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။  

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နှစ်နိုင်ငံစလုံးမှ တပ်ဖွဲ့ဝင်များသည် ထောက်လှမ်းရေး၊ ဆက်သွယ်ရေး၊ မောင်းသူမဲ့စနစ်များ၊ ချောင်းမြောင်းပစ်ခတ်မှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ အထူးလေ့ကျင့်ခန်းများကို ဆောင်ရွက်ခဲ့သည်။  ယခု ပူးတွဲလေ့ကျင့်ခန်းသည် နှစ်နိုင်ငံတပ်မတော်များအကြား တိုက်ပွဲဝင်နိုင်စွမ်းကို အလေးပေးသည့် လေ့ကျင့်ရေးစွမ်းရည်များ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်သည်။  အဆိုပါလေ့ကျင့်ခန်းတွင်   နှစ်ဖက်တပ်ဖွဲ့ဝင်များသည် အထူးပြုလေ့ကျင့်ခန်းများ၊ နည်းဗျူဟာပိုင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများနှင့် ဘက်စုံလေ့ကျင့်ခန်းများကို ပူးတွဲလုပ်ဆောင်ကြမည်ဖြစ်သည်။

ယခုအစီအစဉ်တွင် နှစ်နိုင်ငံစလုံးမှ တပ်ဖွဲ့များသည်  သီးသန့်ခေါင်းစဉ်အလိုက်  ဆွေးနွေးပွဲများ၊ လက်နက်နှင့်  စစ်ဘက်ဆိုင်ရာ  ပစ္စည်းကိရိယာများ ပြသခြင်း၊  အားကစားပြိုင်ပွဲများနှင့် ယဉ်ကျေးမှုဖလှယ်ခြင်းအစီအစဉ်များကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။

ယခု ပူးတွဲလေ့ကျင့်ခန်းသည် တောင်တန်းဒေသများတွင် ပြုလုပ်မည့် ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အဓိကထားလေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။ လေ့ကျင့်ခန်းများတွင် တောင်တက်ခြင်း၊  အထူးယာဉ်များ မောင်းနှင်ခြင်း၊ ရဟတ်ယာဉ်မှ ကြိုးဖြင့်ဆင်းသက်ခြင်း၊ အနီးကပ်တိုက်ခိုက်ခြင်းနှင့် လူလိုက်ပါသော စနစ်များနှင့် မောင်းသူမဲ့စနစ်များအကြား ညှိနှိုင်းဆောင်ရွက်သည့် စစ်ဆင်ရေးများ ပါဝင်ကြောင်း  တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ ယခုဆောင်ရွက်သည့်  ပူးတွဲလေ့ကျင့်ခန်းသည် နှစ်နိုင်ငံ တပ်မတော်များအကြား  လက်တွေ့ကျသော  ဖလှယ်မှုများနှင့်  ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေကာ နှစ်ဖက်စလုံး၏ ပူးတွဲစစ်ဆင်ရေး စွမ်းဆောင်ရည်များကို မြှင့်တင်ပေးလိမ့်မည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News