Myanmar Digital News

အင်ဒိုနီးရှားနိုင်ငံ၌ မီးခိုးမြူငွေ့ကြောင့် အသက်ရှူလမ်းကြောင်းရောဂါ ခံစားရသူများအား အောက်ဆီဂျင်ဓာတ်ငွေ့ကန်များပါဝင်သည့် ဘတ်စ်ကားများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

ဂျကာတာ အောက်တိုဘာ ၂၈

 

အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုဒေသရှိ ပလန်ကာ ရာယာမြို့တွင် တောမီးလောင်ကျွမ်းမှုဒဏ်သင့် ဒေသခံမျာအား မီးခိုးမြူငွေ့ကြောင့် ကျန်းမာရေးထိခိုက်မှုမှကာကွယ်ရန် အောက်ဆီဂျင် ဓာတ်ငွေ့ကန်များပါဝင်သည့် အခမဲ့ဘတ်စ်ကားများပြေးဆွဲကာ ကျန်းမာရေးဝန်ဆောင်မှု ပေးနေကြောင်း သိရသည်။

 

အဆိုပါဘတ်စ်ကားပေါ်ရှိ ကျန်းမာရေးဝန်ထမ်းများက မီးခိုးမြူငွေ့သင့်ဒေသခံများအား အောက်ဆီဂျင်ပိုက်များ နှာခေါင်းတွင်တပ်ဆင်စေပြီး အသက်ရှူစေခဲ့သည်။

 

ယခုဆောင်ရွက်သည့် ဝန်ဆောင်မှုသည် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများ ကြုံတွေ့နေရသူများနှင့် လေထုအရည်အသွေး ဆိုးရွားသည့်အခြေအနေများတွင် အောက်ဆီဂျင်အထောက်အပံ့ လိုအပ်နေသူများ အောက်ဆီဂျင်ရရှိနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အလယ်ကာလီမန်တန် ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်သည်။

 

အဆိုပါဘတ်စ်ကားပေါ်ရှိ ကျန်းမာရေးလုပ်သားက လာရောက်ပြသသည့် လူနာအား ကျန်းမာရေးအခြေအနေ မေးမြန်းမှတ်တမ်းရေးကာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါခံစားရသူများအား အောက်ဆီဂျင်ဓာတ်ငွေ့ ရှူရှိုက်စေခဲ့ကြောင်း သိရသည်။

 

နိုင်ငံတစ်ဝန်းတွင် အောက်ဆီဂျင်အခမဲ့ရယူနိုင်ပြီး မီးခိုးမြူငွေ့များကြောင့် ဖြစ်ပေါ်လာသော ကျန်းမာရေးပြဿနာများအတွက် ကုသမှုခံယူနိုင်သည့်နေရာပေါင်း ၅၀၀ နီးပါးကို ဖွင့်လှစ်ထားရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ၎င်းတို့အနက် နေရာ ၃၀၀ နီးပါးမှာ အလယ်ပိုင်းကာလီမန်တန်ဒေသတွင် တည်ရှိသည်။

 

ယခုနှစ်တွင် ပြင်းထန်သော အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အပူချိန်များမြင့်တက်လာခဲ့ပြီး ၎င်းသည် သစ်တောများကို မီးလောင်ကျွမ်းရန် လွယ်ကူစေခဲ့သည်။

 

သြဂုတ်မှ အောက်တိုဘာလ ၂၅ ရက်အထိ မီးခိုးမြူငွေ့များနှင့်ဆက်စပ်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားမှုပေါင်း ၃၅၀၀၀၀ ခန့် ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ ၎င်းတို့အနက် အလယ်ပိုင်း ကာလီမန်တန်ဒေသတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူ ၃၁၀၀၀ ရှိသည်။

 

VN Express

မူရင်းသတင်း — Myanmar Digital News