Myanmar Digital News

အိန္ဒိယနိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်း အာနာဘ် ဝင်ရောက်တိုက်ခတ်

နယူးဒေလီ   အောက်တိုဘာ   ၂၉

အိန္ဒိယနိုင်ငံတောင်ပိုင်း  အင်ဒရာပရာဒေ့ရှ် ပြည်နယ်တွင်  ဆိုင်ကလုန်းမုန်တိုင်း   အာနာဘ် ဝင်ရောက်တိုက်ခတ်မှုကြောင့်  သေဆုံးသူအရေအတွက်မှာ ငါးဦးအထိရှိခဲ့ကြောင်း  ပြည်နယ်ဝန်ကြီးချုပ် အင်န်ချန်ဒရာ ဘာဘူနာဒူးက   အတည်ပြုပြောကြားသည်။

သေဆုံးသူများသည် သစ်ပင်၊ နံရံနှင့် ဓာတ်တိုင်များပြိုလဲခြင်းနှင့် ဓာတ်လိုက်ခြင်းတို့ကြောင့် သေဆုံးခြင်းဖြစ်သည်။ အဆိုပါ မုန်တိုင်းဝင်ရောက် တိုက်ခတ်သည့်ဒေသများတွင် မတော်တဆမှုများ ထပ်မံမဖြစ်စေရေးအတွက်  ဓာတ်အားလိုင်းများ  ဖြတ်တောက်ခြင်းနှင့် လာမည့်ရက်အနည်းငယ်အထိ ကျောင်းများပိတ်ထားခြင်းတို့ကို ဆောင်ရွက်ခဲ့ရပြီး ပြည်နယ်အတွင်းလေဆိပ်နှစ်ခုတွင် ရောက်ရှိလာမည့်  လေကြောင်းခရီးစဉ်  ၃၅ ခုကျော်ကို ဖျက်သိမ်းခြင်းနှင့် လမ်းကြောင်းပြောင်းခြင်းတို့အား ဆောင်ရွက်ခဲ့သည်။

တစ်နာရီလျှင် လေတိုက်နှုန်း ကီလိုမီတာ ၁၃၀ အထိရှိသော အဆိုပါ  ဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာ ၂၈ ရက် အစောပိုင်းက   နိုင်ငံ၏ အင်ဒရာပရာဒေ့ရှ် ပြည်နယ်၏ အစိတ်အပိုင်းအချို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး  ဩဒိဿ၊ ဂျာခန်း၊ ချတ္တိစ်ဂါးစ်နှင့် အနောက်ဘင်ဂေါပြည်နယ်များသို့ ဆက်လက်ရွေ့လျားသွားခဲ့သည်။ ငှက်ပျောနှင့်အုန်း ကဲ့သို့သော သီးနှံများစိုက်ပျိုးထားသည့် စိုက်ပျိုးမြေ ဟက်တာ ၇၁၀၀၀ မှာ တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) လုံးဝပျက်စီးသွားခဲ့ကြောင်း ၎င်းက ပြောကြားသည်။

လူဦးရေ ၅၇၀၀၀ အား ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး နေအိမ် ၁၈၀ နီးပါး ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News