Myanmar Digital News

မလေးရှားနိုင်ငံ၌ မီးခိုးမြူငွေ့ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ရင်းဂစ် ရှစ်ဘီလီယံရှိ

ကွာလာလမ်ပူ အောက်တိုဘာ ၂၉

မလေးရှားနိုင်ငံတွင်  ယခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် မီးခိုးမြူငွေ့များကြောင့် ဒေသခံ ၁၇၀၀ သေဆုံးပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ရင်းဂစ် ရှစ်ဘီလီယံရှိကြောင်း အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန် သည့်မှတ်တမ်းအရ သိရသည်။

နိုင်ငံပြင်ပတွင်ဖြစ်ပွားသည့် မီးလောင်ကျွမ်းမှုများမှ ထွက်လာသည့် မီးခိုးများကြောင့် သေဆုံးမှုများ ဖြစ်ခြင်းဖြစ်သည်။  ဇူလိုင် ၁ ရက်မှ အောက်တိုဘာ  ၂၂ ရက်အတွင်း မီးခိုးငွေ့များထဲမှ အမှုန်အမွှားငယ်များနှင့် ထိတွေ့မိခြင်းကြောင့် ‌ဒေသခံ ၁၇၀၀ သေဆုံးခဲ့ကြောင်း မလေးရှားကုန်ပစ္စည်း  ထုတ်လုပ်သူများ အဖွဲ့ချုပ်၏ အစီရင်ခံစာအရ သိရသည်။

၎င်းသေဆုံးမှုများအနက် ၁၆၀၀ ခန့်မှာ နိုင်ငံဖြတ်ကျော်  ဝင်ရောက်လာသော  မီးခိုးမြူငွေ့များကြောင့် ဖြစ်သည်။  မီးခိုးမြူငွေ့များကြောင့် စီးပွားရေးလုပ်ငန်းလည်ပတ်မှုများတွင် ထိခိုက်မှုများရှိခဲ့သည်။ 

ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း ၈၁ ခု အပါအဝင် လုပ်ငန်းဌာန ၈၆ ခုကို မလေးရှားကုန်ပစ္စည်းထုတ်လုပ်သူများ အဖွဲ့ချုပ်က စစ်တမ်းကောက်ယူခဲ့ရာတွင် ၆၉ ရာခိုင်နှုန်းမှာလုပ်ငန်းလည်ပတ်မှုအပေါ် သက်ရောက်မှု အချို့ရှိခဲ့ကြောင်း တွေ့ရှိရပြီး ၂၆ ရာခိုင်နှုန်းမှာမူ ဝန်ထမ်းများ အလုပ်မလာနိုင်ခြင်းကြောင့် လုပ်ငန်းများ နှောင့်နှေးခဲ့ကြောင်း သိရသည်။

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News