Myanmar Digital News

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း မာယွန်မီးတောင် ပေါက်ကွဲ၊ သတိပေးအဆင့် သုံးအထိ မြှင့်တင်

အောက်တိုဘာ ၃၀

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းရှိ အယ်လ်ဘေးပြည်နယ်တွင် မာယွန်မီးတောင် ယနေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင်မီးတောင်ဗေဒနှင့် ငလျင်ဗေဒအင်စတီကျုက ပြောကြားခဲ့သည်။

အင်စတီကျု၏ကြေညာချက်အရ မာယွန်မီးတောင်တွင်  ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၅၃ မိနစ်ခန့်က အသင့်အတင့် ပေါက်ကွဲနိုင်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုပေါက်ကွဲမှုသည် ခြောက်မိနစ်ခန့် ကြာမြင့်ခဲ့သည်။

မီးတောင်ဝအထက် မီတာ ၃၀၀၀ အထိ မြင့်တက်လာသော မီးခိုးငွေ့များ ထွက်ပေါ်လာကြောင်းနှင့် ပြာမှုန်များသည် အနောက်နှင့် အနောက်တောင်ဘက်သို့ ရွေ့လျားသွားမည်ဟု မျှော်လင့်ရကြောင်း ဖော်ပြထားသည်။

ထိုအင်စတီကျုက အဆင့် နှစ်မှ အဆင့် သုံးအထိ သတိပေးအဆင့်ကို မြှင့်တင်ခဲ့ပြီး အဆင့် ငါးသည် အမြင့်ဆုံးဖြစ်သည်ဟု သိရသည်။

ကြေညာချက်တွင် ခြောက်ကီလိုမီတာပတ်လည် အမြဲတမ်းအန္တရာယ်ဇုန်အတွင်းရှိ လူများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် အကြံပြုထားပြီး အရပ်ဘက်လေကြောင်းအာဏာပိုင်များက လေယာဉ်မှူးများအား မီးတောင်ထိပ်အနီးတွင် ပျံသန်းခြင်းကိုရှောင်ကြဉ်ရန် အကြံပြုထားကြောင်း ဖော်ပြထားသည်။

မေယွန်မီးတောင်သည် ကတော့ပုံသဏ္ဌာန်ကြောင့် ကျော်ကြားပြီး ဖိလစ်ပိုင်နိုင်ငံတွင် လှုပ်ရှားမှုအများဆုံး မီးတောင်များထဲမှ တစ်ခုဖြစ်ကြောင်းနှင့် သမိုင်းတစ်လျှောက် ပြင်းထန်သော ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားခဲ့ပြီး ထိုပေါက်ကွဲမှုများကြောင့် လူအများအပြားကို ဘေးလွတ်ရာသို့ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

မူရင်းသတင်း — Myanmar Digital News