NP News

တပ်မတော်က ထိုင်းကုန်သည်များကို KNU ထံ ကုန်ပစ္စည်းမပို့ရန် သတိပေးထားကြောင်း သိရ

ALynn (NP News) - နိုဝင်ဘာ ၁

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ KNU လက်နက်ကိုင်အဖွဲ့ထံ ကုန်ပစ္စည်းများ ပေးပို့နေခြင်းကို ချက်ချင်းရပ်တန့်ရန် တပ်မတော်က ထိုင်းနယ်စပ်တာဝန်ရှိသူများနှင့်ကုန်သည်များအား တရားဝင် ကန့်ကွက်လွှာပေးပို့၍ သတိပေးလိုက်ကြောင်း The Nation သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
နိုဝင်ဘာ (၁) ရက်က ထုတ်ပြန်ခဲ့သော အဆိုပါကန့်ကွက်စာကို ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြန်မာ-ထိုင်း နယ်စပ်ကော်မတီမှတစ်ဆင့် ထိုင်းနိုင်ငံထံသို့ (၂၀၂၆) ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်ကတည်းက ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း KNU ပြန်ကြားရေး တာဝန်ရှိသူတစ်ဦး၏ အတည်ပြုပြောကြားချက်ကို ကိုးကားထားသည်။

ယင်းကန့်ကွက်စာတွင် ထိုင်းကုန်သည်များအနေဖြင့် KNU နှင့် ဆက်သွယ်ခြင်း မပြုရန်နှင့် KNU တပ်မဟာ (၅) ထိန်းချုပ်ထားသော သော်လဲထ စစ်ဆေးရေးဂိတ်ကို အသုံးပြု၍ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း မပြုရန် ပါရှိသည်။ အကယ်၍ လိုက်နာခြင်းမရှိပါက သော်လဲထဂိတ်နှင့် သို‌လှောင်ရုံအား လေကြောင်းမှ တိုက်ခိုက်သွားမည်ဟုလည်း ဖော်ပြထားကြောင်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံ၊ ဆော့မေးခရိုင်၊ ဘန်မဲဆမ်လက်ကျေးရွာတစ်ဖက်ခြမ်းရှိ KNU ထောက်ပံ့ရေးစခန်းတစ်ခုသို့ စားနပ်ရိက္ခာနှင့် နေ့စဉ်လူသုံးကုန်များ ပေးပို့နေမှုကို ထိုင်းဘက်မှ မတားဆီးပါက အဆိုပါစခန်းကိုလည်း ဝင်ရောက်တိုက်ခိုက်မည်ဟု ပါရှိသည်။

တပ်မတော်၏ ကန့်ကွက်စာတွင် လက်နက်ကိုင် KNU အဖွဲ့ကို မတရားအသင်း အဖြစ် ကြေညာထားပြီးဖြစ်ကြောင်း အဆိုပါနယ်မြေအတွင်း စီးပွားရေးလုပ်ကိုင်နေသည့် ထိုင်းလုပ်ငန်းရှင်များသည် မြန်မာ့ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ထိုင်းနိုင်ငံမှ နိုင်ငံရေးပါတီများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် KNU နှင့် စီးပွားရေး၊ လူမှုရေး သို့မဟုတ် နိုင်ငံရေးအရ မည်သည့်ပုံစံဖြင့်မဆို ပူးပေါင်းဆောင်ရွက်ခြင်းသည် လုံးဝမသင့်တော်ကြောင်းနှင့် ထောက်ပံ့ရေးလမ်းကြောင်းများကို လေကြောင်းမှ အစဉ်မပြတ် စောင့်ကြည့်၍ တင်းကြပ်စွာ နှိမ်နင်းသွားမည်ဟု သတိပေးထားသည်။

KNU ၏ ပြောကြားချက်အရ မြန်မာလေတပ်သည် တပ်မဟာ (၅) ထံ စီးဆင်းနေသည့် နယ်စပ်ကုန်သွယ်ရေးနှင့် ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ရန် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သော်လဲထ စခန်းသည် မူလက တပ်မတော်၏ စခန်းတစ်ခုဖြစ်ပြီး (၂၀၂၁) ခုနှစ်၊ ဧပြီလ (၂၇) ရက်တွင် KNU တပ်မဟာ (၅) က သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစခန်းကို တပ်မတော်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း KNU ဘက်မှ ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုမူ မသိရသေးပေ။

မူရင်းသတင်း — NP News