
သန့်ဇင် (NP News) - နိုဝင်ဘာ ၂
အကြမ်းဖက်တို့ အကြိမ်ကြိမ်ဖျက်ဆီးခဲ့သည့် ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်းဓာတ်အားလိုင်းမှ တာဝါတိုင်ကို လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပြန်လည်ပြုပြင်နေစဉ် FPV Drone တိုက်ခိုက်ခံရကြောင်း အစိုးရ၏ ထုတ်ပြန် ချက်အရ သိရသည်။
တိုက်ခိုက်ခံရမှုသည် ယမန်နေ့(နိုဝင်ဘာ ၁ ရက်) နံနက် (၁၀) နာရီ (၅၈) မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အထက်ပါ ဓာတ်အားလိုင်းမှ တာဝါတိုင်များကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကျွမ်းကျင်အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သား များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အကြမ်းဖက်သမားများက အဆိုပါလုပ်ငန်းခွင် အတွင်းသို့ FPV Drone များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂၃၀ ကေဗွီ တောင်ငူ - သာယာကုန်းဓာတ်အားလိုင်းသည် မြန်မာပြည်အထက်ပိုင်းရှိ ရေအားလျှပ်စစ်စက်ရုံများမှ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြန်မာပြည်အောက်ပိုင်းရှိ ဓာတ်အားသုံးစွဲနေသော ပြည်သူများထံသို့ ဓာတ်အား ပို့လွှတ်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဓာတ်အားလိုင်းရှိ တာဝါတိုင်များအား ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇ ရက်၊ ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်နှင့် ဇန်နဝါရီ ၂၃ ရက်တို့တွင်လည်း အကြမ်းဖက်သမားများ၏ အကြိမ်ကြိမ်ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် နေရာများစွာ တွင် ပျက်စီးခဲ့ရကြောင်း သိရသည်။
ပျက်စီးနေသည့် တာဝါတိုင်များကို ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိစဉ် အကြမ်းဖက်သမားများက ယခုကဲ့သို့ FPV Drone များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် စက်ကိရိယာ၊ ယန္တရားများပျက်စီးခဲ့ကြောင်း၊ ဆက်လက် ၍ အဆိုပါဓာတ်အားလိုင်းကို အခက်အခဲအမျိုးမျိုးကြားမှ ကြိုးစားပြုပြင်သွားမည်ဖြစ်ကြောင်းနှင့် ဓာတ်အားလိုင်း ပြုပြင်ပြီးစီးပါက မဂ္ဂါဝပ်(၂၀၀) ခန့် ပိုမိုပို့လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

