Myanmar Transparency News

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒက်ကာမြို့နှင့် အခြားမြို့ကြီးများ၌ အထည်ချုပ်လုပ်ငန်း အလုပ်သမားများ၏ ဆန္ဒပြမှုများအတွင်း ပဋိပက္ခများ ဖြစ်ပွား

၂.၁၁.၂၀၂၆
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက်ကာမြို့၊ မီရ်ပူ-၁၀ ရပ်ကွက်တွင် အထည်ချုပ်လုပ်သားများက လစဉ် အနိမ့်ဆုံး လုပ်ခလစာ တာကာ ၃၀,၀၀၀ ရရှိရေးအတွက် နိုဝင်ဘာလ ၁ ရက် က လမ်းမပေါ်ထွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ဆန္ဒပြမှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ပြီး နေရာအများအပြားတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

နိုဝင်ဘာလ ၁ ရက်တွင် အလုပ်သမားများက မြို့တော်ဒက်ကာ ရှိ မီရ်ပူခရိုင်တွင်သာမက ဂါဇီပူရ်ခရိုင်ရှိ ကလီယာကာမြို့နှင့် ဆာဗာ-အရှုလီယာ စက်မှုဇုန်ဒေသများ၌ ဆန္ဒပြမှုများနှင့် လမ်းပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။ အဆိုပါနေရာအများအပြားတွင် အလုပ်သမားများနှင့် ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သည့်အပြင် ပစ္စည်းဖျက်ဆီးမှုများနှင့် မီးရှို့ဖျက်ဆီးမှုများလည်း ရှိခဲ့သည်။

အထည်ချုပ်လုပ်သားများသည် နံနက်ပိုင်းတွင် မီရ်ပူ-၁၀ လမ်းဆုံ၌ စုဝေးဆန္ဒပြခဲ့ကြပြီး လစဉ် အနိမ့်ဆုံးလုပ်ခလစာ တာကာ ၃၀,၀၀၀ ရရှိရေး တောင်းဆိုခဲ့ကြသည်။ နောက်ပိုင်းတွင် ဆန္ဒပြမှုများသည် မီရ်ပူ-၁၁ ၊ မီရ်ပူ-၁၂ နှင့် ၎င်းတို့၏ ပတ်ဝန်းကျင်ဒေသများသို့ပါ ပျံ့နှံ့သွားခဲ့သည်။ အလုပ်သမားများနှင့် ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခများက နံနက် ၁၁:၃၀ နာရီဝန်းကျင်တွင် စတင်ဖြစ်ပွားခဲ့ပြီး နေ့လယ်ပိုင်းအထိ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီရ်ပူခရိုင်အတွင်း လမ်းမကြီးအများအပြားတွင် ယာဉ်သွားလာမှုများ ရပ်တန့်သွားခဲ့သည်။ တင်းမာမှုများ မြင့်တက်လာသည်နှင့်အမျှ မီရ်ပူ-၁၀၊ မီရ်ပူ-၁၁ နှင့် ပါလ်လာဘီ မက်ထရိုရထားဘူတာရုံများကို ယာယီပိတ်ထားခဲ့ရသည်။ မငြိမ်မသက်မှုများ ဖြစ်ပွားနေစဉ်အတွင်း မီရ်ပူ-၁၁ မက်ထရိုဘူတာရုံ အောက်တွင် ရပ်ထားသည့် ရဲတပ်ဖွဲ့ပိုင် ယာဉ်တစ်စီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဂါဇီပူရ်ခရိုင်ရှိ ကလီယာကာမြို့တွင်လည်းအလုပ်သမားများက ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ ဒက်ကာ-တန်ဂေးလ် အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ထားမှုကြောင့် ယာဉ်သွားလာမှုမှာ ခြောက်နာရီ နီးပါးကြာ အနှောင့်အယှက် ဖြစ်ခဲ့ရသည်။ အထည်ချုပ်စက်ရုံ ဂိုဒေါင်တစ်ခုနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတစ်ခုပိုင် ယာဉ်တစ်စီးတို့ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

အခြေအနေကို ထိန်းချုပ်နိုင်ရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများနှင့် အသံဗုံးများကို အသုံးပြုခဲ့သည်။ အလုပ်သမားများ လမ်းမပေါ်မှ ထွက်ခွာသွားပြီးနောက် ယာဉ်သွားလာမှုမှာ တဖြည်းဖြည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

စက်မှုဇုန်ရဲတပ်ဖွဲ့ ၏ အဆိုအရ ဆာဗာ-အရှုလီယာ စက်မှုဇုန်နယ်မြေအတွင်းရှိ စက်ရုံ ၁၇၇ ရုံနှင့် ဂါဇီပူရ်ရှိ စက်ရုံ ၁၀၀ ကျော်တို့သည် မငြိမ်မသက်မှုများ ဖြစ်ပွားနေချိန် နိုဝင်ဘာလ ၁ ရက်တွင် လုပ်ငန်းပိတ်ထားကြောင်း ကြေညာခဲ့ကြသည်။ စုစုပေါင်း စက်ရုံ ၃၀၀ ကျော်တွင် ထုတ်လုပ်မှု လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။

အလုပ်သမားများ ဆန္ဒပြနေစဉ်အတွင်း ပစ္စည်းဖျက်ဆီးခြင်း၊ မီးရှို့ခြင်းနှင့် ဖျက်လိုဖျက်ဆီးပြုလုပ်ခြင်းတို့တွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရသူ အများအပြားကို မီရ်ပူနှင့် ဂါဇီပူရ် ဒေသများတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ဒက်ကား မြို့တော်ရဲတပ်ဖွဲ့၏ မီရ်ပူဌာနခွဲက အဆိုပါဒေသအတွင်း ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများနှင့် ဆက်စပ်၍ လူ ၂၉ ဦးကို ဖမ်းဆီးထားကြောင်း ပြောကြားသည်။ တစ်ချိန်တည်းမှာပင် Gazipur စက်မှုဇုန်အတွင်း လူ ၂၀ ဦးကို ဖမ်းဆီးထားကြောင်း စက်မှုဇုန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် ကလီယာကာမြို့နယ်အတွင်းရှိ နေရာအသီးသီးတွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးများအတွင်း တားမြစ်ပိတ်ပင်ခံထားရသည့် အဝါမီလိဂ်ပါတီနှင့် ၎င်းနှင့်ဆက်နွှယ်သော အဖွဲ့အစည်းများမှ တက်ကြွ လှုပ်ရှားသူများနှင့် ခေါင်းဆောင်ကိုးဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ကလီယာကာ ရဲစခန်းမှူး ရှာဟီဒူလ် အစ္စလမ်က ၎င်းတို့သည် ရာဇဝတ်မှုဆိုင်ရာ လုပ်ရပ်အမျိုးမျိုးတွင် ပါဝင်ပတ်သက်နေသည်ဟူသော စွပ်စွဲချက်များကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

အလုပ်သမားရေးရာ မငြိမ်မသက်မှုများတွင် နိုင်ငံရေးပါဝင်ပတ်သက်မှုများ ရှိနေသည်ဟုလည်း ရဲတပ်ဖွဲ့က စွပ်စွဲထားသည်။ သို့သော် ဖမ်းဆီးခံရသူများအပေါ် တိကျသော စွပ်စွဲချက်များ၊ တရားစွဲဆိုထားသည့် အမှုအသေးစိတ်အချက်အလက်များနှင့် စွပ်စွဲချက်များကို ထောက်ခံသည့် အထောက်အထားများမှာ တရားစီရင်ရေး လုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

အလုပ်သမားဝန်ကြီး အာတီဖူလ် ဟာ့က် ချောင်ဒူရီက နိုင်ငံရေးအဖွဲ့အစည်းအချို့သည် အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။ ပြင်ပလူများသည် စက်ရုံအများအပြားကို ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပြီး အလုပ်သမားများ လမ်းမပေါ်ထွက်လာစေရန် လှုံ့ဆော်စည်းရုံးခဲ့သည်ဟု ၎င်းက ပြောဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ် တာရစ် ရာမန်၏ နိုင်ငံရေးလက်ထောက်တစ်ဦးဖြစ်သူ မိုဟာမက် ရာရှက်ခန်က လူမှုမီဒီယာပေါ်တွင် ရေးသားဖော်ပြချက်တစ်ခု၌ ဂါဇီပူရ်မြို့တွင် ဖြစ်ပွားနေသော အလုပ်သမားဆန္ဒပြပွဲကို အဝါမီလိဂ်ပါတီ၏ ကျောင်းသားအဖွဲ့အစည်းဖြစ်သော ချာထရာလိဂ် ခေါင်းဆောင်တစ်ဦးက ဦးဆောင်နေသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။

လက်ရှိတွင် လုပ်ခလစာဆိုင်ရာ ဘုတ်အဖွဲ့ ဖွဲ့စည်းပြီးနောက် အလုပ်သမားဝန်ကြီးက ဆန္ဒပြနေကြသည့် အလုပ်သမားများအား ၎င်းတို့၏ လုပ်ငန်းခွင်များသို့ ပြန်လည်ဝင်ရောက်ကြရန် တိုက်တွန်းခဲ့သည်။ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေး လုပ်ငန်းစဉ်ကို ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက အာမခံပြောကြားခဲ့သည်။

Ref: Dhaka Tribune

မူရင်းသတင်း — Myanmar Transparency News