NP News

အမေရိကန်ရှိ စာကြည့်တိုက်တစ်ခုတွင် ကမ္ဘာ့အကြီးဆုံး “pop-up” စာအုပ်ကို ခင်းကျင်းပြသထား

Pika (NP News) - နိုဝင်ဘာလ ၂

အမေရိကန်နိုင်ငံရှိ လော့စ်အိန်ဂျလိစ်ပြည် သူ့စာကြည့်တိုက်တစ်ခုသည် ၎င်း၏နှစ်(၁၀ဝ)ပြည့် အထိမ်းအမှတ် အဖြစ် ထူးခြားသည့်စာအုပ်တစ်အုပ်ကို လက်ခံပြသထားကြောင်း သိရသည်။
အဆိုပါစာအုပ်မှာ ကမ္ဘာ့အကြီးဆုံး ‘pop-up’စာအုပ် (စာမျက်နှာကိုဖွင့်လိုက်သည့်အချိန်တွင် ပုံရိပ်များ အပေါ်သို့ ထွက်ပေါ်လာသည့်စာအုပ်)ဖြစ်သည်။ Richard J. Riordan ဗဟိုစာကြည့်တိုက်တွင် ပြသထားသော အဆိုပါစာအုပ်ကို အနုပညာရှင် Daniel González က ရေးသားဖန်တီးခဲ့ခြင်းဖြစ်ပြီး စာရွက်ပိုင်းဆိုင်ရာဒီဇိုင်းနှင့်အင်ဂျင်နီယာပိုင်းကို Matthew Reinhart နှင့် Ann Marshall တို့က တာဝန်ယူကာ Goodnight & Co. ကုမ္ပဏီက သေသေချာချာတည် ဆောက်ထုတ်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ Starlight and Shadows ဟုအဓိပ္ပာယ်ရသည့် ‘Luceros y Penumbras’ အမည်ရှိစာအုပ်ကြီးသည် ဖွင့်လိုက်သည့်အချိန်တွင် (၁၅ ဒသမ ၄၁)ပေနှင့် (၂၀ ဒသမ ဝ၁)ပေအကျယ်အဝန်းရှိပြီး ပေါ်ထွက်လာသည့်ပုံရိပ်ဒီဇိုင်းများမှာ အမြင့်ပေ (၁၁)ပေအထိရှိကြောင်းလည်းသိရသည်။
ထို့ပြင် ယင်းစာအုပ်ကြီး၏စာမျက်နှာများ ကိုလှန်ရန်အတွက် လူ(၁၀)ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့ လိုအပ်ပြီး လူအချို့က စာမျက်နှာများကိုလှန်ရန်အတွက် တုတ်ချောင်းရှည်ကြီးများကိုအသုံးပြုရကြောင်းလည်း သိရသည်။ “Luceros y Penumbras” စာ အုပ်ကို လော့စ်အိန်ဂျလိစ်ပြည်သူ့စာကြည့်တိုက်၏ နှစ်(၁၀ဝ)ပြည့်အထိမ်းအမှတ်အဖြစ် အထူးရည်ရွယ်ကာ ဖန်တီးခဲ့ခြင်းလည်းဖြစ်သည်။ လက်ရှိအချိန်တွင် အဆိုပါစာအုပ်ကြီးကို ကမ္ဘာ့အကြီးဆုံး “pop-up” စာအုပ်အဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က တရားဝင်အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။

မူရင်းသတင်း — NP News