Myanmar Digital News

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး

မိုင်းလား နိုဝင်ဘာ ၂

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဦးတည်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကန့်သတ်ချက်များ မထားသည့် ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်နိုင်ရန် ၂၁-၄-၂၀၂၆ တွင် ကြေညာချက်အမှတ် ၁/ ၂၀၂၆ ဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခဲ့မှုအရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် ရှမ်းပြည်နယ် မိုင်းလားမြို့သို့ သွားရောက်ခဲ့ရာ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ဥက္ကဋ္ဌ ဦးထိန်လင်းနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်သည်။

 

ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) မှ ဥက္ကဋ္ဌ ဦးထိန်လင်း၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ အမြဲတမ်းကော်မတီဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယခုနှစ်အတွင်း တတိယအကြိမ် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ အထူးဒေသ (၄)သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ ဒေသခံပြည်သူများသည်လည်း မြန်မာနိုင်ငံသားများဖြစ်ကြောင်း၊ အထူးဒေသ (၄) ၏ နိုင်ငံရေးလိုလားချက်အပေါ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပ‌ဒေနှင့်အညီ ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ၂၀၂၇ ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လိုအပ်သော ဆောင်ရွက်ဖွယ်ရာ ကိစ္စများအား ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခင်ဥက္ကဋ္ဌကြီး ဦးစိုင်းလင်း၏ “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” လမ်းစဉ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပြီး နိုင်ငံတော်အစိုးရဘက်မှလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ယုံကြည်မှု ပိုမိုတိုးမြှင့်ခိုင်မာစေရန်အတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်မှုအား ဖြည့်ဆည်းပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပြီး ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မှ ဥက္ကဋ္ဌ ဦးထိန်လင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ၊ ဒေသတွင်းရှိ တိုင်းရင်းသား ပြည်သူလူထုအားလုံးကိုယ်စား မိမိတို့အား အလေးထားပြီး မိုင်းလားသို့ ဒုတိယအကြိမ် လာရောက်တွေ့ဆုံ ဆွေးနွေးမှုအတွက် ကြိုဆိုပါကြောင်း၊ ယခုလိုလာရောက်ခြင်းဖြင့် အပြန်အလှန် ထိတွေ့ဆက်ဆံခြင်းမှတစ်ဆင့် ယုံကြည်နားလည်မှု တိုးပွားလာနိုင်မည်ကို ယုံကြည်ပါကြောင်း၊ ယခင်ဆွေးနွေးပွဲပြီးနောက် စက်တင်ဘာလလယ်တွင် ရှမ်းပြည်နယ် ကျန်းမာရေးအဖွဲ့နှင့် တပ်မတော်ဆေးတပ်ဖွဲ့တို့ ပူးပေါင်း၍ အခမဲ့ဆေးကုသမှုများ လာရောက်ဆောင်ရွက်ခဲ့ပြီး မိုင်းလားနှင့် ဆီလူးဒေသရှိ အခြေခံပညာ စာသင်ကျောင်းနှစ်ကျောင်းတွင်လည်း ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အထူးဒေသ (၄)၏ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကိစ္စများအား အထူးအလေးထား ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခင်အစည်းအဝေးတွင် မိမိတို့ဒေသ အခြေအနေများကို တင်ပြခဲ့ပါကြောင်း၊ ငြိမ်းချမ်းစွာညှိနှိုင်း ဆွေးနွေးခြင်းမှတစ်ဆင့် နိုင်ငံရေးအဆင့်အတန်းကို ဖော်ထုတ်ဆွေးနွေး သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာကြသူများက အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ဒေသနှင့်သင့်လျော်သည့် နိုင်ငံရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာ အဆင့်အတန်း သတ်မှတ်ပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အထူးဒေသ (၄) မိုင်းလားတွင် ရွေး‌ကောက်ပွဲ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများအား နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ထို့နောက် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့သည် ကျိုင်းခမ်းမြို့အနောက်ဘက် နမ့်လွေချောင်းပေါ်တွင် တည်ဆောက်ထားပြီး ၆၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် မိုင်းဝရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News