NP News

မြန်မာနယ်စပ်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်တုံ့ပြန်

ဂျန်ဇက် (NP News)- နိုဝင်ဘာ ၃
ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူလ်က မြန်မာနိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့ နယ်စပ်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ စိုးရိမ်ပူပန်မှုတွေကို မြန်မာအစိုးရထံ တရားဝင် အသိပေးထားတယ်လို့ နိုဝင်ဘာ (၂)ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ထိုင်းနိုင်ငံပိုင်နက်နဲ့ ထိုင်းအရပ်သားပြည်သူတွေကို ထိခိုက်မှုမရှိစေဖို့ သတိပေးထားတယ်လို့ ဆိုပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင်ဟာ တနင်္လာနေ့ မွန်းလွဲ (၁) နာရီမှာ နောင်ခိုင်ဆေးရုံမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
ထိုင်း မြန်မာနိုင်ငံနယ်စပ်တစ်လျှောက်မှာ မြန်မာ့တပ်မတော်နဲ့ ကရင်လက်နက်ကိုင်KNUအဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံကို တရားဝင် သတိပေးထုတ်ပြန်ဖို့ လိုအပ်တယ်ဆိုတဲ့ အတိုက်အခံပါတီတွေရဲ့ တောင်းဆိုမှုကို ထိုင်းဝန်ကြီးချုပ်က အခုလိုမျိုးတုံ့ပြန်ဖြေကြားခဲ့ပါတယ်။
အနုတင်ကတော့ ထိုင်းအစိုးရအနေနဲ့ ဒီကိစ္စကို လက်ပိုက်ကြည့်နေတာ မဟုတ်ဘဲ စစ်ရေးနဲ့ သံတမန်ရေး လမ်းကြောင်းနှစ်ခုစလုံးကနေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ ပြောပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံဘက်မှာ နေ့စဉ်နီးပါး ပေါက်ကွဲမှုတွေ ဖြစ်ပွားနေပြီး အဲဒီပေါက်ကွဲမှုတွေဟာ ထိုင်းနယ်စပ်အနီးမှာ ဖြစ်ပွားနေတာကြောင့် ထိုင်းနိုင်ငံအနေနဲ့ စိုးရိမ်ပူပန်မှုရှိကြောင်း မြန်မာဘက်ကို အသိပေးထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ကလည်း ထိုင်းတပ်မတော် ပူးတွဲစစ်ဦးစီးချုပ်နဲ့ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်တို့က မြန်မာအစိုးရထံ ထိုင်းနိုင်ငံရဲ့ စိုးရိမ်မှုတွေကို အသိပေးခဲ့ကြတယ်လို့ ဝန်ကြီးချုပ်အနုတင်က ပြောပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံစလုံးမှာ တိုက်ပွဲနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေ၊ နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကို ထိခိုက်ပျက်စီးစေတာမျိုး မဖြစ်စေဖို့ အထူးသတိထားကြဖို့လည်း တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။
မြန်မာဘက်က ထိုင်းရဲ့ သတိပေးချက်အပေါ် ဘယ်လိုတုံ့ပြန်ခဲ့သလဲဆိုတဲ့ မေးခွန်းကိုတော့ ဝန်ကြီးချုပ် အနုတင်က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တာဝန်ရှိသူတွေကို ဆင့်ခေါ်ပြီး ထိုင်းနိုင်ငံရဲ့ စိုးရိမ်မှုတွေကို တရားဝင် အသိပေးသွားမယ်လို့ ပြောပါတယ်။တစ်ဖက်မှာလည်း ထိုင်းတပ်မတော် ပူးတွဲစစ်ဦးစီးချုပ်အနေနဲ့ လိုအပ်တဲ့ လုပ်ဆောင်မှုတွေကို စတင်ထားပြီးဖြစ်တယ်လို့ ၄င်းကဆိုပါတယ်။
နယ်စပ်လုံခြုံရေးနဲ့ပတ်သက်ပြီး ထိုင်းအစိုးရဟာ နယ်စပ်တစ်လျှောက် ကင်းလှည့်တပ်ဖွဲ့ဝင်အင်အားတွေ ထပ်မံတိုးမြှင့်ထားသလို စစ်ရေးအသင့်အနေအထားကိုလည်း မြှင့်တင်ထားတယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
ဒါပေမဲ့ ထိုင်းတပ်ဖွဲ့တွေကိုတော့ တစ်ဖက်နဲ့တစ်ဖက် ထိပ်တိုက်ရင်ဆိုင်မှုတွေ မဖြစ်ပွားစေဖို့၊ အခြေအနေ ပိုမိုတင်းမာပြီး စစ်ပွဲကြီးတစ်ခုအဖြစ် မကျယ်ပြန့်သွားစေဖို့ အထူးညွှန်ကြားထားတယ်လို့ ၄င်းကဆိုပါတယ်။
ဝန်ကြီးချုပ်အနုတင်ကတော့ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေနဲ့ သက်ဆိုင်တဲ့ကိစ္စ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံပိုင်နက်ကို ကာကွယ်ဖို့အတွက်တော့ ထိုင်းစစ်တပ်အနေနဲ့ အစွမ်းကုန် လုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း ၄င်းကအလေးပေးပြောကြားခဲ့ပါတယ်။
အခုလို မြန်မာနယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်မှာ ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့ပြီးဖြစ်တာကြောင့် မြန်မာဘက်ကို သတိပေးဖို့ လိုအပ်လာတာဖြစ်တယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ဝန်ခံပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံလာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း လူသားချင်းစာနာထောက်ထားမှုအရ ဆက်လက်ကူညီပေးသွားမယ်လို့ ဝန်ကြီးချုပ်အနုတင်က ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ ဒုက္ခသည်တွေကို အတင်းအကျပ် ပြန်ပို့မှာမဟုတ်ဘဲ အခြေအနေ တည်ငြိမ်လာတဲ့အခါမှသာ နေရပ်ပြန်နိုင်ရေး စီစဉ်ပေးသွားမယ်လို့ ၄င်းကဆိုပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ ဒုက္ခသည်တွေကို အတင်းအကျပ် ပြန်ပို့မှာမဟုတ်ဘဲ အခြေအနေ တည်ငြိမ်လာတဲ့အခါမှသာ နေရပ်ပြန်နိုင်ရေး စီစဉ်ပေးသွားမယ်လို့ ၄င်းကဆိုပါတယ်။
Ref; khaosodenglish

မူရင်းသတင်း — NP News