NP News

ခေတ်သစ် စစ်သုံးဒရုန်းဆိုတာ ဝေးဝေး၀ျံသန်းနိုင်ဖို့လား များများသယ်နိုင်ဖို့လား (နိုင်ငံတကာ အတွေးအမြင်)

HtayOung (NP News)- နိုဝင်ဘာ ၃
ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ယူကရိန်းက Fiber-optic ဖိုင်ဘာအော့ပ်တစ် (အလင်းဖန်မျှင်) ဒရုန်းများကို ပိုမို တွင်ကျယ်စွာ အသုံးပြုလာတယ်။
အဲ့ဒီဒရုန်းတွေဟာ ရေဒီယိုလှိုင်းအစား အလွန်ပါးလွှာရှည်လျားတဲ့ ကြိုးငယ် လေးမှတဆင့် ထိန်းချုပ်အချက်ပြနဲ့ ဗီဒီယိုပုံရိပ်များကို ပို့ပေးနိုင်တယ်။
ဒါ့ကြောင့် ရန်သူ့အနေနဲ့ အီလက်ထရောနစ် စစ်နည်းလမ်းများအရ အလွယ်တကူ ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်ပါ။
ဗီဒီယိုပုံရိပ်မှာလည်း ပိုကြည် လင်တဲ့အတွက် ရန်သူ့တပ်များကို စောင့်ကြည့်ရန်နဲ့ တိုက်ခိုက်ရန် အင်မတန်အသုံးဝင်တယ်။
နည်းပညာ တိုးတက်လာသည်နဲ့အမျှ ယူကရိန်းကုမ္ပဏီတွေက အဲ့ဒီဒရုန်းတွေကို ပိုမိုဝေးဝေး ပျံသန်းနိုင်ရန် ပြုလုပ်လာတယ်လို့ Business Insider (1November 2026) က ရေးတယ်။
ဒါပေမဲ့ ယူကရိန်းအတွက် ကြားဖြတ်ဟန့်တားရေးနဲ့ ဖိုင်ဘာအော့ပတစ်ဒရုန်းတွေကို အဓိကထုတ်လုပ်ပေးနေတဲ့ TechEx ကတော့ ပိုပြီး ဝေးဝေးပျံသန်းနိုင်တဲ့ကိစ္စဟာ အမြဲတမ်း အကောင်းဆုံးဖြစ်နေလိမ့်မယ်လို့ မထင်မှတ်ပါ။
ကုမ္ပဏီအနေနဲ့ မိုင် ၂၀ -၂၅ မိုင်လောက်အထိ ပျံသန်းနိုင်တဲ့ ဒရုန်းများကို လောလောဆယ် ထုတ်လုပ်နေတယ်။
နောက်ထပ် ၂၈-မိုင် သို့မဟုတ် မိုင် ၃၀ လောက်အထိ ပျံသန်းနိုင်တဲ့ ဒရုန်းတွေ လိုအပ်မလား စဉ်းစားနေတုန်းပဲလို့ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောတယ်။
အလေးချိန်က အဓိက ပြဿနာဖြစ်တယ်။ ဝေးဝေး ပိုမိုပျံသန်းရန်အတွက် ကြိုးအရှည် ပိုများရန် လိုအပ်ပြီး ကြိုး ရှည်လေ ကြိုးအလေးချိန်ကို သယ်ဆောင်နိုင်ဖို့ ဘက်ထရီပါ ပိုမိုကြီးမားလာရတယ်။
ဒါ့ကြောင့် ဒရုန်းသယ်ဆောင်နိုင်တဲ့ ကင်မရာ၊ ဒုံးကျည်၊ လက်နက် သို့မဟုတ် အခြားကိရိယာများအတွက် အလေးချိန်လျော့သွားနိုင်တယ်။
ဒရုန်းထုတ်လုပ်သူတွေဟာ ဒရုန်းအလေးချိန်၊ ပျံသန်းနိုင်တဲ့ အကွာအဝေး၊ ဒရုန်းအမြန်နှုန်းနဲ့တိုက်ခိုက်ရေးစွမ်းရည်တို့ကို အမြဲတမ်း ချိန်ညှိရပါတယ်။
ဖိုင်ဘာအော့ပတစ်ဒရုန်းတွေမှာ ကြိုးကိုပါ သယ်ဆောင်ရတဲ့ အတွက် ချိန်ညှိတဲ့ကိစ္စဟာ ပိုမိုခက်ခဲတယ်။
ယူကရိန်းဒရုန်ထုတ်လုပ်သူအချို့ကတော့ အကွာအဝေးနည်းပါးရင် ပိုမိုထိရောက်နိုင်ကြောင်း ယုံကြည်ကြတယ်။ ကြိုးရှည်လာလေလေ ကြိုးပြတ်နိုင်ခြေလည်း မြင့်မားလာလို့ဖြစ်တယ်။
ဒရုန်းမှာ တန်းလန်းပါနေတဲ့ ကြိုးနဲ့ သစ်ပင်၊ အဆောက်အအုံ၊ လျှပ်စစ်ကေဘယ်၊ စစ်မြေပြင်ရှိ အခြားအတားအဆီးများနဲ့ ရစ်ပတ်သွားနိုင်တယ်။
ကြိုးရစ်ဘီးအလေးချိန်ဟာ ဒရုန်းတစ်စီးသယ်ဆောင်နိုင်တဲ့ ဝန်အလေးချိန်ကို လျှော့ကျစေတဲ့ အဓိ က အခက်အခဲဖြစ်ကြောင်း ယူကရိန်းနိုင်ငံပိုင် Brave1 နည်းပညာ ပလက်ဖောင်းက မှတ်ချက်ပေးတယ်။
TechEx ကတော့ အဲ့ဒီပြဿနာကို အင်ဂျင်နီယာနည်းနဲ့ ဖြေရှင်းရန် ကြိုးပမ်းခဲ့တယ်။
ကြိုးရစ်ဘီးနဲ့ ဖိုင်ဘာကြိုး ရစ်ပတ်ပုံတို့ကို အနည်းငယ်ပြောင်းလဲခြင်းအားဖြင့် ပိုမိုပေါ့ပါးစေတဲ့ နည်းပညာအသစ်ကို ဖန်တီးနိုင်ကြောင်း ပြောပြတယ်။
Stalker စီးရီး ဒရုန်းတွေမှာ ကြိုးရစ်ဘီးအလးချိန် အလွန်နည်းကြောင်း ယူကရိန်းကာကွယ်ရေး ဝန်ကြီးဌာနကလည်း ပြောပါတယ်။
ဒါပေမဲ့ ပိုပြီးဝေးတဲ့ အကွာအဝေးမှာလည်း အဲ့ဒီ အားသာချက် ဆက်လက်ရှိနေဦးမှာလားဆိုတာ မသေချာသေးပါ။
စစ်ယူနစ်အသီးသီးအလိုက် လိုအပ်ချက် မတူညီနိုင်ပါ။
အချို့လုပ်ငန်းတာဝန်များမှာ ဝန်ပေါ့ပေါ့နဲ့ ဝေးဝေးပျံ သန်းနိုင်တဲ့ ဒရုန်းကို လိုအပ်တယ်။ အချို့ကတော့ အကွာအဝေးတိုတောင်းပေမယ့် ဒုံးကျည်ပိုများများ သို့မဟုတ် ပိုမိုကောင်းမွန်တဲ့ ကိရိယာတင် ဒရုန်းများ လိုအပ်တယ်။
စစ်သည်တွေဟာ ဖိုင်ဘာအော့ပတစ် ဒရုန်းများကို ထောက်လှမ်းရေးအတွက်လည်း အသုံးပြုကြတယ်။
ဒါပေမဲ့ ပိုမိုကောင်းမွန်တဲ့ ကင်မရာတွေဟာ ပိုလေးနိုင် တယ်။
ဖိုင်ဘာအော့ပတစ် ဒရုန်းတွေဟာ ယူကရိန်းရဲ့ ကျယ်ပြန့်လှတဲ့ ဒရုန်းတပ်ဖွဲ့မှာ တစ်စိတ်တစ်ပိုင်းသာလျင် ဖြစ်တယ်။
ဝေးဝေး ပျံသန်းတိုက်ခိုက်နိုင်တဲ့ ဒရုန်းများ၊ တာလတ်တိုက်ခိုက်ရေးဒရုန်းများ၊ လေးလံတဲ့ ဗုံးကြဲဒ ရုန်းများကိုလည်း အသုံးပြုနေတယ်။
ဒရုန်းအမျိုးအစားတိုင်းမှာ အားသာချက်နဲ့ အားနည်းချက်ရှိတဲ့အတွက် လုပ်ငန်းတာဝန်အလိုက် တပ်မှူးဖြစ်သူက သင့်တော်တဲ့ ဒရုန်းကို ရွေးချယ်ရတယ်။
TechEx ကတော့ စစ်သည်များရဲ့ အကြံပြုချက်များကို အမြဲအလေးထားတယ်။
ကုမ္ပဏီရဲ့ နည်းပညာအ ထောက်အပံ့အဖွဲ့မှာဆိုရင် ယူနစ် ၁၀၀ ကျော် ရှိတယ်။
အကြံပြုချက်များကြောင့် ထုတ်ကုန်များကို အပတ်စဉ် ပြောင်းလဲတိုးတက်စေတယ်။ ဥပမာ Striker ကြားဖြတ်ဒရုန်းကို မူလက အရွယ်အစားပိုကြီးပြီး အလေးချိန် ၁.၅ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်ရန် ဒီဇိုင်းထုတ်ခဲ့တယ်။
စမ်းသပ်မှုများအရ အရွယ်ပိုသေးငယ်၊ ပိုမြန်ပြီး ပိုမို လှည့်ပတ်ပျံဝဲနိုင်တဲ့ ဒရုန်းများက ပိုကောင်းကြောင်း ပြသနေတယ်။
ဒါ့ကြောင့် ကုမ္ပဏီအနေနဲ့ အစအဆုံး ဒီဇိုင်းပြန်လည်ရေးဆွဲနေရတယ်။
ဒါဟာ ခေတ်သစ်စစ်ပွဲအတွက် လက်နက်များ ဖန်တီးရာမှာ အမြဲတမ်း စမ်းသပ်- သင်ယူ-ပြောင်းလဲရန် လိုအပ်ကြောင်း ပြသနေတာပဲ ဖြစ်ပါတယ်။

မူရင်းသတင်း — NP News