
Pika(NP News)-နိုဝင်ဘာ ၃
ကမ္ဘာ့အကြီးဆုံးဒစ်ဂျစ်တယ်ငွေကြေးလဲလှယ်ရေးပလက်ဖောင်း Binance မှ အမေရိကန်ဒေါ်လာ(၆)ဘီလျံကျော်ခိုးယူခံရမှု၏နောက်ကွယ်တွင် မြောက်ကိုရီးယားနိုင်ငံရှိနေသည်ဆိုသည့် အက်ဖ်ဘီအိုင်အဖွဲ့၏ စွပ်စွဲချက်များကို မြောက်ကိုရီးယားအစိုးရက ငြင်းဆန်ပယ်ချခဲ့ကြောင်းသိရသည်။
အဲဒီစွပ်စွဲချက်ကို ကြီးမားလေးနက်နဲ့နိုင်ငံရေးရန်စမှုတစ်ခုအဖြစ် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက ဖော်ပြပြောဆိုခဲ့တယ်လို့လည်းသိရပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက Bybit ပလက်ဖောင်းမှာဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်ခံရမှုနောက်ကွယ်မှာ မြောက်ကိုရီးယားရှိနေတယ်လို့ အမေရိကန်က ယခင်တည်းက စွပ်စွဲပြောဆိုခဲ့ဖူးကြောင်းနဲ့ အခုတစ်ကြိမ်မှာ အက်ဖ်ဘီအိုင်အဖွဲ့ရဲ့ပြောဆိုချက်တွေကလည်း အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲပြောဆိုချက်တွေသာဖြစ်တယ်လို့ ကင်ယိုဂျုံက ပြောကြားခဲ့ပါတယ်။
ကင်ယိုဂျုံက”ကမ္ဘာ့နေရာအနှံ့အပြားမှာဖြစ်ပွားနေတဲ့ ဆိုက်ဘာရာဇဝတ်မှုတွေအားလုံးက မြောက်ကိုရီးယားရဲ့လက်ချက်ဖြစ်တယ်လို့ ယုံကြည်လာစေဖို့ နိုင်ငံတကာရဲ့အမြင်တွေကို လွဲမှားအောင် အမေရိကန်က လုပ်ဆောင်နေတာဟာ ကြီးမားလေးနက်တဲ့နိုင်ငံရေးရန်စမှုတစ်ခုဖြစ်ပါတယ်”လို့ပြောဆိုခဲ့ပါတယ်။
Binanceပလက်ဖောင်းတိုက်ခိုက်ခံရမှုရဲ့နောက်ကွယ်မှာ TraderTraitorလို့ခေါ်တဲ့ မြောက်ကိုရီးယားနဲ့ဆက်နွယ်တဲ့ ဟက်ကာအဖွဲ့တစ်ဖွဲ့ရှိနေတယ်လို့ အက်ဖ်ဘီအိုင်အဖွဲ့က စွပ်စွဲပြောဆိုခဲ့ပြီးနောက် ကင်ယိုဂျုံရဲ့ ပြောဆိုချက်တွေထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
ဒါ့ပြင် TraderTraitorအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလက Bybitပလက်ဖောင်းကနေ အမေရိကန်ဒေါ်လာ(၁ဒသမ၅)ဘီလျံကျော်ခိုးယူခံရမှုအတွက် တာဝန်ရှိတယ်လို့ စွပ်စွဲခံထားရတဲ့အဖွဲ့လည်းဖြစ်ပါတယ်။