NP News

သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်ဖြေရှင်းဖို့ အမျိုးသားအေဂျင်စီအသစ်ကို ဂျပန်အစိုးရဖွဲ့စည်း

Pika (NP News)- နိုဝင်ဘာ ၃
ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက် ဒါမှမဟုတ် တိုကျိုမြို့မှာ အင်အားပြင်းငလျင်လှုပ်ခတ်လာနိုင်ခြေ ဒါမှမဟုတ် ဖူဂျီတောင်ပေါက်ကွဲလာနိုင်ခြေတို့အတွက် ကြိုတင်ပြင်ဆင်မှုတွေကို ပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်တဲ့အနေနဲ့ ဂျပန်အစိုးရက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအတွက် အထူးပြုထားတဲ့ နိုင်ငံအဆင့်အေဂျင်စီအသစ်တစ်ခုကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
အမျိုးသားဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲအေဂျင်စီမှာ ဝန်ထမ်းပေါင်း(၃၅၀)ကျော်ပါဝင်မှာဖြစ်ပြီး ၎င်းတို့ဟာ ကြိုတင်ပြင်ဆင်ရေး၊အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီအေဂျင်စီကို အခြားဘေးအန္တရာယ်တစ်ခုခုအတွက် ကြိုတင်မျှော်မှန်းပြီး ဖွဲ့စည်းတာမျိုးမဟုတ်ဘဲ (၂၀၁၁)ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဂျပန်နိုင်ငံမြောက်ပိုင်းက လူပေါင်း(၂၀၀၀၀)နီးပါးသေဆုံးခဲ့ရတဲ့ ငလျင်နဲ့ဆူနာမီဘေး၊ဖူကူရှီးမားနျူကလီးယားဘေးအန္တရာယ်လိုမျိုး အကျပ်အတည်းမျိုးတွေအတွက် နိုင်ငံအနေနဲ့ လုံလောက်စွာပြင်ဆင်ထားတာမျိုး ရှိ/မရှိ စိုးရိမ်ပူပန်မှုတွေရှိနေချိန်မှာ လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သဘာဝဘေးအန္တရာယ်အဖြစ်အများဆုံးနေရာတွေထဲက တစ်ခုဖြစ်ပေမယ့်လည်း ယခင်က ဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်တွေကို အထူးပြုကိုင်တွယ်တဲ့ အေဂျင်စီမျိုး မရှိခဲ့ဖူးဘူးလို့လည်း သိရပါတယ်။
ပြန်လည်ထူထောင်ရေးဆိုင်ရာဝန်ကြီး ဂိုရှီဟိုဆိုနိုက”ဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ကွပ်ကဲမှုဗဟိုဌာနအနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေကို ပိုမိုအားကောင်းလာအောင် အစွမ်းကုန်လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။ပြီးတော့ ကမ္ဘာပေါ်မှာ ကြိုတင်ပြင်ဆင်မှု အကောင်းဆုံးနိုင်ငံတစ်ခုဖြစ်လာဖို့လည်း ရည်မှန်းထားပါတယ်”လို့ပြောဆိုခဲ့ပါတယ်။

မူရင်းသတင်း — NP News