
Pika (NP News)-နိုဝင်ဘာ ၃
ဗီယက်နမ်နိုင်ငံမှာ အသက်(၁၅)နှစ်ကနေ(၁၇)နှစ်ကြား ကလေးတွေအနေနဲ့ သေဆုံးသွားတဲ့အချိန်မှာ ၎င်းတို့ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို လှူဒါန်းခွင့်ပြုမယ့် အဆိုပြုချက်တစ်ခုကို ပြည်သူလူထုက ဝေဖန်ကန့်ကွက်ခဲ့တာကြောင့် နိုဝင်ဘာလ(၂)ရက်မှာ ပြန်လည်ရုတ်သိမ်းခဲ့ရတယ်လို့သိရပါတယ်။
အဲဒီဖြစ်ရပ်တွေက ဗီယက်နမ်နိုင်ငံမှာ သေဆုံးသူစီကနေ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ရယူပြီး အစားထိုးကုသမှုတွေက အကန့်အသတ်နဲ့ရှိနေသေးတာကို ပြသနေတာလည်းဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံဟာ (၁၉၉၂)ခုနှစ်မှာ ကျောက်ကပ်အစားထိုးကုသမှုတွေကို စတင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဒေသတွင်းမှာ နှစ်စဉ် ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှုအများဆုံးပြုလုပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာပြီလည်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဗီယက်နမ်နိုင်ငံမှာပြုလုပ်တဲ့ အစားထိုးကုသမှုအများစုက အသက်ရှင်လျက်ရှိတဲ့လှူဒါန်းသူတွေစီကနေ ရယူတာမျိုးဖြစ်ပြီး အခြားနိုင်ငံအများစုမှာက သေဆုံးသူတွေစီကနေရယူတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အစားထိုးကုသရမှာ အဓိကထားအသုံးပြုတာကြောင့် လှူဒါန်းသူအရေအတွက် ပိုမိုကျယ်ပြန့်နေတာလည်းဖြစ်ပါတယ်။
ဗီယက်နမ်အာဏာပိုင်တွေမှာ (၂၀၀၆)ခုနှစ်မှာသတ်မှတ်ခဲ့တဲ့ ကိုယ်အင်္ဂါနဲ့တစ်ရှူးလှူဒါန်းမှုဆိုင်ရာ ဥပဒေကို ခေတ်နဲ့အညီ မွမ်းမံပြင်ဆင်ဖို့ ကြိုးပမ်းနေပြီး ၎င်းတို့ရဲ့ရည်ရွယ်ချက်က လှူဒါန်းသူတွေကို ကာကွယ်စောင့်ရှောက်ရင်း တစ်ဖက်မှာလည်း အသက်ကယ်နိုင်မယ့် အစားထိုးကုသမှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့လက အမျိုးသားညီလာခံကို တင်သွင်းခဲ့တဲ့ မူကြမ်းတစ်ခုမှာ အသက်(၁၅)နှစ်ကနေ(၁၇)နှစ်ကြား ကလေးတွေအနေနဲ့ မိဘဒါမှမဟုတ် တရားဝင်ကိုယ်စားလှယ်တွေရဲ့ သဘောတူညီချက်နဲ့အတူ သေဆုံးသွားချိန်မှာ ၎င်းတို့ရဲ့ တစ်ရှူးတွေ၊ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ဒါမှမဟုတ် ခန္ဓာကိုယ်တစ်ခုလုံးကို လှူဒါန်းခွင့်ပြုဖို့ အဆိုပြုထားတာလည်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပြည်သူလူထုက အဲဒီမူကြမ်းကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်ခဲ့ပြီးနောက် အသက်(၁၈)နှစ်အောက်ကလေးငယ်တွေ လှူဒါန်းနိုင်ခွင့်ဆိုင်ရာ ဥပဒေမူကြမ်းကို ချက်ချင်းဖျက်သိမ်းခဲ့ရတယ်လို့လည်း သိရပါတယ်။