NP News

တရုတ်နိုင်ငံရဲ့ဝေဖန်မှုတွေကြောင့် Hello Kitty ကုမ္ပဏီ Sanrio က ဂျပန်သူလျှိုဇာတ်လမ်းတွဲ VIVANT နဲ့ ပူးပေါင်းမှုရပ်ဆိုင်း

ရောင်နီ (NP News) - နိုဝင်ဘာ ၃

Hello Kitty ဇာတ်ကောင်ရဲ့ဖန်တီးထုတ်လုပ်သူ ဂျပန်ကုမ္ပဏီ Sanrio ဟာ တရုတ်နိုင်ငံမှာ ဝေဖန်မှုတွေ မြင့်တင်လာပြီးနောက် ဂျပန်ရုပ်သံဇာတ်လမ်းတွဲ VIVANT နဲ့ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းလိုက်တယ်လို့ သိရပါ တယ်။
ဂျပန်ရုပ်သံဌာန TBS က ထုတ်လုပ်ပြီး Netflix မှာလည်း ကြည့်ရှုနိုင်တဲ့ VIVANT ဇာတ်လမ်းတွဲဟာ ဂျပန်သူလျှို တွေနဲ့ Tent လို့ ခေါ်တဲ့အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအကြောင်းကို အခြေခံဇာတ်လမ်းဖွဲ့ထားပါတယ်။ လက်ရှိထုတ်လွှင့် နေတဲ့ Season 2 မှာ တရုတ်ထောက်လှမ်းရေးအဖွဲ့ကို စိတ်ကူးယဉ် ဇာတ်ကောင်အဖြစ် ထည့်သွင်းထားပြီး ဂျပန်သူလျှို အချို့ကို ဖမ်းဆီးနှိပ်စက်တဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်ပါတယ်။ အဲဒီဇာတ်လမ်းတွဲမှာ Hello Kitty အပါအဝင် Sanrio ဇာတ်ကောင်ပုံစံ သူလျှိုဝတ်စုံတွေ ပါဝင်တာဖြစ်လို့ အရုပ်တွေနဲ့ပတ်သက်ပြီး တရုတ်လူမှုကွန်ရက်တွေမှာ ရက်အတန်ကြာ ဝေဖန်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီနောက် Sanrio ရဲ့တရုတ်လက်အောက်ခံ ကုမ္ပဏီက အောက်တိုဘာ ၂၈ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အခု ပူးပေါင်းမှုမှာ ကုမ္ပဏီရဲ့အခြေခံ ခံယူချက်တွေနဲ့မကိုက်ညီတဲ့အကြောင်းအရာတွေ ပါဝင်နေတယ်လို့ ယူဆတာကြောင့် လက်ရှိပူးပေါင်းမှုအပြင် နောက်ဆက်တွဲ စီမံကိန်းတွေနဲ့ ကြော်ငြာမြှင့်တင်ရေး လုပ်ငန်း တွေကိုပါ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
VIVANT ကို ထုတ်လုပ်တဲ့ TBS ရုပ်သံဌာနဥက္ကဋ္ဌ မာဆာမိနီ ရျူဟို ကလည်း ဇာတ်လမ်းတွဲဟာ လုံးဝစိတ်ကူးယဉ် ဖန်တီးထား ခြင်းသာဖြစ်ပြီး ဘယ်နိုင်ငံကိုမှ ထိခိုက်စေဖို့ မရည်ရွယ်ဘူးလို့ ဒေသတွင်းမီဒီယာတွေကို ဖော်ပြခဲ့ပါတယ်။
အခုဖြစ်ရပ်ဟာ တရုတ်နဲ့ ဂျပန်နိုင်ငံတို့အကြား ဆက်ဆံရေးတင်းမာနေချိန်မှာ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါ တယ်။ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချီက တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကို တိုက်ခိုက်လာရင် ဂျပန်ဘက်မှ စစ်ရေး တုံ့ပြန်မှုဖြစ်လာနိုင်တယ်လို့ပြောဆိုခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုဆိုးရွားလာခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံက သူ့ရဲ့နိုင်ငံသားတွေကို ဂျပန်ကို ခရီးသွားလာခြင်း ရှောင်ကြဉ်ဖို့ တိုက်တွန်းခဲ့တဲ့အပြင် ကားတွေနဲ့လက်နက် ထုတ်လုပ်ရာမှာ အရေးပါတဲ့ ရှားပါးမြေသတ္တုတွေကိုလည်း ဂျပန်ကို တင်ပို့မှုတွေကန့်သတ်ခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — NP News