
ရောင်နီ (NP News) - နိုဝင်ဘာ ၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခုနှစ် အောက်တိုဘာလအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးမှု စံချိန်တင် မြင့်တက်ခဲ့ပြီး၊ ရောဂါ ဖြစ်ပွားမှုနှုန်းဟာ ဒီဇင်ဘာလ မတိုင်မီအထိ သိသိသာသာလျော့ကျသွားနိုင်တဲ့အခြေအနေ မရှိသေး ဘူးလို့ ကျွမ်းကျင်သူတွေက သတိပေးကြေညာလိုက်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ အခု နှစ်စမှ အောက်တိုဘာလ (၃၀) ရက်အထိအတွင်း နိုင်ငံ တစ်ဝန်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ (၄၁၈) ဦး ရှိလာပြီး ဆေးရုံတက်ရောက် ကုသရသူ စုစုပေါင်း ၁၃၃,၀၀၀ ကျော် ရှိပြီဖြစ်ပါတယ်။ အောက်တိုဘာလ တစ်လတည်းမှာတင် သေဆုံးသူ ၁၇၃ ဦး ရှိခဲ့ရာ စက်တင်ဘာလက သေဆုံးသူ (၁၄၈) ဦးထက် ကျော်လွန်သွားခဲ့ပြီး ၂၀၂၆ ခုနှစ်အတွင်း သေဆုံးသူအများဆုံးလအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ လူနာအများစုဟာ ပြင်းထန် နောက်ဆက်တွဲရောဂါလက္ခဏာတွေ ခံစားရမှသာ ဆေးရုံကိုတက်ရောက်ကုသမှု ခံယူကြတယ် လို့ ဆရာဝန်တွေက ဆိုပါတယ်။ ဒါကာမြို့ရှိ နိုင်ငံပိုင် Shaheed Suhrawardy ဆေးရုံကြီးရဲ့ဒါရိုက်တာ မာဇာဂိုလန်ဆာဝါ က ၎င်းတို့ဆေးရုံမှာ တစ်ရက်တည်းအတွင်း လူနာသစ် (၆၇) ဦး တိုးလာပြီးနောက် လက်ရှိ သွေးလွန်တုပ်ကွေးလူနာ (၂၇၉) ဦး ကို ဆေးကုသပေးနေရတယ်လို့ ပြောကြားပါတယ်။
"လူနာအများစုဟာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု အားနည်းပြီး ရှော့ခ် ရနေတဲ့ အနေအထားနဲ့ရောက်လာကြပါတယ်။ သူတို့ရဲ့သွေးပေါင်ချိန်တွေဟာ တိုင်းတာလို့မရအောင် ကျဆင်းနေပြီး သွေးတွင်းအောက်ဆီဂျင်ပမာဏတွေလည်း ကျဆင်း နေပါတယ်" လို့ ၄င်းက ဆိုပါတယ်။
ရောဂါထပ်မံ ကူးစက်ခံရခြင်း (Repeat infections) နဲ့ ရောဂါရှာဖွေကုသမှု နောက်ကျခြင်းတို့ကြောင့် ပြင်းထန်တဲ့ လူနာတွေနဲ့ သေဆုံးမှုနှုန်းမြင့်တက်လာရခြင်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ "အရင်က သွေးလွန်တုပ်ကွေး ကူးစက်ခံဖူးသူတွေ အနေနဲ့ နောက်တစ်ကြိမ် ထပ်မံကူးစက်ခံရတဲ့အခါ ရောဂါပြင်းထန်လာနိုင်ခြေ ပိုများပါတယ်၊ ဒါကြောင့် ပြည်သူတွေအနေနဲ့ ခြင်ပေါက်ပွားရာ နေရာတွေကို ရှင်းလင်းကြဖို့နဲ့ ရောဂါလက္ခဏာ ပေါလာတာနဲ့ အမြန်ဆုံး ဆေးကုသမှု ခံယူကြဖို့ တိုက်တွန်းလိုပါတယ်" လို့ ၄င်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ကျန်းမာရေး ကျွမ်းကျင်သူတွေရဲ့ အဆိုအရ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်မျိုးကွဲ လေးမျိုးစလုံး ပျံ့နှံ့နေခြင်းက ရောဂါပြင်းထန်နိုင်ခြေကို ပိုမိုမြင့်တက်စေတယ်လို့ သိရပါတယ်။ Jahangirnagar တက္ကသိုလ်မှ အင်းဆက်ဗေဒပညာရှင် ကာဘီရူလ် ဘာရှာ ကတော့ အောက်တိုဘာလကလို သေဆုံးနှုန်းမျိုး နိုဝင်ဘာလမှာ ဆက်လက် မြင့်တက်နေဦးမှာ မဟုတ်ပေမယ့်လည်း ရောဂါကူးစက်ပျံ့နှံ့မှုဟာ နိုဝင်ဘာလအထိ ဆက်ရှိနေဦးမယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။