
ရောင်နီ (NP News) - နိုဝင်ဘာ ၃
ဉာဏ်ရည်တု (AI) ကဏ္ဍမှာ အသုံးစရိတ်မြင့်မားမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကြောင့် နည်းပညာရှယ်ယာ တွေ ဈေးကွက်ကျဆင်းလာချိန်မှာ Apple ကုမ္ပဏီဟာ Nvidia ကုမ္ပဏီကိုကျော်ဖြတ်ကာ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီ အဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။
စတော့ဈေးကွက် ပိတ်ချိန်မှာ Apple ရဲ့ ရှယ်ယာတန်ဖိုး ၁.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပေမယ့်လည်း စုစုပေါင်း ဈေးကွက် တန်ဖိုး (Market Capitalization) ကတော့ အမေရိကန်ဒေါ်လာ ၅.၀၃ ထရီလီယံ ရှိခဲ့ပါတယ်။ တစ်ဖက်မှာ Nvidia ရဲ့ ရှယ်ယာတန်ဖိုးဟာ ၄.၂ ရာခိုင်နှုန်းအထိ ထိခိုက်ကျဆင်းခဲ့တာကြောင့် စုစုပေါင်းတန်ဖိုး ဒေါ်လာ ၄.၉၃ ထရီလီယံထိ လျော့ကျသွားခဲ့ပါတယ်။ ဒါကြောင့် Apple ဟာ ဇူလိုင်လ နှောင်းပိုင်းက သူ့ကိုကျော်တက်ခဲ့တဲ့ Nvidia ကို အောက်တိုဘာမှာ ပြန်လည် ကျော်တက်နိုင်ခဲ့တာဖြစ်ပါတယ်။
Alphabet Inc.၊ Meta Platforms Inc.၊ Intel Corp, Amazon.com Inc. စတဲ့ အဓိက နည်းပညာ ကုမ္ပဏီကြီးတွေရဲ့ ဘဏ္ဍာရေးရလဒ်တွေမှာ AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် Data Centers တည်ဆောက်ခြင်းနဲ့ အခြေခံ အဆောက် အအုံတွေအတွက် ဘီလီယံနဲ့ချီတဲ့ ရန်ပုံငွေတွေကို စံချိန်တင် အလွန်အမင်း သုံးစွဲလာကြပြီးတဲ့နောက် ရင်းနှီးမြှုပ်နှံသူတွေ အကြား AI ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ရေရှည်တည်တံ့နိုင်မှုအပေါ် သံသယတွေမြင့်တက်လာခဲ့ပါတယ်။ Apple ကတော့ အခြားနည်းပညာကုမ္ပဏီကြီးတွေလို AI အတွက် သီးသန့် အလွန်အမင်းသုံးစွဲမှုတွေကို ရှောင်ရှားခဲ့တာကြောင့် ရှယ်ယာ ဈေးကွက် ရိုက်ခတ်မှုနည်းပါးပြီး ငွေကြေးဆုံးရှုံးမှု သက်သာခဲ့တာဖြစ်ပါတယ်။