
ရောင်နီ (NP News) - နိုဝင်ဘာ ၃
တောင်ကိုရီးယား နာမည်ကျော် K-pop မိန်းကလေးအဖွဲ့ BLACKPINK ဟာ နိုင်ငံရဲ့ယဉ်ကျေးမှု ဂုဏ်ထူးဆောင် ဘွဲ့ဖြစ်တဲ့ Okgwan Order of Cultural Merit ကို ရရှိခဲ့ပြီး အဲဒီဘွဲ့ကို ပထမဆုံး လက်ခံရရှိတဲ့ K-pop မိန်းကလေးအဖွဲ့အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။
BLACKPINK အဖွဲ့ဟာ အောက်တိုဘာ ၂၉ ရက်က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ကျင်းပတဲ့ ၁၇ ကြိမ်မြောက် Korea Popular Culture and Arts Awards ဆုပေးပွဲမှာ အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ခံရရှိ ခဲ့တာဖြစ်ပါတယ်။ အဲဒီဆုပေးပွဲကို တောင်ကိုရီးယား ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ကြီးမှူး ကျင်းပခြင်းဖြစ်ပြီး နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ အနုပညာနယ်ပယ်အတွက် ထူးချွန်စွာ ပံ့ပိုးပေးခဲ့သူတွေကို ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်ပါတယ်။ BLACKPINK အဖွဲ့ဝင်တွေကလည်း ယခုလို အဓိပ္ပာယ်ရှိတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိတဲ့အတွက် ဝမ်းမြောက် ဂုဏ်ယူမိကြောင်းနဲ့ ၎င်းတို့ရဲ့သီချင်းတွေကို အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါအပြင် ဂီတမှတစ်ဆင့် ပရိသတ်တွေကို ပျော်ရွှင်မှုနဲ့ နှစ်သိမ့်မှုများ ဆက်လက်ပေးစွမ်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။ BLACKPINK ဟာ ၂၀၁၆ ခုနှစ်က အနုပညာလောကကို စတင်ဝင်ရောက်ခဲ့ပြီး ဆယ်နှစ်တာ ကာလအတွင်း ကမ္ဘာ့ဂီတနယ်ပယ်မှာ အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
အဖွဲ့ရဲ့ဒုတိယမြောက် စတူဒီယိုအယ်လ်ဘမ် Born Pink ဟာ အမေရိကန် Billboard 200 နဲ့ ဗြိတိန် Official Albums Chart တို့မှာ နံပါတ်တစ်နေရာ ရရှိခဲ့ပြီး အာရှအမျိုးသမီး အနုပညာရှင်တွေထဲမှာ အဆိုပါဇယားနှစ်ခုစလုံးရဲ့ ထိပ်ဆုံးနေရာ ရရှိတဲ့ ပထမဆုံးအယ်လ်ဘမ် ဖြစ်လာခဲ့ပါတယ်။ ဒါအပြင် BLACKPINK ရဲ့ YouTube ချန်နယ်ဟာလည်း စာရင်းသွင်းသူ သန်း (၁၀၀) ပြည့်ခဲ့ပြီး အဲဒီအရေအတွက် ရရှိတဲ့ ပထမဆုံးဂီတအနုပညာရှင်ချန်နယ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
