NP News

နိုင်ငံခြားရေးမူဝါဒအလွဲများ၏ ရိုက်ခတ်မှုနှင့် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲ

တင်ဇာ (NP News) - နိုဝင်ဘာ ၄

အမေရိကန်ပြည်ထောင်စု၏ ကြားဖြတ်ရွေးကောက်ပွဲများတွင် နိုင်ငံခြားရေးမူဝါဒသည် မဲဆန္ဒရှင် များ၏ဆုံးဖြတ်ချက်ကို အဓိကအဆုံးအဖြတ်ပေးလေ့မရှိဘဲ စီးပွားရေးဆိုင်ရာအခြေအနေများကသာ မဲ ပေးမှုကို အဓိကလွှမ်းမိုးလေ့ရှိသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ အီရန်အပေါ် ဒေါ်နယ်ထရမ့်၏ စစ်ပွဲ စတင်ဆင်နွှဲမှုနှင့်အတူ အမေရိကန်ပြည်သူများ၏ကုန်ကျစရိတ်များကိုမြင့်တက်စေသည့် ဘက်ပေါင်းစုံမှ အခွန်တိုးမြှင့်ကောက်ခံမှုများကြောင့် သမ္မတ၏ကမ္ဘာ့ရေးရာ ကိုင်တွယ်ဆောင်ရွက်ပုံသည် ပြည်သူများ ၏အိတ်ကပ်ကို တိုက်ရိုက်ရိုက်ခတ်သည့် စီးပွားရေးဆိုင်ရာပြဿနာတစ်ခု ကိုယ်တိုင်ဖြစ်လာခဲ့သည်။
လာမည့် နိုဝင်ဘာလ (၃)ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အ မျှ မဲဆန္ဒရှင်များသည် အဆိုပါအချက်နှစ်ခုကြား ဆက်စပ်မှုကို တိုက်ရိုက် ချိတ်ဆက်စဉ်းစားလာကြ သည့်လက္ခဏာများ ပိုမိုတွေ့မြင်နေရသည်။ ယင်းအချက်သည် ထရမ့်နှင့် ၎င်း၏ ရီပတ်ဘလစ်ကန်ပါတီ ဝင်များအတွက် အဓိကဝန်ထုပ်ဝန်ပိုးဖြစ်လာပြီး ကွန်ဂရက်လွှတ်တော်ကိုထိန်းချုပ်ထားနိုင်ရေးကိုပါ ခြိမ်း ခြောက်လျက်ရှိသည်။ ယခုလအစောပိုင်းကကောက်ယူခဲ့သော Reuters/Ipsos သဘောထား စစ် တမ်းတွင် အမေရိကန်ပြည်သူ (၇၈)ရာခိုင်နှုန်းခန့်က ၎င်းတို့၏ဝင်ငွေထက် ကုန်ဈေးနှုန်းများ ပိုမိုမြင့် တက်လာရခြင်းမှာ ထရမ့်၏မူဝါဒများကြောင့်ဖြစ်ကြောင်း ပြစ်တင်ပြောဆိုထားကြသည်။
(၂၀ဝ၆) ခုနှစ်က သမ္မတ ဂျော့ချ်ဒဗလျူ ဘုရှ်သည် လူကြိုက်နည်းလှသည့် အီရတ်စစ်ပွဲတွင် နက်နက်ရှိုင်းရှိုင်းနစ်မြုပ်နေစဉ် လွှတ်တော်နှစ်ရပ်လုံး တွင်အရေးနိမ့်ခဲ့ဖူးသည့် သမိုင်းကြောင်းအတွေ့အ ကြုံမျိုးရှိခဲ့ဖူးသည်။ ထရမ့်အတွက်မူ နိုင်ငံရေးအရ တုံ့ပြန်ရိုက်ခတ်မှုက ယင်းထက်ပင် ပိုမိုကြီးမားနိုင် သည်။ မဲဆန္ဒရှင်များသည် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုကထက် စက်သုံးဆီဈေးမြင့်တက်မှုနှင့် အခြေခံ ကုန်ကျစရိတ်များကြီးမြင့်လာမှုကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေးအကျပ်အတည်းကို ပိုမိုပြင်းထန်စွာ ခံစားနေကြရကြောင်း သဘောထားစစ်တမ်းများကဖော်ပြနေကြသည်။
“အဓိက အနှစ်ချုပ်ကတော့ ပြည်သူတွေဟာ ထရမ့်စတင်ခဲ့တဲ့စစ်ပွဲနဲ့ အခြားသောမူဝါဒတွေရဲ့ ရိုက်ခတ်မှုကို လက်တွေ့ခံစားနေရတာပါပဲ။ ခုဆိုရင်တော့ မဲဆန္ဒရှင်တွေအနေနဲ့ သူ(ထရမ့်) ဒီကိစ္စတွေ ကို ကိုင်တွယ်ဖြေရှင်းနေပုံအပေါ် သူတို့ရဲ့မကျေနပ်မှုတွေကို မဲဆန္ဒပေးပြီးထုတ်ဖော်ပြသနိုင်တော့မယ့် အခွင့်အရေး ရရှိလာခဲ့ပြီဖြစ်ပါတယ်” ဟု ဝါရှင်တန်အခြေစိုက် Stimson Center သုတေသနအဖွဲ့မှ အကြီးတန်းသုတေသီ ခရစ်စတိုဖာပရီဘဲလ်က သုံးသပ်ခဲ့သည်။

နိုင်ငံခြားရေးမူဝါဒအလွဲများက ပုံဖော်နေသော နိုင်ငံရေးအခြေအနေ
ထရမ့်သည် ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ အငြင်းပွားဖွယ် မူဝါဒရေးရာများ ကို အလျင်စလိုဆုံးဖြတ်ခဲ့ပုံရသည်။ ယင်းတို့အနက် အဓိကကျသည်မှာ စက်သုံးဆီဈေးနှုန်းများ ကျဆင်း စေရန်ရည်ရွယ်၍ ရုရှား၏ ဒီဇယ်တင်ပို့မှုအပေါ် ပိတ်ဆို့အရေးယူမှုများကို ထရမ့်က ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။ ထိုလုပ်ရပ်အပေါ် ၎င်း၏ ရီပတ်ဘလစ်ကန်အချို့ အပါအဝင် ဝေဖန်သူများက ထရမ့်သည် ယူ ကရိန်းစစ်ပွဲတွင် မော်စကိုဘက်သို့ ပိုမိုတိမ်းညွှတ်လာနေကြောင်းထောက်ပြကြသည်။
အမေရိကန်စက်သုံးဆီဈေးနှုန်းများ မြင့်တက်မှုသည် ၎င်းနှင့်အစ္စရေးတို့ လွန်ခဲ့သည့်(၈)လ နီးပါးက အီရန်အပေါ်စတင်ခဲ့သည့် စစ်ပွဲ၏အကျိုးဆက်ဖြစ်သည်ဟု ကျွမ်းကျင်သူများကဆိုကြသော် လည်း ထရမ့်ကမူ ထိုစွပ်စွဲချက်များကိုရှောင်လွှဲရန် ကြိုးပမ်းသည့်အနေဖြင့် ရုရှား၏ ရေနံချက်စက်ရုံများ ကိုတိုက်ခိုက်နေမှုကိုရပ်တန့်ရန် ယူကရိန်းကို ဖိအားပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် ကြားဖြတ်ရွေး ကောက်ပွဲများမတိုင်မီ အီရန်အပေါ် စစ်ဆင်ရေးအသစ်များလုပ်ဆောင်ရန် အမိန့်ပေးမည်မဟုတ်ဟု ကတိပြုထားသော်လည်း အမေရိကန်နှင့်အစ္စရေးတို့သည် ရွေးကောက်ပွဲအပြီးတွင် ပိုမိုကြီးမားသော စစ် ရေးအရှိန်မြှင့်တင်ရန်ပြင်ဆင်နေကြကြောင်းသတင်းများက ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေကြသည်။
ထို့ပြင် ထရမ့်က အီရန်၏ နျူကလီးယားလက်နက်ထုတ်လုပ်ရေးကိုဟန့်တားနိုင်ရေးအတွက် အမေရိကန်ပြည်သူများအနေဖြင့် ယာယီအားဖြင့် စက်သုံးဆီဈေးမြင့်တက်မှုကိုလက်ခံသင့်သည်ဟု အ ခိုင်အမာပြောဆိုထားသည်။ အီရန်ကမူ ၎င်း၏ နျူကလီးယားအစီအစဉ်သည် ငြိမ်းချမ်းစွာအသုံးပြုရန်အ တွက်သာဖြစ်ကြောင်း ပြောကြားထားသည်။ ကုလသ မဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့နှင့် အမေရိ ကန်ထောက်လှမ်းရေးအဖွဲ့များကမူ တီဟီရန်သည် နျူကလီးယားလက်နက်ထုတ်လုပ်ရေးအစီအစဉ်ကို (၂၀ဝ၃) ခုနှစ်တည်းကရပ်ဆိုင်းခဲ့ကြောင်း သုံးသပ်ထားကြသည်။ အီရန်ဘက်ကမူ ဟောမုဇ်ရေလက် ကြားကို ဖြတ်သန်းသွားလာနေသည့်သင်္ဘောများကိုပစ်မှတ်ထားသည့် နည်းဗျူဟာအသစ်များ ကျင့်သုံး ခြင်းနှင့် သံတမန်ရေးရာအကျပ်အတည်းကို တမင်သက်သက်အချိန်ဆွဲထားခြင်းတို့ဖြင့် ရေနံဈေးနှုန်းမြင့် တက်စေရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ထရမ့်ကိုထိခိုက်စေရန်ကြိုးပမ်းခဲ့ကြောင်း အီရန် အထက် တန်းအရာရှိများက ဖော်ပြထားသည်။
ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်းအချို့သည် အရှေ့အလယ်ပိုင်းပဋိပက္ခမှသည် ကနေ ဒါနှင့်ဖြစ်ပွားသည့် ကုန်သွယ်ရေးစစ်ပွဲနှင့် ယူကရိန်း အပေါ်ဖိအားပေးမှုများအထိ ကိစ္စရပ်များတွင် ထရမ့် နှင့် ခပ်ခွာခွာရပ်တည်လာကြသည်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ မတ်မစ်ဒယ်တန်ကမူ “သမ္မတ ထရမ့်ဟာ အီရန်မှာဖြစ်ပွားနေတဲ့ပဋိပက္ခကြောင့် ခဏတာ ဈေးကွက်ကမောက်ကမဖြစ်တာမျိုးကို အမြဲ တမ်း ပွင့်ပွင့်လင်းလင်းပြောခဲ့တာပါ။ ဒါပေမဲ့ သမ္မတထရမ့်ရဲ့ စီးပွားရေးစံချိန်စံòန်းနဲ့ ဒီမိုကရက်တွေရဲ့ ပျက်စီးစေမယ့် အစားထိုးမူဝါဒတွေအကြား ခြားနားချက်ကတော့ ရှင်းလင်းနေပါတယ်”ဟု အစိုးရ၏ကိုင် တွယ်ဆောင်ရွက်ပုံကို ကာကွယ်ပြောဆိုခဲ့သည်။

နိုင်ငံခြားရေးမူဝါဒအမှားများကြောင့် ထိခိုက်လာသော သမ္မတပုံရိပ်
ထင်ရှားသော နိုင်ငံခြားရေးမူဝါဒအမှားအယွင်းများသည် မဲဆန္ဒရှင်များသတိပြုမိစေသည့်နည်း လမ်းများဖြင့် သမ္မတ၏ပုံရိပ်ကိုထိခိုက်စေသည့် ဒုတိယမြောက်အကြောင်းအရင်းဖြစ်လာသည်။ ဥပမာ အားဖြင့် (၂၀၂၁)ခုနှစ်တွင် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များရုပ်သိမ်းမှုကို ဘိုဒန်အစိုးရကိုင်တွယ် ဆောင်ရွက်ခဲ့ပုံသည် ဂျိုးဘိုဒန်အပေါ်ထားရှိသည့် လူထု၏ရှုမြင်ပုံကို ပြင်းထန်စွာထိခိုက်စေခဲ့သည်။ ၎င်း အပေါ် လူထုထောက်ခံမှုနှုန်းသည် တစ်ညတာအတွင်းကျဆင်းသွားခဲ့ပြီး မူလအခြေအနေသို့ ပြန် မ ရောက်တော့ပေ။ (၂၀၂၄)ခုနှစ် မဲဆွယ်ပွဲများတွင်မူ ထရမ့်သည် အမေရိကန်၏ရန်သူများကို စိန်ခေါ်ဝံ့ သည့် အင်အားကြီးမားသောခေါင်းဆောင်တစ်ဦးအဖြစ်လည်းကောင်း၊ ငြိမ်းချမ်းရေးအတွက် ကတိက ဝတ်ပြုထားသူအဖြစ်လည်းကောင်းပုံဖော်၍ ယင်း အချက်ကို မိမိအတွက် အခွင့်ကောင်းအဖြစ်ပြောင်းလဲ နိုင်ခဲ့သည်။
ယနေ့တွင်မူ ထရမ့်သည် ယခင်အစိုးရထံမှ အမွေဆက်ခံခဲ့သည့် နိုင်ငံခြားရေးရာ စိန်ခေါ်မှုများကို မဖြေရှင်းနိုင်သလို အမေရိကန်ကို စရိတ်စကကြီးမားသည့် ပြည်ပပဋိပက္ခများအတွင်း ပါဝင်ပတ်သက် ခြင်းမှ ရှောင်ရှားမည်ဆိုသော ၎င်း၏ကတိကဝတ်ကို ဖောက်ဖျက်ခဲ့မှုတို့ကြောင့် ၎င်း၏ဂုဏ်သတင်းမှာ လျော့ပါးကျဆင်းလျက်ရှိသည်။ စစ်ပွဲအစောပိုင်းက ကောက်ယူခဲ့သော YouGov စစ်တမ်းတစ်ခုတွင် စစ် တမ်းဖြေဆိုသူ (၅၆)ရာခိုင်နှုန်းက ထရမ့်သည် “သတိလက်လွတ် မဆင်မခြင်ပြုမူသူ” ဖြစ်သည် ဟုဖော်ပြ ခဲ့ကြပြီး ယင်းမှာ လွန်ခဲ့သည့်တစ်နှစ်ကထက် (၅) ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ပြီး ၎င်းကို “အင်အား ကြီးမားသောခေါင်းဆောင်” ဟုဖော်ပြသူ အချိုးအစားမှာမူ (၄)ရာခိုင်နှုန်းသို့ကျဆင်းသွားခဲ့သည်။

လွှတ်တော်အတွင်း အာဏာချိန်ခွင်လျှာ ပြောင်းလဲလာမှု
ထိုသို့သော နောက်ခံအခြေအနေများကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရက်များအနေ ဖြင့် အောက်လွှတ်တော်ကို ပြန်လည်ထိန်းချုပ်နိုင်မည်ဟုကျယ်ကျယ်ပြန့်ပြန့်ခန့်မှန်းထားကြပြီး အထက် လွှတ်တော်ကို လွှမ်းမိုးမှုရရှိရေးမှာလည်း အလားအလာပိုမိုများပြားလာသည်။ ထို့ကြောင့် လွှတ်တော် နှစ် ရပ်လုံး သို့မဟုတ် တစ်ရပ်ရပ်တွင် ရီပတ်ဘလစ်ကန်များအရေးနိမ့်သွားပါက ထရမ့်၏ ဒုတိယ သမ္မတ သက်တမ်းနောက်ဆုံးနှစ်နှစ်အတွင်း ဆောင်ရွက်မည့်အစီအစဉ်များကို ရှုပ်ထွေးသွားစေနိုင်သည်။သို့သော် ကွန်ဂရက်လွှတ်တော်၏ အာဏာချိန်ခွင်လျှာ ပြောင်းလဲသွားခဲ့လျှင် ဥပဒေပြုအမတ်များအနေဖြင့် နိုင်ငံ ခြားရေးမူဝါဒကို ထရမ့်စိတ်ကြိုက် ခြယ်လှယ်နေမှုကိုဟန့်တားနိုင်ရန် ပိုမိုလွယ်ကူကောင်း လွယ်ကူလာ နိုင်သည်။ ယူကရိန်းအပေါ် ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန် ဥပဒေပြုအမတ်များ၏ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုရှိနေလင့်ကစား အမေရိကန်၏ တိုက်ရိုက်ဘဏ္ဍာရေးနှင့် စစ်ရေးအကူအညီများကို ကြီးကြီး မားမားရပ်ဆိုင်းခဲ့သည်။ ထို့ပြင် လတ်တလောတွင်လည်း ရုရှားဒီဇယ်အပေါ် ပိတ်ဆို့အရေးယူမှုများကို ရုပ် သိမ်းခဲ့ပြီး ရုရှားစွမ်းအင်ဆိုင်ရာပိတ်ဆို့မှုများကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးကာ ရက်သတ္တပတ်အ နည်းငယ်အကြာမှာပင် ကင်းလွတ်ခွင့်ပေးခဲ့သဖြင့် ရီပတ်ဘလစ်ကန်အများအပြားအပါအဝင် ကွန်ဂရက် လွှတ်တော်အမတ်များကို ဒေါသထွက်စေခဲ့သည်။
ထို့ကြောင့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်နှစ်ရပ်လုံး၌ ဒီမိုကရက်များ အ နိုင်ရရှိပါက ယူကရိန်းအတွက် အကူအညီအသစ်များကိုအတည်ပြုပေးနိုင်မည့်အလားအလာများ ရှိနေ သည်။ ထို့ပြင် ၎င်းတို့သည် ထရမ့်၏ အခြားသောလုပ်ဆောင်ချက်များကိုလည်း ပစ်မှတ်ထား လှုပ်ရှား လာနိုင်ဖွယ်ရှိသည်။ ဥပမာအားဖြင့် ဒီမိုကရက်များအနိုင်ရပါက အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌဖြစ်လာနိုင်သည့် နယူးယော့ခ်ပြည်နယ် အောက်လွှတ်တော်အမတ် ဂရက်ဂိုရီမီးခ်စ်က ရုရှား ဒီဇယ်များ ကမ္ဘာ့ဈေးကွက်ထဲပြန်ဝင်လာမည့် ထရမ့်၏ အစီအစဉ်ကိုတားဆီးရန် ပါတီစုံ ပူးပေါင်း ပါဝင်သည့် ဥပဒေကြမ်းတစ်ခုကိုတင်သွင်းထားပြီးဖြစ်ရာ ယင်းကို ဆက်လက်အကောင်အထည်ဖော် သွားဖွယ်ရှိသည်။

ထရမ့် ဘယ်လိုတုံ့ပြန်မလဲ
မဲဆန္ဒရှင်များ၏ငြင်းပယ်မှုကြောင့် သမ္မတ၏နိုင်ငံခြားရေးမူဝါဒများ လျော့ကျသွားမည်လော သို့မဟုတ် ပိုမို ထိန်းချုပ်လာမည်လော။ အမှန်တကယ် အရေးကြီးသည့်မေးခွန်းမှာ နိုင်ငံခြားရေးမူဝါဒက ရွေးကောက်ပွဲရလဒ်အပေါ် မည်မျှလွှမ်းမိုးမည်ဆိုသည့်အချက်ထက် ရလဒ်ထွက်ပေါ်လာပါက သမ္မတက မည်သို့ တုံ့ပြန်မည်ဆိုသည့်အချက်ပင်ဖြစ်သည်။ “ပြည်တွင်းမှာ နိုင်ငံရေးအရ အကန့်အသတ်ခံနေရ တယ်လို့ခံစားရတဲ့ သမ္မတအများစုအတွက် နိုင်ငံခြားရေးမူဝါဒဟာ သူတို့အနေနဲ့ လွတ်လပ်စွာလုပ် ဆောင်နိုင်တဲ့နယ်ပယ်တစ်ခုဖြစ်ပါတယ်” ဟု ဝါရှင်တန်အခြေစိုက် CSIS သုတေသနအဖွဲ့မှ ဂျွန်အော်လ် တာ မန်းကပြောကြားခဲ့သည်။ ထရမ့်သည် အီရန်၊ ရုရှား၊ တရုတ်နှင့်ကျူးဘားကဲ့သို့သောပြိုင်ဘက်များကို ကိုင်တွယ်မှု သို့မဟုတ် ကမ္ဘာတစ်လွှားရှိမဟာမိတ်များအပေါ်ထားရှိသည့်ပုံစံသည် ဘက်နှစ်ဖက်စလုံးသို့ ဦး တည်သွားနိုင်သည် သို့မဟုတ် သူသည် စိတ်ဝင်စားမှုလုံးဝလျော့ပါးသွားပြီး ပြည်တွင်းရေးပေါ်ကိုသာ အာရုံစိုက်သွားနိုင်သည်ဟု သုံးသပ်မှုအချို့လည်းရှိနေသည်။
ဤနေရာတွင် သမိုင်းကြောင်းက သင်ခန်းစာတစ်ခုပေးထားသည်။ (၂၀ဝ၆)ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင်အရေးနိမ့်ခဲ့ပြီးနောက် သမ္မတဘုရှ်သည် ၎င်း၏မူဝါဒလမ်းကြောင်းမှ သွေဖည်မသွားခဲ့ပေ။ ယင်းအစား မဲဆန္ဒရှင်များ၏ဆန္ဒကိုမျက်ကွယ်ပြု၍ လူကြိုက်နည်းလှသော အရှေ့အလယ်ပိုင်းစစ်ပွဲကို ပိုမိုအရှိန်မြှင့်တင်ရန်သာ ရွေးချယ်ခဲ့သည်။
သမ္မတထရမ့်သည် ရွေးကောက်ပွဲတွင် သူ၏ပါတီအနိုင်ရရေးကိုကူညီလိုသည်ဟု ပြောဆိုထားဖူး ပြီး လတ်တလောတွင်လည်း ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ အီရန်ကို စစ်ဆင်ရေးအသစ်ပြုလုပ်မည် မဟုတ်ဟုကတိပြုထားသည်။ သို့သော် မဲရေတွက်ပြီးပါက သူသည်လည်း စစ်ပွဲကို ပြင်းထန်စွာ အရှိန် မြှင့်တင်ခြင်းဖြင့် အဆုံးသတ်ရန်ကြိုးပမ်းမည်လားဆိုသည်မှာ ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲဆိုင်ရာထိန်းချုပ်မှုများမှလွတ်မြောက်သွားပါက လူကြိုက်နည်းသော မူဝါဒတစ်ခုအပေါ် ပိုမိုဇွတ်တိုးလုပ်ဆောင်သည့် ပထမဆုံးသောသမ္မတတော့ ဖြစ်လာမည်မဟုတ်ပေ။ ထို့ ကြောင့် ရွေးကောက်ပွဲလွန် ထရမ့်၏သမ္မတသက် တမ်းကာလများသည် နိုင်ငံတကာစင်မြင့်တွင် သာ၍ ရိုက်ခတ်မှု ကြီးမားလာဖွယ်ရှိနေသည်။

မူရင်းသတင်း — NP News