HtayOung (NP News) - နိုဝင်ဘာ ၄
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာရူနာ ချယ်ပရာဒေ့ရှ်ပြည်နယ် အငြင်းပွားနယ်စပ်တစ်လျှောက် နေရာအများအပြားမှာ တရုတ်တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ် လို့ အိန္ဒိယအစိုးရ အင်ဒို-တိဘက် နယ်ခြားရဲတပ်ဖွဲ့ (ITBP) ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ (၂၀၂၆) ခုနှစ်အောက်တိုဘာလ (၂၂)ရက်နေ့ ITBP ညွှန်ကြားရေးမှူးချုပ်ရုံးရဲ့သတင်းထုတ်ပြန်ချက်ဟာ နှစ်နိုင်ငံနယ်စပ်မှာ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားနေကြောင်း အိန္ဒိယ အဆင့်မြင့်အရာရှိတစ်ဦးရဲ့ပထမ ဆုံးအကြိမ် တရားဝင်အတည်ပြုချက်ဖြစ်လာတယ်လို့ Diplomat (26 October 2026) က ရေးတယ်။
နယ်စပ်ဒေသတချို့မှာ တရုတ်တပ်ဖွဲ့တွေအနေနဲ့ သူတို့ရဲ့ပုံမှန်ကင်းလှည့်မှုပုံစံတွေကနေသွေ ဖည်သွားတဲ့အခါ ပဋိပက္ခဖြစ်ပွားနိုင်တဲ့အခြေအနေတွေ ပေါ်ပေါက်လာလေ့ရှိကြောင်း ဒီကိစ္စနဲ့ပတ်သက် ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက (သိပ်အရေးမကြီးသလို) သောကြာနေ့မှာပြောခဲ့တယ်။
အခုဖြစ်ရပ်တွေမတိုင်မီတည်းက အိန္ဒိယနယ်မြေအတွင်း တရုတ်စစ်သားတွေဝင်ရောက်လာ ကြောင်းသတင်းတွေကို နာရင်ဒြာမိုဒီအစိုးရက အကြိမ်ကြိမ်ငြင်းဆိုနေခဲ့တယ်။ (မြန်မာနိုင်ငံ ကချင်ပြည် နယ်အနောက်ပိုင်းနဲ့ထိစပ်နေတဲ့) အိန္ဒိယအရှေ့မြောက်ဖျားဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အိန္ဒိယ မီဒီယာတွေကတော့ ဒီကိစ္စကို ဇွန်လကတည်းက သတိပေးပြောဆိုနေခဲ့ကြတယ်။ သူတို့ရဲ့ ဘိုးဘွားပိုင် မြေတွေအတွင်း တရုတ်စစ်သားတွေက တဖြည်းဖြည်း ချင်းနင်းဝင်ရောက်လာကြောင်း အာရူနာ ချယ် ပရာဒေ့ရှ်ပြည်နယ်၊ အထက်ဆူဘန်ဆရီခရိုင် တက်ဆင်းဒေသခံ နာသ်မျိုးနွယ်စု လူမှုရေးအစည်းအရုံး (NWS) က အိန္ဒိယအစိုးရထံ (၂၀၂၆)ခုနှစ် ဇွန်လတုန်းက အိတ်ဖွင့်ပေးစာပေးပို့ခဲ့ဖူးတယ်။
နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့တရုတ် စစ်တပ်က ဒေသခံတွေရဲ့ဘိုးဘေးစဉ်ဆက်ပိုင်မြေ ယာတွေကိုသိမ်းပိုက်ထားကြောင်း၊ စစ်စခန်းတွေ တည်ဆောက်နေတဲ့အပြင် ဒေသခံတို့ရဲ့ အစဉ်အလာ တိရစ္ဆာန်စားကျက်မြေ၊ အမဲလိုက်ရာနေရာတွေမှာ လမ်းတွေနဲ့တံတားတွေကိုပါ တည်ဆောက်လျက် ရှိ ကြောင်း အရပ်ဘက်အဖွဲ့အစည်း NWS က အစီရင်ခံစာပေးပို့ခဲ့တယ်။ စောစောပိုင်း အိန္ဒိယစစ်တပ်နဲ့ မိုဒီ အစိုးရအချက်အလက် စိစစ်သူတွေကတော့ အဲဒီသတင်းတွေနဲ့ ဆက်စပ်ဗီဒီယိုဖိုင်တွေဟာ သတင်းတုနဲ့ ကောလာဟလတွေသာဖြစ်တယ်လို့ ပယ်ချခဲ့ကြတယ်။
ဒါပေမဲ့ သိပ်မကြာပါဘူး အာရူနာချယ် ပရာဒေ့ရှ်ပြည်နယ်၊ အထက်ဆူဘန်ဆရီခရိုင် အာဆဖီ လာနဲ့တက်ဆင်ဒေသတွေအနီး အိန္ဒိယနဲ့တရုတ် တပ်တို့ ထိပ်တိုက်တွေ့ဆုံမှုသတင်းတွေ ထွက်ပေါ်လာ ခဲ့တယ်။ တရုတ်တပ်တွေဟာ အိန္ဒိယကသတ်မှတ်ထားတဲ့ အမှန်တကယ်ထိန်းချုပ်မျဉ်း (LAC) မှ (၄) မိုင် ကျော်အတွင်းပိုင်းအထိ ဝင်ရောက်စခန်းချထားတာပဲဖြစ်တယ်လို့ဆိုပါတယ်။
နှစ်နိုင်ငံစလုံးမှာ နယ်စပ်ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရှည်လျားတဲ့သမိုင်းကြောင်း ရှိနေတယ်။ စိတ်ဝင်စားစရာအနေနဲ့ တရုတ်ရဲ့ အာရူနာချယ်ပရာ ဒေ့ရှ်ပြည်နယ်အပေါ်စိတ်ဝင်စားမှုဟာ အချိန်ကာလ အလိုက် အတက်အကျရှိခဲ့တာဖြစ်တယ်။ (၁၉၆၂) ခုနှစ် နှစ်နိုင်ငံ အတိအလင်းစစ်ပွဲကာလအတွင်း အာရူ နာချယ်ဒေသကို တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) က ရက်သတ္တပတ်အနည်းငယ်ကြာ သိမ်းပိုက်ထားခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်။ ပိုင်ဆိုင်မှုအငြင်းပွား အနောက် ဘက် အက်ခ်ဆိုင်ချင်းဒေသအပေါ် တရုတ်နိုင်ငံရဲ့ထိန်းချုပ်မှုကို အိန္ဒိယကလက်ခံမယ်ဆိုရင် အရှေ့ဘက် အာရူနာချယ်ပရာဒေ့ရှ်ဒေသတွေနဲ့ပတ်သက်တဲ့ တောင်းဆိုချက်တွေကိုစွန့်လွှတ်မယ်လို့ တရုတ်ကကမ်း လှမ်းခဲ့တယ်။
ဒါပေမဲ့ (၁၉၈၀)ပြည့်လွန်နှစ်များအလယ်ပိုင်းလောက်က စတင်ပြီး အာရူနာချယ်ပရာဒေ့ရှ်ပြည် နယ်ကို “ဇန်နန်” ခေါ် “တောင်တိဘက်” ဒေသအဖြစ်သူတို့ပိုင်ဆိုင်ကြောင်းပြောဆိုမှုတွေကို တရုတ်က ပြင်းပြင်းထန်ထန် ပြန်လည်စတင်လာခဲ့တယ်။ နှစ်နိုင်ငံဆွေးနွေးပွဲတွေမှာ အဲဒီအကြောင်းကို ထည့်သွင်း ပြောဆိုခြင်း၊ စစ်ရေးအရ နယ်မြေအတွင်း ဝင်ရောက်ကျူးကျော်ခြင်း၊ အိန္ဒိယကင်းလှည့်အဖွဲ့တွေကို ပြန် လည်ထွက်ခွာသွားစေရန်ဖိအားပေးခြင်း၊ အိန္ဒိယခေါင်းဆောင်တို့ရဲ့ အာရူနာချယ်ပရာဒေ့ရှ်ခရီးစဉ်ကို ကန့် ကွက်ခြင်း၊ အဆိုပါပြည်နယ်မှ အိန္ဒိယနိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူ အားကစားသမားတွေကို “အိန္ဒိယ နိုင်ငံသားတွေမဟုတ်”ဟု ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးရန် ငြင်းပယ်ခြင်းနဲ့ အဆိုပါ ပြည်နယ် အ တွင်း နေရာဒေသတွေနဲ့ ပထဝီဝင်ဆိုင်ရာအင်္ဂါရပ်တွေအတွက် တရုတ်အမည်တွေကို “စံသတ်မှတ်” ကြေ ညာခြင်းတွေပြုလုပ်ခဲ့တယ်။ အဲဒီအချိန်ကစပြီး စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုအကြိမ်ကြိမ်ဖြစ်ပွားခဲ့ရာ (၁၉၈၆) ခုနှစ် “ဆမ်ဒူရောင်းချူးဒေသ”၊ (၂၀၁၇)ခုနှစ် ဒေါက်လမ်ဒေသ ထိပ်တိုက်တွေ့မှုတွေဟာ နှစ် နိုင်ငံ စစ်ခင်းလုနီးဖြစ်ခဲ့ရတယ်။ (၂၀၂၀)ပြည့်နှစ် ဂယ်လ်ဝမ်တောင်ကြားဒေသ နှစ်နိုင်ငံတပ်တွေထိုး ကြိတ်သတ်ပုတ်မှုဟာ (၄၅)နှစ်ကြာ သွေးထွက်သံယို ကင်းမဲ့ခြင်းအခြေအနေကိုပျက်ပြားစေပြီး အိန္ဒိယ စစ်သား(၂၀)ဦးနဲ့ တရုတ်စစ်သား(၄)ဦးတို့ သေဆုံးခဲ့ရတဲ့အထိပြင်းထန်ခဲ့တယ်။
ဒီဖြစ်စဉ်ဟာ နျူကလီးယားလက်နက်ပိုင် အိမ်နီးချင်းနှစ်နိုင်ငံကြား လက်နက်ကိုင်ပဋိပက္ခအဖြစ် တင်းမာမှု ပိုမိုကြီးထွားနိုင်ပေမယ့် စစ်ရေး၊ သံတမန်ရေးဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်ပြီး အ ခြေအနေကိုထိန်းချုပ်ဖို့ နှစ်ဖက်စလုံးကကြိုးပမ်းခဲ့ကြတယ်။ အဓိကအားဖြင့် နေရာတချို့မှတပ်ဖွဲ့တွေကို ရွှေ့ပြောင်းပေးရေးနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် နှစ်နိုင်ငံအကြိမ်ကြိမ်ဆွေးနွေးခဲ့ကြတယ်။ စစ်ပွဲ ကြီးအဖြစ် ကျယ်ပြန့်မလာရအောင် နှစ်ဖက်က အသီးသီးထိန်းချုပ်နေကြပေမယ့် (၂၀၂၂)ခုနှစ် ဒီဇင်ဘာ လ အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ် ရန်ဆီးခေါ် တခြားနေရာမှာ နှစ်ဖက်စစ်သားတွေထိပ်တိုက်တွေ့ပြီး အချင်းချင်း ထိုးကြိတ်သတ်ပုတ်ကြခြင်းဖြင့် ရုန်းရင်းဆန်ခတ် ထပ်မံဖြစ်ပွားပြီး စစ်ရေးတင်းမာမှု လုံးဝ မပျောက်ခဲ့ပါ။
ဒေသတချို့အတွက် ကင်းလှည့်ရေးအစီအစဉ်ကို (၂၀၂၄)ခုနှစ် အောက်တိုဘာလမှာ သဘောတူ ညီမှုရရှိခဲ့ပြီး ပဋိပက္ခနဲ့ဆက်စပ်တဲ့ ထိပ်တိုက်တွေ့ရာ နေရာအားလုံးကတပ်ဖွဲ့တွေ ရွှေ့ပြောင်းရေးပြီးစီးခဲ့ တယ်။ ဒါကြောင့် နှစ်နိုင်ငံဟာ နယ်စပ်အငြင်းပွားမှုကို မဖြေရှင်းနိုင်သေးပေမယ့် အဲဒီပြဿနာကြောင့် စစ်ပွဲကြီးတစ်ခုဖြစ်မလာအောင်ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ကြတယ်လို့ဆိုနိုင်ပါတယ်။ ဒါဟာ နှစ်နိုင်ငံအကြား ယုံကြည်မှုပြန်လည်ရရှိနေပြီလို့တော့ မဆိုလိုပါဘူး။
အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ်ဟာ အခုအခါ တရုတ်နိုင်ငံရဲ့ “အဓိကအကျိုးစီးပွားတွေအနက် တစ်ခုဖြစ်လာတယ်လို့ ကမ္ဘာ့လူဦးရေအများဆုံး နျူကလီးယားလက်နက်ပိုင် အာရှအိမ်နီးချင်းနှစ်နိုင်ငံရဲ့ အခြေအနေကိုစောင့်ကြည့်နေတဲ့ အမေရိကန်ကာကွယ်ရေးဌာန ပင်တာဂွန်စစ်ဌာနချုပ်ရဲ့ (၂၀၂၅)ခုနှစ် အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားတယ်။
(၂၀၂၆)ခုနှစ် စက်တင်ဘာလ (၁၂) ရက်မှာ အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ နယူးဒေလီ BRICS အစည်းအဝေးပြင်ပမှာတွေ့ဆုံခဲ့ကြပါတယ်။ ရှီကျင့်ဖျင်ရဲ့အိန္ဒိယခရီးစဉ်ဟာ (၇)နှစ် အတွင်း ပထမဆုံးဖြစ်တယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေက ကုန်သွယ်ရေး၊ စီးပွားရေး၊ ပြည်သူအချင်းချင်း ရင်းနှီးဆက်ဆံရေးနဲ့ နယ်စပ်တည်ငြိမ်ရေးတို့ကိုဆွေးနွေးခဲ့ကြတယ်။ ဒါဟာ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာကြောင်း အရေးကြီးအဆင့်တစ်ခုဖြစ်ပေမယ့် အမြင့်ဆုံးအဆင့်ရောက်ပြီလို့တော့ မဆိုနိုင် ပါဘူး။ (၂၀၂၀)ပဋိပက္ခနောက်ပိုင်းထိခိုက်ခဲ့တဲ့ဆက်ဆံရေးကို ပြန်လည်ကုစားနေပြီး ကုန်သွယ်ရေးနဲ့ တခြား ဆက်သွယ်မှုတွေတိုးချဲ့ဖို့ ကြိုးပမ်းလာကြတယ်။ ဒါပေမဲ့ နယ်နိမိတ်အငြင်းပွားမှုကို နှစ်နိုင်ငံ သဘောတူဖြေရှင်းနိုင်ခြင်းမရှိသေးဘဲ လိပ်ခဲတည်းလည်း ကျန်ရှိနေတယ်။ တပ်ဖွဲ့တွေကို နေရာတချို့ မှာ ဆုတ်ခွာပေးခဲ့ပေမယ့် နယ်စပ်တစ်လျှောက် ရှေ့တန်းနယ်မြေမှာ စစ်အင်အားအလုံးအရင်းနဲ့ အသီး သီး တပ်စွဲထားဆဲဖြစ်တယ်။
ခုလိုဖြစ်ရတာ နှစ်နိုင်ငံကြား နယ်စပ်အရေးကိုချဉ်းကပ်ပုံမတူညီကြတဲ့အတွက်ဖြစ်တယ်။ အိန္ဒိယ ဘက်က နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်မှုကို နှစ်နိုင် ငံဆက်ဆံရေးတိုးတက်ဖို့ အခြေခံအဖြစ်သတ်မှတ် ပါတယ်။ တရုတ်ဘက်ကတော့ နယ်စပ်ပြဿနာဖြေရှင်းရေးနဲ့ ပိုမိုကျယ်ပြန့်တဲ့ နှစ်နိုင်ငံ ဆက်ဆံရေး တိုး တက်မှုကို တစ်ပြိုင်တည်းဆောင်ရွက်လိုတဲ့သဘောထားကိုဖော်ပြတယ်။
မကြာသေးမီက အိန္ဒိယနဲ့ တရုတ်အရာရှိတွေဟာ သံတမန်ရေးရာနဲ့ စစ်ရေးဆိုင်ရာဆွေးနွေးပွဲ တွေကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြတယ်။ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီနဲ့ သမ္မတရှီကျင့်ဖျင်အပါအဝင် ထိပ် တန်း ခေါင်းဆောင်အသီးသီးတို့ဟာ နိုင်ငံတကာ ထိပ်သီးအစည်းအဝေးတွေမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပင်ပြုလုပ်ခဲ့ကြတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲတွေဟာ တရုတ်စစ်တပ်ရဲ့အငြင်းပွားနယ်ခြားဒေသအတွင်း ရှေ့ ဆက်တိုးဝင်လာမှုကို တားဆီးနိုင်ခြင်းမရှိခဲ့ပါ။
အဲဒီလို မအောင်မမြင်ဖြစ်ရခြင်းမှာ ဝန်ကြီး ချုပ်မိုဒီရဲ့ နယ်စပ်ရေးရာမဟာဗျူဟာမရေရာမှု ကြောင့်လို့ ဝေဖန်သူတွေကဆိုကြတယ်။ ပြည်တွင်းနိုင်ငံရေးပုံရိပ်ကို ထိန်းသိမ်းလိုတဲ့ မိုဒီအစိုးရအဖွဲ့ဟာ တရုတ်ဘက်ကကျူးကျော်ဝင်ရောက်မှုမရှိကြောင်း အကြိမ်ကြိမ်ငြင်းဆိုခဲ့တယ်။ ဒါ့အပြင် နယူးဒေလီမြို့ တော်မှာဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲကြီးတွေကိုထိန်းချုပ်ဖို့အတွက် မတည်မငြိမ်ဖြစ်နေတဲ့ နယ်စပ်ဒေသမှလုံခြုံရေးတပ်ဖွဲ့တွေကို မကြာသေးမီ ကရုပ်သိမ်းခဲ့တယ်။
အာရူနာချယ်ပရာဒေ့ရှ်နေရာအများအပြား မှာ နှစ်ဖက်တပ်ဖွဲ့တွေ ထိပ်တိုက်တွေ့မှု ဆက်လက် ဖြစ်ပေါ်နေတယ်လို့ အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ (ITBP) အကြီးအကဲကပြောကြားကြောင်း The Diplo- mat နဲ့ Al Jazeera တို့ကဖော်ပြတယ်။ တရုတ်ဘက်ကတော့ မိမိတပ်ဖွဲ့တွေဟာ ပုံမှန်နယ်စပ်ကင်း လှည့်မှုတွေပြုလုပ်နေခြင်းသာဖြစ်တယ်လို့ပြောပါတယ်။ တရုတ်-အိန္ဒိယဆက်ဆံရေးဟာ ထိပ်တိုက်ရင် ဆိုင်မှုကနေ သတိထားပြီး ပြန်လည်ဆက်ဆံကြတဲ့အဆင့်ကိုရောက်ရှိနေပါတယ်။
ရှုပ်ထွေးတဲ့အခြေအနေမှာ အခုရက်ပိုင်း နယ်စပ်ဒေသအိန္ဒိယနဲ့ တရုတ်စစ်တပ်တို့အကြား လက် နက်ကိုင်စစ်ပွဲ သို့မဟုတ် သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွားနေကြောင်း ဖြတ်ညှပ်ကပ်သတင်းတုတွေလည်း လူမှုကွန်ရက်မှာပျံ့နှံ့နေတယ်။ (၂၀၂၆)ခုနှစ် အောက်တိုဘာလအတွင်း အာရုနာချယ်ပရာဒေ့ရှ်ပြည်နယ် အိန္ဒိယ-တရုတ်နယ်စပ် အမှန်တကယ်ထိန်းချုပ် မျဉ်း LAC အနီး နယ်မြေတချို့မှာ နှစ်ဖက်စစ်ကြောင်း ချင်း ထိပ်တိုက်တွေ့ဆုံမှုတွေနဲ့ တင်းမာမှုတချို့ရှိနေကြောင်း အိန္ဒိယနယ်ခြားစောင့်ရဲတပ်ဖွဲ့ (ITBP) က အတည်ပြုထားပါတယ်။ ဒါပေမဲ့ သေနတ်ပစ်ခတ်မှု သို့မဟုတ် လက်နက်ကိုင်အင်အားသုံးခြင်းမျိုး လုံးဝ ဖြစ်ပွားခဲ့ခြင်းမရှိပါ။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့သတင်းထုတ်ပြန်ချက်အရ တရုတ်တပ်တွေ အနေနဲ့ ပုံမှန်ကင်းလှည့်လမ်းကြောင်းတွေကနေသွေဖည်တဲ့အခါ နယ်စပ်တင်းမာမှုတွေ ရံဖန်ရံခါ ရှိ တတ်ကြောင်း၊ နှစ်နိုင်ငံလုံးအနေနဲ့ စစ်ရေး၊ သံတမန်ရေးလမ်းကြောင်းတွေကနေတစ်ဆင့် ဆွေးနွေးညှိ နှိုင်းပြီး အခြေအနေကိုထိန်းသိမ်းနေကြောင်း သိရှိရတယ်။
သေနတ်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြောင်း၊ အိန္ဒိယဗိုလ်ချုပ်တစ်ဦးက အတည်ပြုတယ်ဆိုခြင်းမှာ အများပြည်သူ အထင်အမြင်လွဲမှားစေရန် ချဲ့ကား သ တင်းတု၊ သတင်းမှားသာဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေက တရားဝင်ငြင်းဆိုတယ်။ အလားတူ အိန္ဒိယတပ်ဖွဲ့ဝင်တွေက တရုတ်စစ်သားတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်းရုပ်သံဖိုင်ဟာ ယခုရက်ပိုင်း ဖြစ်ရပ်မဟုတ်ဘဲ အနည်းဆုံး (၂၀၂၂) နှစ်ကုန် ပိုင်း အွန်လိုင်းမှာပျံ့နှံ့ခဲ့ဖူးတဲ့ လေ့ကျင့်ရေးရုပ်သံဖိုင်ဟောင်းသာဖြစ်ကြောင်း နိုင်ငံတကာ သတင်း စိစစ် ရေး NewsMeter Fact Check က ဖော်ထုတ်ခဲ့တယ်။
အခုရက်ပိုင်း တရုတ်တပ်တွေ အာရူနာ ချယ်ပရာဒေ့ရှ်ပြည်နယ်အတွင်း မိုင် ၄၀ ခန့် ဖြတ်ကျော် ဝင်ရောက်လာကြောင်းဗီဒီယိုဟာ Like, Share များများရရှိစေရန် Deepfake (AI ဖြင့် အ ရုပ်/အသံဖန် တီးထားတဲ့)သတင်းတုတွေသာဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်သဘောတူညီချက်တွေအရ နယ်စပ်မျဉ်း (LAC) အနီး ထိပ်တိုက်တွေ့ဆုံမှုတွေရှိလာပါက နှစ်ဖက်တပ်တွေအကြား တင်းမာမှုလျော့ကျ စေရေး ဆွေးနွေးရန် ပရိုတိုကောလ်တွေရှိကြောင်း၊ ရန်သူသဖွယ် ဖမ်းဆီးချုပ်နှောင်ခြင်း သို့မဟုတ် အကျဉ်းချ ခြင်းမျိုးပြုလုပ်လေ့မရှိဘဲ သံတမန်ရေးနဲ့ စစ်ဘက်ဆိုင်ရာလမ်းကြောင်းတွေအတိုင်း ချက်ချင်းအေးချမ်း စွာဖြေရှင်းလေ့ရှိကြောင်း အိန္ဒိယတပ်မတော် သတင်းမှန်ပြန်ကြားရေးဌာန (PIB Fact Check) က တရား ဝင်ငြင်းဆိုထားပါတယ်။