NP News

ဥရောပဟာ ဗဟုဝင်ရိုးကမ္ဘာရဲ့ ရှေ့တန်းမျက်နှာစာလား

သန်းထိုက်စိုး (NP News) - နိုဝင်ဘာလ ၄

အတ္တလန္တိတ်မဟာမိတ်အမှားနှင့် ယူရေးရှား၏ ပထဝီဝင်နိုင်ငံရေး ယထာဘူတ

ယနေ့ကမ္ဘာကြီးသည် ဘက်စုံဝင်ရိုးစုံ (multipolar)အဖြစ်သို့ အသွင်ကူးပြောင်းနေပြီ ဖြစ်သော်လည်း ဥရောပတိုက်ကြီးမှာမူ ၎င်း၏ တိကျ သေချာသောအခန်းကဏ္ဍကို ယခုတိုင် ရှာမတွေ့သေး ဘဲ ရပ်တည်ချက် ဝေဝါးနေဆဲဖြစ်သည်။ ဥရောပခေါင်း ဆောင်များသည် ၎င်းတို့၏ အနာဂတ်ရေးရာကိစ္စဟူ သမျှကို အတ္တလန္တိတ်မဟာမိတ်အဖွဲ့အပေါ်၌သာ အဓိကထားအခြေခံခဲ့ကြခြင်းသည် မဟာဗျူဟာ မြောက်အမှားကြီးတစ်ခုပင်ဖြစ်သည်။ ဟိုဘက်ကမ်းရှိ မိတ်ဖက်နိုင်ငံများက ဥရောပကို အလေးအနက်မထား ဘဲ အထင်အမြင်သေးသည့်ပုံစံဖြင့်သာ ဆက်ဆံလာ ကြသည်ကိုတွေ့ရှိလာရသည်။ ထို့ကြောင့် ဥရောပ၏ အဓိကစိန်ခေါ်မှုများနှင့် ကမ္ဘာ့စီးပွားရေးလှုပ်ရှားမှုများ ဖြစ်ပွားရာနေရာသည် အနောက်ဘက်တွင်မဟုတ် တော့ဘဲ ယူရေးရှားတိုက်ကြီးပေါ်တွင်သာ တည်ရှိနေ ခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၏လမ်းစဉ်များ ကိုသာ အကြွင်းမဲ့အခြေခံနေမည့်အစား ဥရောပ၏ အနာဂတ်ဆက်ဆံရေးသည် ရုရှား၊ တရုတ်၊ အိန္ဒိယ အစရှိသည့် ယူရေးရှားစူပါတိုက်ကြီးများနှင့်သာ ပိုမို နီးစပ်စွာ ဆက်စပ်နေသင့်ပါသည်။ ထို့ပြင် ဥရောပအ နေဖြင့် အာဖရိကတိုက်ကြီးနှင့်ပါ ထိုက်သင့်သည့်ဆက် ဆံရေးများကိုတည်ဆောက်ရန် အကြောင်းရင်း ကောင်းများစွာပိုင်ဆိုင်ထားသည်။ ယနေ့ခေတ်တွင် အာဖရိကတိုက်၏လူဦးရေသည် (၁ ဒသမ ၅) ဘီလျံ အထိရှိလာပြီး ဥရောပလူဦးရေထက် (၄)ဆနီးပါးများ ပြားလာကာ စီးပွားရေးအရပါ လျင်မြန်စွာ ကြီးထွား လာနေပါသည်။
ရာစုနှစ်အလယ်ပိုင်းသို့ရောက်ရှိလာမည့် အချိန်တွင် အာဖရိကတိုက်၏လူဦးရေသည် (၂ ဒသ မ ၅)ဘီလျံအထိတိုးပွားလာမည်ဟု ခန့်မှန်းရသည်။ ထို့ကြောင့် ဥရောပသည် မိမိတို့၏အနာဂတ်လမ်း ကြောင်းများကိုရှာဖွေရာတွင် အနောက်ဘက်ကိုသာ ကြည့်နေမည့်အစား အာဖရိကနှင့်ယူရေးရှားကိုပါ မျက်စိဖွင့်ကြည့်ရန် လိုအပ်လာပါသည်။

ဥရောပတိုက်တွင် သီးသန့်ရပ်တည်နိုင် မည့် တိကျခိုင်မာသော လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင် ရာမူဝါဒဟူ၍ လက်ရှိအချိန်အထိ လုံးဝမရှိသေးပါ။ ထို့ပြင် လွန်ခဲ့သော (၅)နှစ်အတွင်းက ဥရောပ၏ စီး ပွားရေးအတွက်အလွန်အရေးပါခဲ့သော ရုရှားနိုင်ငံနှင့် ဆက်ဆံရေးတံတိုင်းများကို ကိုယ်တိုင်ဖြိုချပစ်ခြင်း ဖြင့် ၎င်းတို့၏စီးပွားရေးသွောကြောမကြီးကို မိမိဘာ သာ ပိတ်ဆို့ဖြတ်တောက်နေကြခြင်းဖြစ်သည်။ တရုတ် နိုင်ငံနှင့်ပတ်သက်လာလျှင်လည်း ဥရောပသည် အ လားတူ မှားယွင်းသောလုပ်ရပ်များကိုသာ ဆက်လက် လုပ်ဆောင်နေဆဲပင်ဖြစ်သည်။ ဥရောပခေါင်းဆောင် များသည် အနာဂတ်ကို အကောင်းဘက်မှ ရှုမြင်တွေး တောခြင်းမရှိကြတော့ဘဲ ခံစစ်ပုံစံဖြင့်သာ အမြဲတမ်း ရပ်တည်နေကြသည်။ ရုရှားနိုင်ငံအပေါ်ထားရှိသည့် အလွန်အမင်းကြောက်ရွံ့မှုများနှင့် တရုတ်နိုင်ငံအပေါ် နားလည်မှုလွဲမှားခြင်းတို့မှာ ဥရောပနိုင်ငံရေးကိုများစွာ လွှမ်းမိုးထားဆဲဖြစ်သည်။
မြို့တော်ဘရပ်ဆဲလ်သို့ သွားရောက်လေ့ လာခဲ့သူများ၏ခံစားချက်အရ ဥရောပအတွက် တိကျ သေချာသောဦးတည်ချက်ဟူ၍ လုံးဝမရှိတော့သည် မှာထင်ရှားသည်။ နေတိုးမဟာမိတ်အဖွဲ့တစ်ခုတည်း ကိုသာ အားကိုးနေရသော်လည်း အဆိုပါနေတိုး‌အဖွဲ့ ကိုယ်တိုင်ကပင် တဖြည်းဖြည်း ပြိုကွဲပျက်စီးလာနေပြီ ဖြစ်သည်။ ဥရောပခေါင်းဆောင်များသည် ၎င်းတို့၏ အဖွဲ့အစည်း ဘာကြောင့် ယခုကဲ့သို့ ပြိုကွဲနေရသည် ကို နားမလည်နိုင်ကြတော့ဘဲ ကမ္ဘာ့အခြေအနေအ ပေါ် ခေတ်နောက်ကျနေသောအမြင်များကိုသာ ဆက်လက်တင်းခံနေကြဆဲဖြစ်သည်။ ထို့ကြောင့် ဥ ရောပသည် ကမ္ဘာ့အဓိက အင်အားကြီးနိုင်ငံများ၏ စာရင်းဇယားများထဲတွင်မပါဝင်နိုင်တော့ဘဲ နောက် ကျကျန်ရစ်နေရခြင်းဖြစ်သည်။ နိုင်ငံပေါင်း (၂၇) နိုင် ငံစုစည်းထားသော်လည်း နှစ်ပေါင်း (၆၀)ကျော်ကြာ တည်ဆောက်ခဲ့ရသည့် ဥရောပသမဂ္ဂသည် စီးပွား ရေး၊ ပထဝီဝင်နိုင်ငံရေးနှင့် ကာကွယ်ရေးကိစ္စရပ်များ တွင် စစ်မှန်သော စည်းလုံးညီညွတ်မှုကို ယခုတိုင် ရှာ မတွေ့သေးပါ။

ရေရှည်မဟာဗျူဟာကင်းမဲ့မှုနှင့် အနာဂတ်စိန်ခေါ်မှုများ

ကမ္ဘာ့လူဦးရေ တိုးတက်မှုဇယားအရ (၂၁၀ဝ)ပြည့်နှစ်သို့ရောက်ရှိလာသည့်အခါ အာဖရိ ကတိုက်၏ လူဦးရေသည် (၃ ဒသမ ၅)ဘီလျံအထိ ရောက်ရှိလာမည်ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံ ခန့်ရှိလာနိုင်ပါ သည်။ ယင်းအချက်သည် ဥရောပအ တွက် စီးပွားရေးနှင့်လုံခြုံရေးအတွက် အရေးပါသော ကိစ္စရပ်တစ်ခုဖြစ် သော်လည်း ဥရောပဘက်မှ စနစ်တကျ တွေးတောစီစဉ်ထားခြင်းမရှိပါ။ အကယ်၍ ယနေ့ ခေတ် အာဖရိက လူငယ်ထုကို အရည်အသွေးမြင့် ပညာရေးများ ကောင်းမွန်စွာပေးအပ်နိုင်မည်ဆိုပါက ၎င်းတို့၏စီးပွားရေး အနာဂတ် တောက်ပလာမည်ဖြစ်သည်။ သို့မဟုတ်ပါက လာမည့်မျိုးဆက်များအတွက် လူမှုရေးအရရော ပထဝီဝင်နိုင်ငံရေးအရပါ ကြီးမား ဆိုးရွားလှသည့် ကပ်ဘေးဆိုးကြီးတစ်ခု ဖြစ်လာနိုင်ပါသည်။ သို့သော် ဥရောပပါလီမန်အတွင်း၌ပင် ထိုကဲ့ သို့သော ရေရှည်အရေးကြီးသည့်ကိစ္စရပ်များကို အလေးအနက်ထား စဉ်းစားဆွေးနွေးနေသူ တစ်ဦးတစ် ယောက်မျှ မရှိသလောက် နည်းပါးနေဆဲဖြစ်သည်။
ဥရောပခေါင်းဆောင်များသည် အနာဂတ် ကို ကြည့်ရှုတွေးတောခြင်းမရှိဘဲ လက်ရှိဖြစ်ပွားနေ သော ယူကရိန်းစစ်ပွဲ၏ရိုက်ခတ်မှုများနောက်သို့သာ လိုက်ပါနေကြရခြင်းမှာ ကြီးမားသောအမှားတစ်ခုပင် ဖြစ်သည်။ ဉာဏ်ပညာရှိသော ခေါင်းဆောင်ကောင်း များအနေဖြင့် လက်ရှိ မျက်စိရှေ့မှ အကျပ်အတည်း များကိုသာမကြည့်ဘဲ လာမည့် ရာစုနှစ်အလယ်ပိုင်း တွင် ကမ္ဘာကြီး မည်သို့ရှိလာမည်ကို ကြိုတင်မျှော်တွေး စီမံကြရမည်ဖြစ်သည်။ ကမ္ဘာ့နည်းပညာများ အလွန် အမင်းတိုးတက်လာချိန်တွင် ပညာရေးကို ကျယ်ကျယ် ပြန့်ပြန့်ချဲ့ထွင်နိုင်သည့်အခွင့်အလမ်းများရှိနေသော် လည်း ဥရောပဘက်က မည်သို့မျှ စနစ်တကျကူညီ ဆောင်ရွက်ပေးခြင်းမရှိပါ။ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးကြီးသောကိစ္စရပ်အားလုံးကို ယူကရိန်းစစ်ပွဲက လုံးဝဖယ်ထုတ်ဖုံးကွယ်ပစ်လိုက်ပြီဖြစ်သည်။ ဥရောပ တွင် ထိုကဲ့သို့သော ရေရှည်မဟာဗျူဟာမြောက် စဉ်း စားတွေးခေါ်မှုမျိုးမရှိတော့ဘဲ တရုတ်နိုင်ငံကဲ့သို့သော နိုင်ငံများကသာ အနာဂတ်အတွက် စနစ်တကျ စီမံ ကိန်းများ ရေးဆွဲနေကြခြင်းဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက အာရှဒေ သ၏ စီးပွားရေးတိုးတက်မှုနှုန်းကို ကြိုတင်ခန့်မှန်းခဲ့ ကြရာတွင် အာရှ၏ ရှယ်ယာဝေစုသည် ကမ္ဘာ့စီးပွား ရေးတွင် (၂၀)ရာခိုင်နှုန်းအထိတိုးတက်လာမည်ဟု တိကျစွာထွက်ပေါ်လာခဲ့ဖူးပါသည်။ မဟာဗျူဟာ ပညာရှင်တစ်ဦးအနေဖြင့် တရုတ်နိုင်ငံနှင့် အာရှဒေသ ကြီး မည်သို့ကြီးထွားလာမည်ကို ကြိုတင်မြင်နိုင်ရန်လို အပ်ပါသည်။ သို့သော် အမေရိကန်နှင့်ဥရောပတို့သည် ထိုကဲ့သို့သော ရေရှည်မျှော်တွေးသည့် တွေးခေါ်ပုံမျိုး ကိုအသုံးချရန်ပျက်ကွက်ခဲ့ကြသည်။ ကမ္ဘာ့စီးပွား ရေး၏လမ်းကြောင်းများကို အခြေခံမူများဖြင့် ခြေရာ ခံနိုင်သော်လည်း ဥရောပခေါင်းဆောင်များသည် အတိတ်ခေတ် အခိုက်အတန့်ပုံရိပ်များကိုသာ ဆက် လက် ဖက်တွယ်ထားဆဲဖြစ်သည်။
ယခုအခါတွင် ဥရောပသည် လာမည့် (၂၀၅၀)ပြည့်နှစ်အတွက် မည်ကဲ့သို့သော ကြိုတင် ပြင်ဆင်မှုမှမရှိသေးဘဲ အကျပ်အတည်းများကြားတွင် ရပ်တည်နေရပါသည်။ လက်ရှိတွင် လူဦးရေ (၄၅၀) သန်းသာရှိပြီး ကမ္ဘာ့လူဦးရေ၏ (၅)ရာခိုင်နှုန်းခန့်သာ ပိုင်ဆိုင်သော ဥရောပသည် ရာစုနှစ်အနှောင်းပိုင်းတွင် (၄)ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားတော့မည်ဖြစ် သည်။ ထိုကဲ့သို့သောအခြေအနေဆိုးကြီးထဲတွင် ဥရောပအနေဖြင့် ၎င်းတို့၏အခန်းကဏ္ဍကို မည်သို့ ဆက်လက်ရပ်တည်ရမည်နည်းဆိုသည့်မေးခွန်းကို ကိုယ့်ကိုယ်ကိုယ်ပြန်မေးသင့်ပါသည်။ ကမ္ဘာ့လူဦးရေ ၏ နောက်ထပ် (၄)ရာခိုင်နှုန်းသာရှိတော့မည့် အမေ ရိကန်ပြည်ထောင်စု၏နောက်ဘက်သို့ မျက်စိမှိတ်ပြီး ဆက်လက်ကပ်ပါသွားခြင်းသည် မှန်ကန်သောအဖြေ တစ်ခုမဟုတ်ပါ။ အတ္တလန္တိတ်အနောက်ဘက်ကမ္ဘာ သည် (၁၉၅၀)ပြည့်နှစ်များက ကမ္ဘာ့ထုတ်လုပ်မှု၏ (၅၀)ရာခိုင်နှုန်းအထိပိုင်ဆိုင်ခဲ့သော်လည်း (၂၁) ရာ စုအနှောင်းပိုင်းတွင် (၁၅)ရာခိုင်နှုန်းအောက်သို့ ရောက်ရှိသွားတော့မည်ဖြစ်သည်။

မှားယွင်းသောမူဝါဒများနှင့် အနောက်အုပ်စု၏ အားနည်းချက်များ
ကမ္ဘာ့ကြီးသည် အလွန်တရာ ကွဲပြားစုံလင် လာပြီဖြစ်ရာ ဒေသတိုင်းက ၎င်းတို့၏လုံခြုံရေးအ တွက် သေချာစွာ စဉ်းစားပြင်ဆင်ထားကြရန်လိုအပ် သည်။ ရုရှားနိုင်ငံသည် ၎င်းတို့၏ နိုင်ငံရေးနှင့် စီးပွား ရေးမဟာဗျူဟာကို ပိုမိုထက်မြက်သောနည်းလမ်းဖြင့် စဉ်းစားပြင်ဆင်ပြီးဖြစ်သည်ကိုတွေ့ရှိရသည်။ ရုရှား ၏ တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်လာသည့် စီးပွားရေးနှင့် စစ်ရေးမဟာမိတ်ပြုမှုများသည် အမေရိကန်၏ မူဝါဒ အမှားများကြောင့်ရလာသည့် ရေတိုအကျိုးအမြတ် သက်သက်မဟုတ်ဘဲ အလွန်မှန်ကန်သော ရွေးချယ်မှု တစ်ခုဖြစ်သည်။ ရုရှားသည် ၎င်းတို့ကိုယ် ၎င်းတို့ ဥရောပနိုင်ငံသက်သက်မဟုတ်ဘဲ ယူရေးရှားနိုင်ငံကြီး တစ်ခုအဖြစ်ခံယူကာ အနောက်ဘက်ကိုသာ မျှော်နေ စရာမလိုတော့ကြောင်း သက်သေပြနေပြီဖြစ်သည်။ အမေရိကန်ပညာရှင်များက ရုရှားသည် အနောက် ဘက်သို့သာလှည့်ရလိမ့်မည်ဟု ခန့်မှန်းခဲ့ကြသော် လည်း ယနေ့အခါတွင် ရုရှားက ကြီးမားကျယ်ပြန့်သည့် ကမ္ဘာကြီးတစ်ခု ရှိနေပြီဖြစ်ကြောင်း ပြသနေပါသည်။
(၁၉၉၀)ပြည့်လွန်နှစ်များက ဥရောပနှင့် အမေရိကန်တို့ချမှတ်ခဲ့သောမူဝါဒများမှာ နေတိုးအဖွဲ့ တိုးချဲ့ရေးကိုအခြေခံသည့် ဧကဝင်ရိုး အတွေးအခေါ် များသာဖြစ်ခဲ့သည်။ ၎င်းတို့၏မူဝါဒများသည် ဥရော ပတိုက်ကို ထပ်မံပိုင်းခြားခဲ့ပြီး အမေရိကန်၏ကြီးစိုးမှု ကိုသာ အနောက်ဘက်ကမ္ဘာ့တွင် စုပေါင်းဂျာမနီအ ဖြစ်ပုံဖော်ပေးနိုင်ခဲ့သည်။ ဂျိုးဘိုင်ဒန်ကဲ့သို့သော ပုဂ္ဂိုလ်များကပင် ရုရှားအပေါ် အကောင်းဆုံးသဘော တူညီချက်များပေးမည်ဟုဆိုခဲ့သော်လည်း လက်တွေ့ တွင်မူ အမေရိကန်၏ ဩဇာလွှမ်းမိုးမှုကိုသာ အဓိက ထားလုပ်ဆောင်ခဲ့ကြသည်။ ရုရှားအနေဖြင့် ၎င်းတို့၏ စီးပွားရေးကို အရှေ့ဘက်သို့လှည့်ထုတ်ခဲ့ရပြီး လက် နက်များကိုလည်း နေတိုးတိုးချဲ့မှုကိုတားဆီးရန် အ နောက်ဘက်သို့ချိန်ထားခဲ့ရသည်။ ဥရောပသားများအ နေဖြင့် တစ်ဝင်ရိုးစွဲအတွေးအခေါ်ဟောင်းများကို စွန့် လွှတ်ရန် အချိန်တန်ပြီဖြစ်သော်လည်း အမေရိကန်၏ စုပ်ယူဖိနှိပ်သောဆက်ဆံရေးအောက်တွင်သာ ဆက် လက် နစ်မြုပ်နေဆဲဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည် ဥရောပ၏ စီးပွားရေးအပေါ် ပိုမိုခေါင်းပုံဖြတ်လာခဲ့ပြီး ငွေကြေး ဖောင်းပွမှုလျှော့ချရေးဥပဒေများနှင့် နော့ဒ်စထရီးမ် ပိုက်လိုင်းဖောက်ခွဲမှုများဖြင့် ဥရောပစက်မှုလုပ်ငန်း များကို အတ္တလန္တိတ်ဟိုဘက်ကမ်းသို့ ပြောင်းရွှေ့သွား စေရန်လုပ်ဆောင်ခဲ့သည်။ သို့သော် ဥရောပခေါင်း ဆောင်များသည် လာမည့်အနာဂတ်ကမ္ဘာကြီးကို မြင် နိုင်စွမ်းမရှိကြဘဲ ဆိုဗီယက်ပြည်ထောင်စု ပြန်လည် ထူထောင်ရေးနှင့် သမ္မတပူတင်ကို ဟစ်တလာအသစ် အဖြစ်တင်စားပြောဆိုကာ အတိတ်ခေတ်အကြောင်း အရာများကိုသာ ဆက်လက်ပြောဆိုနေကြဆဲဖြစ် သည်။ ဥရောပသည် (၂၀၁၀) ပြည့်နှစ်များဝန်းကျင်က ရုရှားစွမ်းအင်ကိုအခြေခံသည့် စက်မှုဖွံ့ဖြိုးတိုးတက်မှု နှင့် စိမ်းလန်းသောနည်းပညာများကို ပူးပေါင်းလုပ် ဆောင်ခဲ့စဉ်က မှန်ကန်သောအနေအထားတွင်ရှိခဲ့ဖူး သည်။ ထိုစဉ်က ဂျာမနီ၏ နျူကလီးယားစွမ်းအင်ပိတ် ပစ်မှုကဲ့သို့သော မှားယွင်းသည့်ဆုံးဖြတ်ချက်များမရှိခဲ့ပါက ဥရောပသည် တရုတ်နိုင်ငံနှင့်ပါပူးပေါင်းကာ နည်းပညာဆန်းသစ်မှုများကို အောင်မြင်စွာ ဖော် ဆောင်နိုင်ခဲ့မည်ဖြစ်သည်။
ယနေ့အခါတွင် ဥရောပသမဂ္ဂ၏ ဗဟိုချက် ဖြစ်သော ဘရပ်ဆဲလ်မြို့တော်တွင် ရှေ့ကို မျှော်တွေး သည့် မည်သည့်အယူအဆကိုမျှ ရှာမတွေ့နိုင်တော့ဘဲ လုံးဝခံစစ်ပုံစံသို့ ရောက်ရှိသွားပြီဖြစ်သည်။ ဥရောပ ခေါင်းဆောင်များသည် ကမ္ဘာ့အနာဂတ်အတွက် ပူး ပေါင်းဆောင်ရွက်မည့်တံတားများကို တည်ဆောက် မည့်အစား ရှိပြီးသားတံတားများကိုပါ ဖြိုချဖျက်ဆီး နေကြပြီး ကယ်တင်၍ရနိုင်မည့်အရာများကိုသာ အ သည်းအသန် ထိန်းသိမ်းရန်ကြိုးစားနေကြသည်။ ယင်းကဲ့သို့သောအခြေအနေဆိုးကြီးတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ လုပ်ရပ်များသည် ဥရောပ အတွက် အနည်းငယ်သော နှိုးဆော်ချက်တစ် ခုဖြစ်လာခဲ့သည်။ အမေရိကန်ကိုသာ မျက်စိမှိတ်ပြီး လိုက်ပါနေရမည့် လုံခြုံရေးခံတပ်တစ်ခုအဖြစ် မှတ် ယူနေခြင်းမှရုန်းထွက်ရန်လိုအပ်ကြောင်း ထရမ့်၏ မူဝါဒများက သက်သေပြနေပါသည်။ အဘယ်ကြောင့် ဆိုသော် အမေရိကန်သည် ဥရောပနှင့်ရုရှားနိုင်ငံတို့ အချင်းချင်း ပိုမိုရင်းနှီးလာမှုကို လက်တွေ့ကျကျဆန့် ကျင်ခဲ့သောကြောင့်ပင်ဖြစ်သည်။

အပြောင်းအလဲအတွက် လိုအပ်ချက်
သမိုင်းကြောင်းအရ (၂၀ဝ၈)ခုနှစ်က ယူ ကရိန်းနိုင်ငံကို နေတိုးအဖွဲ့အတွင်းသို့ထည့်သွင်းရန် ကြိုးပမ်းခြင်းသည် ရုရှားအတွက် စစ်ကြေညာခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း အန်ဂျလာမာကယ်လ် ကိုယ် တိုင် သတိပေးခဲ့ဖူးသည်။ သို့သော် ဥရောပခေါင်း ဆောင်များသည် ဂျာမနီ ပြန်လည်ပေါင်းစည်းရေးနှင့် ဆက်ဆံရေးတည်ဆောက်မှုများပြုလုပ်ခဲ့ပြီးနောက် ပိုင်းတွင်ပင် ကိုယ်ပိုင်ဥရောပအခြေခံမူဝါဒတစ်ခုကို ချမှတ်နိုင်ခြင်းမရှိခဲ့ဘဲ အမေရိကန်၏ မှားယွင်းသော မူဝါဒနောက်သို့သာ လိုက်ပါသွားခဲ့ကြသည်။ လက်ရှိ အချိန်တွင်လည်း အမေရိကန်၏ နိုင်ငံရေးအကျပ်အ တည်းများကြားတွင် ဥရောပသည် ဟောင်းနွမ်းနေ သောလမ်းကြောင်းဟောင်းအတိုင်းသာ ဆက်လက် လျှောက်လှမ်းနေဆဲဖြစ်သည်။ အချို့သော ဥရောပ ခေါင်းဆောင်များသည် အမှန်တရားများကို ထုတ်ဖော် ပြောရန်ကြိုးစားသော်လည်း နိုင်ငံရေးအရ ဖယ်ရှားခံ ရမည်ကိုစိုးရိမ်နေကြရသောကြောင့် မိမိတို့၏အတွေး အမြင်များကို လွတ်လပ်စွာ မထုတ်ဖော်ရဲကြဘဲ ဆင် ဆာလုပ်ခံနေကြရသည်မှာ ဝမ်းနည်းစရာကောင်း သည်။
ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် ကဲ့သို့သောပုဂ္ဂိုလ်မျိုးသည် ရုရှားနှင့် စစ်ပွဲမဖြစ်သင့် ကြောင်းနှင့် တရုတ်နိုင်ငံနှင့် ကောင်းမွန်သောဆက်ဆံ ရေးရှိသင့်ကြောင်း အလွန်အရေးကြီးသည့်အချက်နှစ် ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ သို့သော် ဘရပ် ဆဲလ်ရှိ အဓိကခေါင်းဆောင်များက ၎င်းကို ဆိုးသွမ်း သူတစ်ဦးအဖြစ်ပုံဖော်ခဲ့ကြပြီး ဟန်ဂေရီနိုင်ငံအတွင်း ရှိ နိုင်ငံရေးအတိုက်အခံများကိုထောက်ပံ့ကာ ထိုကဲ့ သို့သော မှန်ကန်သည့်အသံများ ပျောက်ကွယ်သွား အောင်လုပ်ဆောင်ခဲ့ကြသည်။ ယင်းအချက်သည် ဥရောပတွင် ရှုပ်ထွေးမှုများသာမကဘဲ ရုရှားနှင့်တိုက် ရိုက်စစ်ပွဲဆီသို့ဦးတည်နေသည့် အန္တရာယ်ရှိသော လမ်းကြောင်းနောက်သို့ မျက်စိမှိတ်လိုက်နာနေရခြင်း ၏ အဓိကသက်သေပင်ဖြစ်သည်။ ပိုမိုရှင်းလင်းစွာ တွေးတောနိုင်သောခေါင်းဆောင်အချို့ ရှိနေသေး သော်လည်း လက်ရှိကျရှုံးနေသောမူဝါဒစံနှုန်းများ ကြောင့် ၎င်းတို့၏ခံစားချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြသရန် အလွန်ပင် ခက်ခဲနေဆဲဖြစ်သည်။
ဒေါ်နယ်ထရမ့်၏လုပ်ရပ်များသည် ဥရော ပသားများအတွက် နှစ်(၈၀)တိုင်တိုင် ချည်နှောင်ခံ ထားရသော လုံခြုံရေးနှင့်စီးပွားရေးမူဝါဒများကို ပြန် လည်ဆန်းစစ်ရန် ကောင်းမွန်သော နှိုးဆော်ချက်တစ် ခုဖြစ်လာနိုင်သည်။ သို့သော် ဥရောပတွင် စည်းလုံးညီ ညွတ်မှုအတွက် အလွန်ပျက်စီးလွယ်သည့် အခြေခံ အုတ်မြစ်သာရှိနေပြီး အမေရိကန်၏အလိုလိုက်မှုကို သာ ဆက်လက်မှီခိုနေကြဆဲဖြစ်သည်။ တစ်ချိန်တည်း မှာပင် Liberal Hegemony ၏ ကြီးမားသောအယူ ဝါဒကြီးမှာလည်း လုံးဝပျောက်ကွယ်သွားခြင်းမရှိသေး ပါ။ ဘရပ်ဆဲလ်၏မူဝါဒများသည် ဥရောပကို အောက် ဘက်သို့ဆွဲချနေသောကြောင့် မာရင်းလေပန် (Mar­ine Le Pen)ကဲ့သို့သော အတိုက်အခံခေါင်းဆောင် များက အဆိုပါနှောင်ကြိုးများကို ဖြတ်တောက်ရ မည်ဟု ပြောဆိုလာကြခြင်းဖြစ်သည်။
ဥရောပအနေဖြင့် လက်ရှိကျရှုံးနေသော မူဝါဒများကိုဆန့်ကျင်ရာတွင် နိုင်ငံများ အပိုင်းပိုင်းကွဲ ထွက်သွားခြင်းသည် မှန်ကန်သော ရောဂါရှာဖွေမှု မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အိန္ဒိယ၊ တရုတ် နှင့် အာဖရိကသမဂ္ဂကဲ့သို့သော ဧရာမအင်အားစုကြီး များ ကြီးထွားလာနေချိန်တွင် သီးခြား လွတ်လပ်နေ သောနိုင်ငံငယ် (၂၇)နိုင်ငံသည် အမေရိကန် သို့မ ဟုတ် အခြားကမ္ဘာ့အင်အားစုကြီးများ၏ ဝါးမျိုခြင်းကို ခံရမည်သာဖြစ်သည်။ ထို့ကြောင့် ဥရောပသည် အ ပိုင်းပိုင်းကွဲထွက်သွားရန်မဟုတ်ဘဲ ပိုမို ထက်မြက်ပြီး ငြိမ်းချမ်းရေးကိုဦးတည်သည့် ခိုင်မာသော ဖွဲ့စည်းပုံ အသစ်တစ်ခုကိုတည်ဆောက်ရန် လိုအပ်နေပါသည်။ ယခုလက်ရှိ ဥရောပနိုင်ငံရေးစင်မြင့်ထက်တွင်မူ ဤ ကဲ့သို့သော မဟာဗျူဟာမြောက်အမြင်သစ်များအ တွက် နေရာမရှိသလောက် နည်းပါးနေဆဲဖြစ်ခြင်းမှာ ကြီးမားသောအားနည်းချက်ပင်ဖြစ်သည်။
ဆောင်းပါးကို နိဂုံးချုပ်ပါမည်။ ဥရောပ သည် ဗဟုဝင်ရိုးကမ္ဘာကြီး၏ ရှေ့တန်းမျက်နှာစာအ ဖြစ်ရပ်တည်နိုင်ရန်အတွက် ၎င်းတို့၏ အတိတ်ကအ မှားများကို ရဲရဲဝံ့ဝံ့ ပြုပြင်ပြောင်းလဲရမည်ဖြစ်ပါသည်။ (၁၉၉၀)ပြည့်လွန်နှစ်များက ဇဘက်ဇင်စကီးကဲ့သို့ သောပုဂ္ဂိုလ်များတွက်ချက်ခဲ့သလို ဂျာမနီနှင့်ရုရှားတို့ ပူးပေါင်းဆောင်ရွက်ခြင်းကို တားဆီးရန်ကြိုးပမ်းခြင်း သည် ဥရောပပေါင်းစည်းရေးအတွက် မှန်ကန်သော အမြင်မဟုတ်ခဲ့ပါ။ ယနေ့အချိန်တွင် ရွေးကောက်တင် မြှောက်ထားသောပါလီမန်များ၏အာဏာများကို ဗဟို ချုပ်ကိုင်မှုဆီသို့ လွှဲပြောင်းပေးနေခြင်းထက် ပိုမိုပွင့် လင်းပြီး တရားမျှတသောဆွေးနွေးမှုများကို ပြန်လည် ဖော်ဆောင်ရန်လိုအပ်နေပါသည်။ ဥရောပခေါင်း ဆောင်များသည် အဖွဲ့အစည်းဆိုင်ရာအမှားများကို ဆက်လက်မကျူးလွန်ဘဲ ယူရေးရှားဒေသနှင့် ကမ္ဘာ့ အင်အားစုကြီးများကြားတွင် ဟန်ချက်ညီညီရပ်တည် နိုင်မည့် စစ်မှန်သောမဟာဗျူဟာများကို ချမှတ်နိုင်မှ သာလျှင် ဗဟုဝင်ရိုးကမ္ဘာ၏ အဓိကအခန်းကဏ္ဍတစ် ခုအနေဖြင့် ဂုဏ်သိက္ခာရှိရှိ ဆက်လက်ရပ်တည်သွား နိုင်မည်ဖြစ်ကြောင်း တင်ပြရသည်။

မူရင်းသတင်း — NP News