ဂျန်ဇက် (NP News) - နိုဝင်ဘာလ ၄
နယ်စပ်အနီး တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသားအချို့ ဒဏ်ရာရရှိခဲ့ပြီးနောက် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် စစ်ရေးဆောင်ရွက်မှုများသည် ထိုင်းပိုင်နက်နယ်မြေကို မထိခိုက်စေရန် တားဆီးပေးဖို့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်သည် နိုဝင်ဘာ (၃) ရက်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် (၁၀) မိနစ်ကြာ ဖုန်းဖြင့် ဆွေးနွေးစဉ်အတွင်း ယခုအရေးကိစ္စကို ထည့်သွင်းပြောဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။
မြန်မာတပ်မတော်က ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် စစ်ရေးအရ ဆောင်ရွက်မှုများ၊ အထူးသဖြင့် စစ်ရေးပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီးထိုင်းနိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
မြန်မာနိုင်ငံ၏ စစ်ရေးဆောင်ရွက်ချက်များသည် ထိုင်းနိုင်ငံကို ထိခိုက်မှုမရှိသင့်ကြောင်း နှင့် လေကြောင်းတိုက်ခိုက်မှုများကို ထိုင်းနယ်စပ်နှင့်တတ်နိုင်သမျှ ဝေးဝေးတွင်သာ လုပ်ဆောင်သင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ ပိုမိုကျယ်ပြန့်သောအခြေအနေများကိုလည်း ထည့်သွင်းပြောဆိုခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အာဆီယံအဖွဲ့အတွင်းသို့ ပြန်လည်ပါဝင်လာနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအဖွဲ့အစည်း၏ စိုးရိမ်ပူပန်မှုများကို အထူးသဖြင့် အကြမ်းဖက်မှုများ လျှော့ချခြင်းဖြင့် တုံ့ပြန်ဆောင်ရွက်ရမည်ဟု ၄င်းက ပြောခဲ့သည်။
မြန်မာပဋိပက္ခတွင် ပါဝင်နေသည့်အဖွဲ့အစည်းအားလုံးဘက်မှ အကြမ်းဖက်မှုများ လျှော့ချခြင်းသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန်အတွက် မရှိမဖြစ်လိုအပ်သော တွေ့ဆုံဆွေးနွေးရေးနှင့် ပိုမိုကောင်းမွန်သော အခင်းအကျင်းတစ်ခုကို ဖန်တီးပေးရာတွင် အထောက်အကူပြုလိမ့်မည်ဟု ၄င်းက ပြောကြားခဲ့သည်။
ထို့ပြင် နိုဝင်ဘာ (၁၅) ရက်မှ (၁၇) ရက်အထိ ကျင်းပရန် စီစဉ်ထားသည့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ နိုဝင်ဘာ (၁၂) ရက်တွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် အစီအစဉ်ရှိကြောင်းလည်း ၎င်းက အတည်ပြုခဲ့သည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို လက်ခံသိရှိခဲ့ပြီး မြန်မာအစိုးရခေါင်းဆောင်ပိုင်းထံသို့ ချက်ချင်း အသိပေးတင်ပြသွားမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။