NP News

အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ နိုဝင်ဘာ (၁၂) ရက်တွင် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး လာမည်

ALynn (NP News)- နိုဝင်ဘာ ၄
အာဆီယံ ထိပ်သီးအစည်းအဝေး မကျင်းပမီ ရက်ပိုင်းအလိုတွင် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးများ ပုံမှန်ပြန်ဖြစ်စေရေးအတွက် တွန်းအားပေးသွားရန်အတွက် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်၏ ယခုခရီးစဉ်သည် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တင်းမာမှုများ မြင့်တက်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
အင်္ဂါနေ့နှောင်းပိုင်း (အောက်တိုဘာ ၁၀) က ကြေညာခဲ့သည့် ၎င်း၏ခရီးစဉ်သည် မနီလာမြို့တွင် နိုဝင်ဘာလ (၁၆) ရက်မှ (၁၈) ရက်အထိ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီတွင် ဖြစ်သည်။
ထိပ်သီးအစည်းအဝေး မတိုင်မီ မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေ သဘောထားကို "ကြားသိလိုသည်" ဟု ဘေဂျင်းမြို့တွင် သတင်းထောက်များကို ဆီဟာဆက်က ပြောကြားခဲ့သည်။
“ဘက်အသီးသီးက ပဋိပက္ခကို လျှော့ချခြင်းအားဖြင့် မရှိမဖြစ်လိုအပ်တဲ့ ဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အဆင်ပြေတဲ့ ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်မှာပါ" ဟု ၎င်းက ဆိုသည်။
“ဒီဘက်တွေမှာ တိုးတက်မှုတွေ ရှိလာမယ်ဆိုရင် မြန်မာနိုင်ငံဆိုင်ရာ အခြေအနေတွေအပေါ် အထူးသဖြင့် အာဆီယံအစည်းအဝေးတွေမှာ မြန်မာနိုင်ငံ ပါဝင်ရေးကိစ္စရပ်တွေကို ဆုံးဖြတ်တဲ့အခါ ထိပ်သီးအစည်းအဝေးမှာ ထည့်သွင်းစဉ်းစားဖို့အတွက် အပြုသဘောဆောင်တဲ့ အချက်တစ်ခု ဖြစ်လာမှာပါ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဧပြီလက မြန်မာနိုင်ငံသို့ နောက်ဆုံးသွားရောက်ခဲ့ဖူးသည့် ဆီဟာဆက်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် နိုဝင်ဘာလ (၁၂) ရက်တွင် တွေ့ဆုံမည်ဖြစ်ပြီး သမ္မတဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

မူရင်းသတင်း — NP News