
သန့်ဇင် (NP News) - နိုင်ဝင်ဘာ ၄
သန်လျင်မြို့ သီဟဒီပကွင်း၌ အောက်တိုဘာ (၃၀) ရက်က ကျင်းပခဲ့သည့် Grand Royal M League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲ၊ ပွဲစဉ်အမှတ် (၃၁) တွင် ကွင်းအတွင်းဝင်ရောက်ကာ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့သည့် I.S.P.E FC နှင့် Yadanarbon FC အသင်းများ ဒဏ်ငွေ (၁၀) သိန်း ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း M League က ယနေ့(နိုဝင်ဘာ ၄ ရက်) တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီသည် အထက်ပါကိစ္စနှင့်ပတ်သက်၍ နိုဝင်ဘာ (၂) ရက်၊ နံနက် (၁၁) နာရီတွင် မြန်မာလိဂ်အစည်းအဝေးခန်းမ၌ အစည်းအဝေးပြုလုပ်ကာ အရေးယူပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
I.S.P.E FC နှင့် Yadanarbon FC အသင်းတို့သည် အောက်တိုဘာ(၃၀)ရက် က ကစားခဲ့သည့် ပွဲစဉ်တွင် ဒိုင်လူကြီးက ပွဲပြီးခရာမှုတ်ပြီးနောက် နှစ်ဖက်အသင်းသားများ၊ အုပ်ချုပ်/ နည်းပြအဖွဲ့ဝင်များနှင့် အရန်ကစားသမားများသည် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ ကွင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး နှစ်ဖက်ကစားသမားများအကြား ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် M League I & II 2026-27 Regulations ပါ စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၂)၊ အပိုဒ်ခွဲ (၈) နှင့် (၁၅) တို့ကို ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် I.S.P.E FC နှင့် Yadanarbon FC အသင်းတို့ကို ဒဏ်ငွေ ကျပ် (၁၀) သိန်းစီ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ပွဲပြီးခရာမှုတ်ပြီးချိန်တွင် I.S.P.E FC အသင်းမှ ကျောနံပါတ် (၂၆) နိုင်လင်းဖြိုးသည် Yadanarbon FC အသင်းမှ ကျောနံပါတ် (၄၀) Felipe Mendes Ferrareze ရှေ့၌ အလွန်အကျူး အောင်ပွဲခံခဲ့ကြောင်း သိရသည်။
ယင်းလုပ်ရပ်သည် ပြိုင်ပွဲကျင်းပရေးစည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ခြင်းဖြစ်ပြီး မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်စေခဲ့ သည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၂)၊ အပိုဒ်ခွဲ (၁၈) အရ နိုင်လင်းဖြိုးကို ဒဏ်ငွေ ကျပ်(၃) သိန်း ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်အပြီးဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုနှင့်ပတ်သက်၍ တာဝန်ကျဒိုင်လူကြီးအဖွဲ့၏ ဆောင်ရွက်ချက်များကို ဒိုင်ကော်မတီအနေဖြင့် ပြန်လည်စိစစ်သုံးသပ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီသို့ ပြန်လည်တင်ပြရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။


