
စော(NP News)-နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးအတွင်း လိုအပ်ချက်များကို ဆက်လက်ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် (၂၀၁၀) ပြည့်နှစ်၊မေလနှင့် (၂၀၁၆) ခုနှစ်၊ ဇန်နဝါရီလတို့တွင် မီးလောင်ကျွမ်းခဲ့သော မင်္ဂလာဈေးအား ပြန်လည်တည်ဆောက်ခဲ့ရာ အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးအဖြစ် ယနေ့( နိုဝင်ဘာလ ၅ ရက်)တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက စက်ခလုပ်နိုပ်၍ စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါဈေးသစ်ကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဆန်းမြတ်ထွန်း ဆောက်လုပ်ရေးကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းကာ အဆင့်မြင့်ဈေးကြီးအဖြစ် ပြန်လည်တည်ဆောက်ခဲ့ရာ (၁၀)စုနှစ်နီးပါးကြာမြင့် ခဲ့ကြောင်း သိရသည်။
ယင်းဈေးသစ်ကြီးတွင် ကားပါကင်အပါအဝင် အထပ်ပေါင်း (၁၃) ထပ်ပါဝင်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် အထပ် (၅) ထပ်ရှိကာ ဆိုင်ခန်းပေါင်း (၄,၀၆၇) ခန်းကို မူလအမည်ပေါက် ဆိုင်ခန်းပိုင်ရှင်များအား အဓိက ပြန်လည်နေရာချထားပေးခဲ့ကြောင်း သိရသည်။
ဈေးသူဈေးသားများသည် ဈေးသစ်ကြီးတွင် လေဝင်လေထွက်နည်းပါးပြီး ပူအိုက်မှုရှိသည့်အတွက် အချို့ အထပ်များ၌ လေအေးပေးစက် သို့မဟုတ် ပန်ကာများနှင့် ကြွေပြားများ တပ်ဆင်ပေးရန် အပါအဝင် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် တောင်းဆိုမှုများရှိနေကြောင်း သိရသည်။
“Air Con မပါဘူးဆိုတာကတော့ ဘယ်ဈေးမှာမှ Air Con မပါဘူး။ ဒါပေမဲ့ အခုကျွန်တော်တို့က နောက် ပလန် လျှပ်စစ်ဓာတ်အားကိုလိုတဲ့အချိန်ပြီးရင် ဆေးခန်းလိုဟာမျိုးက Cool Change မဖြစ်အောင် သူတို့ကလည်း ပူးပေါင်းပါဝင်ပြီးတော့ Air Con တပ်ဖို့စီစဉ်ပါတယ်။ စဖွင့်ထဲထဲက ဒီဈေးကြီးအရင်ဖွင့်နိုင်အောင် ကြိုးစားပြီးတော့ လိုအပ်တာတွေ ဖြည့်ဆည်းသွားမယ်။ ဒါကြီးကပြီးပြီး ရပ်သွားမှာ မဟုတ်ပါ ဘူး။ ဒါကြီးက စဉ်ဆက်မပြတ်ကြီး အဆင့်မြင့်မင်္ဂလာဈေးကြီး လိုတာထပ်လုပ်သွားဦးမှာ တောက်လျှောက်လုပ်သွားမှာပါ”ဟု ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနမှ ဌာနမှူး ဦးညီညီဦးက ပြောသည်။
အဆိုပါ ဈေးသစ်ကြီးအတွင်း ဘဏ်များ၊ ရွှေနှင့် ကျောက်မျက်ရတနာ၊ ဖန်စီပစ္စည်း၊ ဖုန်းအပိုပစ္စည်း၊ အီလတ်ထရောနစ်နှင့် ဆက်စပ်ပစ္စည်း၊ အဝတ်အထည်နှင့် အထည်အလိပ်၊ ဆေးဆိုင်၊ အလှကုန်၊ ကုန်မျိုးစုံနှင့် စားသောက်ကုန် စသည့် ဆိုင်ခန်းများ အဓိက ပါဝင်ကြောင်း သိရသည်။
“ဒီဇိုင်းစတင်ပြီးတော့ ယှဉ်ပြိုင်ကထဲက YCDC ကနေပြီးတော့ အရင်အခြေအနေလောက်ပြန် မဖြစ်အောင်သူတို့က မီးဘေးအပိုင်းကော၊ လျှပ်စစ်အပိုင်းကော၊ လေပိုင်းကော အားလုံးအလုံးစုံ System တစ်ခုလုံးပါဝင်တဲ့ဟာကို ရေးဆွဲတယ်။ ရေးဆွဲပြီးတော့ ကျွန်တော်တို့ကို တည်ဆောက်ဖို့အတွက်ခေါ်တယ်။ အဲဒီအချိန်မှာ အဆင့်အတန်းအားလုံးပြည့်မီအောင် ကျွန်တော်တို့ ကုမ္ပဏီက ရေးဆွဲထားတဲ့ပုံစံမျိုးမဟုတ်ဘဲ ကျွမ်းကျင်ပညာရှင်တွေက ရေးဆွဲပြီးတော့ ပေးလာတဲ့ဒီဇိုင်း အတိုင်း ဆောက်ပေးတာဖြစ်ပါတယ်”ဟု ဆန်းမြတ်ထွန်း ဆောက်လုပ်ရေးလုပ်ငန်း တည်ထောင်သူ ဒေါက်တာနေလင်းထွန်းကပြောသည်။
အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးအတွင်းရှိ (၁၀) ပေပတ်လည်နှင့် (၅) ပေပတ်လည် ဆိုင်ခန်းများ၏ အရောင်းအဝယ်ဈေးနှုန်းနှင့် အငှားဈေးနှုန်းများ အဆမတန်မြင့်တက်နေသည့်အတွက် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။