NP News

မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့သည် ယူနက်စကို၏ ပဏာမစာရင်းတွင် ပါဝင်

ထိုက်စံ(NP News)-နိုဝင်ဘာ ၅
မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သော "မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့" (Practice of Thanakha culture in Myanmar) ကို UNESCO ၏ လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ပမာဏစာရင်း (Representative List of the Intangible Cultural Heritage of Humanity) တွင် စာရင်းတွင် ပါဝင်လာကြောင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။
တရုတ်နိုင်ငံ၊ ဖူကျန်းပြည်နယ်၊ ရှမန်မြို့၌ လာမည့် ဒီဇင်ဘာလအစောပိုင်းတွင် ကျင်းပမည့် ယူနက်စကို၏ (၂၁) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အစိုးရချင်းကော်မတီအစည်းအဝေးတွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ ကို အတည်ပြုဆုံးဖြတ်သွား မည် ဖြစ်ပြီး ယခုအချိန်တွင် ယူနက်စကို၏ ပဏာမစာရင်းထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းအရ သနပ်ခါးယဉ်ကျေးမှု အဆိုပြုလွှာသည် သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီမှုရှိကြောင်း ကော်မတီက သုံးသပ်ထားပြီး အဓိက အချက်များမှာ သနပ်ခါးသည် ကျင့်သုံးသူများ၏ နေ့စဉ်ဘဝတွင် ဟန်ချက်ညီမှု၊ စောင့်ရှောက်မှုနှင့် စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုပြီး ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်များနှင့် လူမှုရေးလုပ်ငန်းများတွင် အဓိက ပါဝင်ကြောင်း၊ အသိပညာနှင့် ကျွမ်းကျင်မှုများကို မိသားစုအတွင်း လက်ဆင့်ကမ်းပေးကြပြီး လေ့ကျင့်ရေးများနှင့် ယဉ်ကျေးမှုအစီအစဉ်များကလည်း ထောက်ပံ့ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် အသိုက်အဝန်းများ၊ ကျင့်သုံးသူများ၊ စိုက်ပျိုးသူများ၊ ရောင်းချသူများ၊ ပညာရေးအဖွဲ့အစည်းများနှင့် အစိုးရဌာနဆိုင်ရာများ ပူးပေါင်း၍ သနပ်ခါးယဉ်ကျေးမှုကို ပညာပေးအစီအစဉ်များ၊ ရပ်ရွာပွဲတော်များနှင့် မီဒီယာများမှတစ်ဆင့် ထိန်းသိမ်စောင့်ရှောက်လျက် ရှိကြောင်းနှင့် အဆိုပြုလွှာကို လူမှုရေးအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုအသင်းအပင်းများနှင့် ဒေသအသီးသီးမှ ပြည်သူများ ပူးပေါင်းပါဝင်သည့် အမျိုးသားစစ်တမ်း၊ အလုပ်ရုံဆွေးနွေးပွဲများဖြင့် ဖွဲ့စည်းပြင်ဆင်ခဲ့ပြီး သက်ဆိုင်သူများထံမှ လွတ်လပ်ပြီး ကြိုတင်သိရှိခွင့်ပြုချက် ရယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း သနပ်ခါးယဉ်ကျေးမှုဓလေ့ကို (၂၀၂၀) ပြည့်နှစ် မတ်လကတည်းက မြန်မာနိုင်ငံ အမျိုးသား ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့ပြီး ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက နှစ်နှစ်တစ်ကြိမ် ပုံမှန် ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ စာရင်းသွင်းခြင်းအားဖြင့် သနပ်ခါး၏ ယဉ်ကျေးမှု၊ လူမှုရေးနှင့် ရိုးရာအနှစ်သာရများကို ပိုမိုသိရှိစေရန် မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး လူငယ်များထံ အသိပညာများ လက်ဆင့်ကမ်းခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရပ်ရွာလူထုအကြား စည်းလုံးညီညွတ်မှုကို ပိုမိုအားကောင်းစေမှာ ဖြစ်သည့်အပြင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရောက်ရေးအတွက် လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ၏ တန်ဖိုးကို ကမ္ဘာ့အလယ်တွင် ပိုမိုထင်ရှားစေမည့် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မူရင်းသတင်း — NP News