
ထိုက်စံ(NP News)-နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ မင်းရဲဆည်အတွင်း အမျိုးသမီး(၁)ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ကျောက်ဆည်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာ ၄ ရက်)၊ညနေ(၅)နာရီခန့်က ကျောက်ဆည်မြို့နယ်၊ ဆည်ထိပ်ထန်းတောရပ်ရှိ မင်းရဲဆည်အတွင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သူတို့ ပြောကြားချက်အရတော့ ရေကစားရင်းနစ်တယ်လို့လည်းပြောတယ်။ သတ်သေတယ်လို့လည်းပြောတယ်။ သေချာအတိအကျမသိဘူးပေါ့။ ကျွန်တော်တို့က အမျိုးသမီးတစ်ဦးရေနစ်နေတယ်သတင်းရလို့ သွားရောက်ကယ်ဆယ်တာပေါ့။ ကယ်တဲ့အချိန်ကတော့ ဆုံးပါးနေပြီ”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ ဖြစ်ပွားကြောင်း သတင်ရရှိသဖြင့် ကျောက်ဆည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းသားများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်အား မြန်မာနိုင်ငံလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ကျောက်ဆည်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။