NP News

နိုင်ငံခြား‌ငွေဈေးတည်ငြိမ်စေရန် သွင်းကုန်ပစ္စည်းများအတွက် ကြိုတင်ငွေပေးချေခြင်း ခွင့်ပြု

စော(NP News)- နိုဝင်ဘာ ၅
နိုင်ငံခြား‌ငွေဈေးတည်ငြိမ်စေရန် သွင်းကုန်ပစ္စည်းများအတွက် ကြိုတင်ငွေပေးချေခြင်း ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယမန်နေ့(နိုဝင်ဘာ ၄ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းသည့် သွင်းကုန်တင်သွင်းသူ (Importer) များအတွက် လိုအပ်သော နိုင်ငံခြားငွေကို အချိန်မီရရှိစေရန်၊ ပြည်ပ Supplier များထံ ငွေပေးချေမှု နောက်ကျခြင်းကို လျှော့ချရန်၊ နိုင်ငံခြားငွေကို အမှန်တကယ်လိုအပ်သည့် ကုန်သွယ်မှုလုပ်ငန်းများ အတွက် ဦးစားပေးခွဲဝေပေးရန်၊ ငွေလဲလှယ်နှုန်းအတက်အကျအပေါ် ဖိအားမဖြစ်စေဘဲ နိုင်ငံခြား ငွေဈေးကွက်ကို တည်ငြိမ်စေရန် ကုန်ပစ္စည်းဖိုးပေးချေရာတွင် ကြိုတင်ငွေပေးချေခြင်း (Advance Payment) ကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ပမှ တင်သွင်းသည့်သွင်းကုန်များအတွက် ငွေပေးချေမှုနှင့်စပ်လျဉ်း၍ သွင်းကုန်လိုင်စင် ခွင့်ပြုချက်ရရှိပြီးပါက ပထမအရစ်အဖြစ် လိုင်စင်ပါတန်ဖိုး၏ (၃၀)%၊ သင်္ဘောတင် စာရွက်စာတမ်း အထောက်အထား (B/L) တင်ပြလာပါက ဒုတိယအရစ်အဖြစ် လိုင်စင်ပါတန်ဖိုး၏ (၄၀)%တို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေကို စိစစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သွင်းကုန် ကြေညာလွှာ (ID) ကို တင်ပြလာပါက တတိယအရစ်အဖြစ် ကျန်ရှိသည့် လိုင်စင်ပါတန်ဖိုး၏ (၃၀)% ကိုလည်း နိုင်ငံတော်၏ လိုအပ်သော သွင်းကုန်ပစ္စည်းများအတွက် စိစစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သွင်းကုန်အတွက် နိုင်ငံခြားငွေအား ကြိုတင်ငွေပေးချေခွင့်ပြုခြင်းဖြင့် အရေးကြီးကုန်ပစ္စည်းများကို အချိန်မီမှာယူနိုင်ခြင်း၊ နိုင်ငံခြားငွေလိုအပ်ချက်ကို တစ်ကြိမ်တည်း ဖြည့်ဆည်းရသည့် ငွေကြေးဝန်ထုပ်ဝန်ပိုးကို လျော့နည်းစေခြင်း၊ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ယုံကြည်မှု တိုးတက်လာနိုင်ခြင်း၊ ကုန်ကြမ်းပစ္စည်းများ လွယ်ကူမြန်ဆန်စွာ တင်သွင်းနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News