NP News

မကွေးမြသလွန်ဘုရားသမိုင်းအကျဥ်းနှင့် အညာဒေသရဲ့ သီတင်းကျွတ်မီးပုံးပျံပွဲတော်ကို အစပျိုးခြင်းနှစ်အဖြစ် ထူးထူးခြားခြားကျင်းပခဲ့သည့် မကွေးမြသလွန် ဘုရားပွဲတော်

ဇေယျာနိုင် (ရွှေကန်မြေ) ၊ ဦးဝင်းနိုင် (မင်းဘူးခရိုင် ပြန် / ဆက် )- နိုဝင်ဘာ ၅
ယခုနှစ်သမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၉၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်း ကျွတ်လဆန်း(၁၀)ရက် မှ တန်ဆောင်မုန်းလဆန်း (၆)ရက်နေ့အထိ ရက်ပေါင်း (၂၆)ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါဘုရားပွဲတော်တွင် မြသလွန်ဘုရား ဘဏ္ဍာထိန်း ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးမျိုးလွင်က “ကျွန်တော်တို့ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို ဆီမီး( ၉၀၀၀) ၊ ပန်း(၉၀၀၀) ၊ နံ့သာ( ၉၀၀၀ )ထွန်းညှိ ကပ်လှူ ပူဇော်ပွဲများအပြင်၊ ယခင်နှစ်များနှင့်မတူ တမူထူးခြားစွာ စိန်နားပန်မီးပုံးပျံ (၇) လုံး၊ ညမီးကြီးမီးပုံးပျံ (၈) လုံး၊ မီးပုံးပျံငယ် အလုံး (၃၀၀၀) ဖြင့် တွဲဖက်လွှတ်တင်၍ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်များကဲ့သို့ အညာဒေသရဲ့ သီတင်းကျွတ်ပွဲတော်အဖြစ် အစပျိုးခြင်းနှစ် အဖြစ် ထူးထူးခြားခြား ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထို့အပြင် သီတင်း ကျွတ်လပြည့်ကျော် (၂) ရက်နေ့တွင် မကွေးမြို့ပေါ်ရှိစာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်းများ မှ သံဃာတော်တို့အားပင့်ဖိတ်၍ ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့သည့်အပြင် ဘုရားပွဲတော်အတွင်း ဈေးဆိုင်တန်းပေါင်း (၈၀၀) ခန့်နှင့် စားသောက်ဆိုင်၊ ကလေးများကစားစရာ ခြား၊ ရဟတ်များ အစုံအလင်ထည့်သွင်း၍ နိုင်ငံကျော်ဇာတ်သဘင်များ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ဒေသထွက်ကုန်အရောင်းဆိုင်များ နှင့် အညာဒေသ ရိုးရာမုန့်ဆိုင်တန်းများဖြင့် ခင်းကျင်းရောင်း ချပေးလျက်ရှိပါတယ် “ ဟု ပြောသည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့မှ ဘုရားဖူးလာပြည်သူ “မအေးနန္ဒာက ဘရားပွဲတော်အား အမြဲ ရောက်ရှိမှု မရှိခဲ့သော်လည်း ယခုနှစ် ဘုရားပွဲတော်က ထူးထူးခြားခြားနှင့် စည်စည်ကားကားရှိလှပြီး၊ ဈေးဆိုင်ခန်းအများအပြားဖြင့် ဝယ်ရချမ်းရတာအဆင်ပြေသလို စိတ်ချမ်းမြေ့ကြည်နူးမှုလည်း ရရှိခဲ့ကြောင်းပြောပြသလို ဘုရားပွဲဈေးတန်းမှ အလှကုန်နှ့င် အထည်ဆိုင်ပိုင်ရှင်မဝေဝေခိုင်နှင့် ရေခဲမုန့်ဆိုင်ရှင် မစန္ဒာတို့က မကွေးမြို့နယ်အတွင်းမှ ဒေသခံဈေးသည်များဖြစ်ကြပြီး၊ ဘုရားပွဲတော်ကြီးက ယခင်နှစ်များနှင့်မတူ အထူးစည်စည်ကားကား ရှိလှသောကြောင့် ဈေးရောင်းရချရတာ ရောင်းချလို့ကောင်းသဖြင့် အဆင်ပြေကြသလို (၂၆) ရက်ကြာ ရက်ရှည် ကျင်းပပေးတဲ့ ပွဲတော်ဖြစ်တာကြောင့် မိမိတို့ဈေးသည်များအဖို့ “ကုသိုလ်လည်းရ ဝမ်းလည်းဝ” သည့် ဘုရားပွဲတော်ကြီးလည်းဖြစ်ပါတယ်” ဟု ပြောသည်။
မြသလွန်စေတီတော်မြတ်ကြီး၏ သမိုင်းအကျဉ်း
မြတ်စွာဘုရားသခင်သည်၊ ဝါတော်နှစ်ဆယ်ကျော် ရောက်လတ်သော် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသောအခါ သုနာပရန္တတိုင်း လယ်ကိုင်း နာဂရ မြန်ဌာန၌ သုပ္ပာဒက သင်္ဘောဆိပ် ဝါဏိဇ္ဇဂါမ ရွာသားငါးရာကုန်သော ဥပသကာတို့သည် ကြည်ဖြူ စေတနာ သဒ္ဓါအားထုတ် ဆောက်လုပ်အပ်သော သရက္ခန် စန္ဒကူးဂန္ဓာရုံ တန်ဆောင်းဝန်း ကျောင်းတော်ကို အလှူခံတော်မူ အံ့သောငှာ ဘိုးတော်ဖြစ်သော အဉ္စနမင်းကြီး ဖြိုပြီးသက္ကရာဇ် ၁၂၃ ခုနှစ် နွယ်တာ လဆုတ် (၈) ရက်နေ့တွင် ဝိသကြုံ နတ်သားဖန်ဆင်းထားသည့် ငါးရာသတ်မှတ် ပြာသာဒ်ယာဉ်ပျံ၌ စံနေသော အခြံအရံ ရဟန္တာငါးရာတို့နှင့်တကွ အဇာဋာလမ်း ကြွချီမြန်းလျက် စန္ဒကူးကျောင်းတော်ကို အလှူခံပြီးလျှင် ခုနစ်ရက်ပတ်လုံး သီတင်းသုံးနေတော်မူပြီး၍ ဝေနေယျကြာ သတ္တဝါအပေါင်းတို့အား တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးဝေငှ ပါရမီဉာဏ သမ္ဘာရအလိုက် ထိုက်သင့်သော မဂ်ဖိုလ်ဉာဏ်ကို ခံယူပန်ဆင်စေတော်မူပြီးနောက် ထိုကျောင်းမှ တစ်ဖန်ပြန်လည် မြန်းကြွဒေသစာရီ ဖြန့်ချီတော်မူခဲ့ရာများစွာ ထိုထိုတောင်ညို ဆားပွက်တို့ဖြင့် ခြံရံအပ်သော ကေလာသဖ နာမြွမက်မြဲ စက္ကိန်းတည်း တောင်ထိပ်သို့ ရောက်ခဲ့လေသည်။
ရှေး နောင်တော်ဘုရားရှင်တို့သည် ဤတောင်ခွင်သို့ ကြွလာတော်မူလျှင် သိကြားမင်း သည် ကိန်းဝပ်စံရာ ရတနာသလွန်တော်ကို လှူဒါန်းမြဲဖြစ်၍ ပဏ္ဍုကမ္ဗလာ ရတနာမြကျောက်ကဲ့သို့ ထွန်းတောက် ရောင်လျှံ မျက်ပျံကိုးသွယ်တို့ဖြင့် စီမံခြယ်လှယ်အပ်သော မြသားအတိပြီးသော သလွန်တော်မြတ်ကို ဆက်ကပ် ကြည်ဖြူ ပူဇော်လှူဒါန်းလေသည်။
ဗြဟ္မာမင်းသည်လည်း ထီးဖြူတော်ဖြင့် ဖြန့်မိုးယှက်ခါ ပူဇော်ဆည်းကပ်လာ၏ ယင်းသို့များစွာ နတ်ဗြဟ္မာတို့ ပူဇာရဟ ပြုလာကြသောအခါ ဧရာဝတီ ရေကြည်ရစ်ကွေ့ မြစ်အရှေ့ဘက်ယူဇနာဝက်မျှ ဝေးကွာသော တောအုပ်၌နေကြသော ဘောကျော် ၊ ဘောသော ၊ ဘောသူရ နှင့် ဘောရသ ၊ ယက္ခသာဂီ ယက္ခဒါလီ ၊ ဘီလူးညီအစ်ကို မောင်နှမခြောက်ယောက်တို့အနက် ဘောကျော် ဘောသော ၊ ဘောသူရနှင့် ဘောရသ ညီအစ်ကို လေးယောက် တို့သည် နှမနှစ်ယောက် တို့အား မပြောကြားဘဲ ကြစုဖန်ခါးသီးများဖြင့် ဝပ်တွား ညွှတ်ခ ဘောသဇ္ဇ အမှတ်ဖြင့် လှူကပ်ပူဇော်လာကြလေလျှင် မြတ်စွာဘုရားသခင်သည် ပါဏာတိပါတံ မာကရ ဟုအာဂနှုတ်မြွက် ဓမ္မစက်ဒေသနာ အစဉ်ဖြင့် သွန်သင် ဟောပြ ဆုံးမတော်မူရာတွင် ဓမ္မာဘိသမယတရားရ၍ လောကတ္ထ အကျိုးငှာကိုးကွယ်ရာ လျှောက်တောင်းလေလျှင် လျောင်းစက်ကိန်းဝပ်တော်မူသော နဝရတ်ကိုးပါးခြယ်လှယ်ထား သည့် မြသားသလွန်တော်ကို ပေးအပ်တော်မူ၍ ငါဘုရား၏ သလွန်တော်တည်ရာ နောင်အခါဝယ် သာသနာ ပွင့်လင်း၍ ဟောတော်မူရင်းဌာန၊ မာကရဒေသ၌ နာဂရမြို့ကြီးဖြစ်လတံ့ဟု ဗျာဒိတ်တော်စကား မိန့်ကြားတော်မူပြီးမှ ကြွသွား တော်မူလေသတည်း ။
ထိုဘီလူး ညီနောင်လေးယောက်တို့သည် မြတ်စွာဘုရားရှင် ပေးသနားတော်မူအပ်သော မြသား သလွန်တော်ကို ထမ်းဆောင်ပင့်ယူတော်မူခဲ့၍ မိမိတို့နေရင်း တောအုပ်အတွင်း၌ မြေခင်းသာယာ ဌာပနာ၍ သဒ္ဓါ ပွားကြည် မြတ်စေတီကို တည်ထားကိုးကွယ်ကြလေသည်။ ထိုအချိန်မှစ၍ မြသလွန်စေတီတော်မြတ်ကြီးကို ရဟန်းရှင်လူပြည်သူအပေါင်းက နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ကြသည်။

မူရင်းသတင်း — NP News