
စပိန်ရဲတပ်ဖွဲ့သည် တယ်နာရီဖယ်တိုက်စစ်မှူး ဂျီးဆပ်စ်ဒယ်မီဂေးလ် သေဆုံးမှုအတွက် အန်ဒိုရာဂိုးသမား အိုဝိုနိုကို စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
ဂျီးဆပ်စ်ဒယ်မီဂေးလ်သည် တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်ဒုတိယတန်းပွဲစဉ်တွင် ပြိုင်ဘက်ဂိုးသမား အိုဝိုနို၏ ပြင်းထန်သည့် တားဆီးဖျက်ထုတ်မှုကြောင့် ဦးခေါင်းနှင့် ရင်ဘတ်တွင် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
အီကွေတိုးရီယယ်ဂီနီလက်ရွေးစင်ဂိုးသမား အိုဝိုနိုသည် ယင်းလုပ်ရပ်ကြောင့် ပွဲချိန်အတွင်း အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီး ပရိသတ်များက လူသတ်သမားဟု အော်ဟစ်ရှုတ်ချခြင်းနှင့်လည်း ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
စပိန်ဥပဒေအရ စပိန်နိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကြောင့် မဟုတ်သော သေဆုံးမှုများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သည့်အတွက် အိုဝိုနိုကိုလည်း အင်္ဂါနေ့မှစတင်ကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
အိုဝိုနိုက ၎င်း၏ လုပ်ရပ်အတွက် တောင်းပန်စကားပြောကြားခဲ့ပြီး လက်ရှိအချိန်တွင် လူမှုကွန်ရက်အသုံးပြုမှုကို ရပ်နားထားကြောင်း သိရသည်။
''အရိုးသားဆုံးပြောရရင် ကျွန်တော် မနေ့ကတည်းက မအိပ်ရသေးပါဘူး။ ဒီဖြစ်ရပ်က ကျွန်တော့်ခေါင်းထဲ တဝဲလည်လည်ဖြစ်နေပါတယ်။ အချိန်တွေကို နောက်ပြန်လှည့်လိုက်ချင်ပါတယ်။ ကျွန်တော် သူ့ကို ဘယ်တုန်းကမှ နာကျင်စေလိုခြင်းမရှိခဲ့ပါဘူး။ ဒါဟာ ဘောလုံးမတော်တဆမှုတစ်ခုပါပဲ။ ဂျီးဆပ်စ်ဒယ်မီဂေးလ်ရဲ့ မိသားစု၊ အသင်းဖော်တွေနဲ့ သူ့ကို ချစ်ကြတဲ့လူတိုင်းအတွက် ကျွန်တော် တကယ့်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ဒီဖြစ်ရပ်က ကျွန်တော့်ရဲ့ ဘဝတစ်လျှောက်လုံးမှာ မေ့မရနိုင်အောင် ရှိနေတော့မှာပါ'' ဟု အိုဝိုနိုက ပြောကြားခဲ့သည်။