
ကိုမိုအသင်းသည် မနေ့ညက ယှဉ်ပြိုင်ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် လန်းစ်အသင်းကို (၉-၁)ဂိုးဖြင့် အနိုင်ရရှိသည့်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲ၏ သမိုင်းတစ်လျှောက် အပြတ်သားဆုံး အဝေးကွင်းအနိုင်ရလဒ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ကိုမိုအသင်းသည် လန်းစ်အသင်းကို ပထမပိုင်းတွင် (၃)ဂိုး၊ ဒုတိယပိုင်းတွင် (၆)ဂိုး သွင်းယူခဲ့ခြင်းဖြစ်ပြီး အမှတ်ပေးဇယား စတုတ္ထနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။
ကိုမိုအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၏ League Phase အဆင့်၌ ဂိုးအပြတ်ဆုံးနိုင်ပွဲ ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ယခင် ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ ရယူခဲ့ကြသည့် လီဗာပူးလ် ၈-၀ ဘက်ဆစ်တက်(၂၀၀၇-၀၈)နှင့် ရီးယဲလ် ၈-၀ မယ်လ်မို(၂၀၁၅-၁၆)တို့၏ စံချိန်များကိုလည်း လိုက်မီခဲ့သည်။
ထို့ပြင် ၂၀၂၄-၂၅ ရာသီက ဒိုင်နမိုဇာဂရက်ကို (၉-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်း၏နောက် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ (၉)ဂိုးသွင်းယူနိုင်သည့် ဒုတိယမြောက်အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ကိုမိုအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲကို ယခုရာသီမှ စတင်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်ပြီး ပထမဆုံး(၄)ပွဲမှာပင် (၁၉)ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ၁၉၇၆ ခုနှစ်က QPR အသင်း၏ စံချိန်ကို လိုက်မီခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ဟက်ထရစ်သွင်းယူခဲ့သည့် တိုက်စစ်မှူး ဒူဗီကက်စ်မှာလည်း ချန်ပီယံလိဂ်တွင် ဟက်ထရစ်သွင်းယူနိုင်သည့် တတိယမြောက် ဂရိကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
''ဒါက ကိုမိုအသင်းအတွက်၊ အားလုံးသော ကျွန်တော်တို့ရဲ့ ပရိသတ်တွေအတွက်၊ ပြီးတော့ ကစားသမားဘဝကို အခုမှ အစပြုတဲ့ လူငယ်ကစားသမားများစွာအတွက် ကြီးကျယ်ခမ်းနားတဲ့ညပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အောက်ခြေမလွတ်အောင်၊ ထောင်လွှားမှုမရှိအောင် ထိန်းသိမ်းသွားရမှာဖြစ်ပြီး အလုပ်ကိုလည်း ပြင်းပြင်းထန်ထန် ဆက်ကြိုးစားသွားမှာပါ။ ဒါက ကျွန်တော်တို့ အမြဲတမ်းသင်ယူသွားရမယ့် တစ်စုံတစ်ရာပါ'' ဟု ဖာဘရီဂတ်စ်က ပြောကြားခဲ့သည်။