Eleven Media Group

မန်ယူအသင်း၏ လူငယ်တိုက်စစ်မှူး ဂျေဂျေဂါဘရီယဲလ်ကို ခေါ်ယူရန် ရီးယဲလ်အသင်း နှုတ်အားဖြင့်သဘောတူညီမှုရရှိ

Photo: X

ရီးယဲလ်မက်ဒရစ်အသင်းသည် မန်ယူအသင်း၏ လူငယ်တိုက်စစ်မှူး ဂျေဂျေဂါဘရီယဲလ်ကို ခေါ်ယူရန် နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
အသက်(၁၆)နှစ်သာ ရှိသေးသည့် အင်္ဂလန်ယူ-၁၇ လက်ရွေးစင်ကစားသမား ဂျေဂျေဂါဘရီယဲလ်သည် ချယ်လ်ဆီး၊ အာဆင်နယ်နှင့် ဝက်စ်ဟမ်းအသင်းတို့၏ အကယ်ဒမီများတွင်လည်း တက်ရောက်ခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် မန်ယူအကယ်ဒမီသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းက ဂျေဂျေဂါဘရီယဲလ်ကို ပြီးခဲ့သည့်ရာသီတွင် အသင်းကြီးနှင့် စတင်လေ့ကျင့်ခွင့်ပြုခဲ့ပြီး ပြီးခဲ့သည့်ရာသီကြိုကာလ အက်သလက်တီကိုအသင်းနှင့် ခြေစမ်းပွဲတွင် လူစားဝင်ကစားသမားအဖြစ် စတင်အသုံးပြုခဲ့သည်။
သို့သော် မန်ယူအသင်းက ရာသီသစ်အတွက် အသင်းလူစာရင်းတွင် ၎င်းကို ထည့်သွင်းခြင်း မရှိသည့်အတွက် ပြီးခဲ့သည့် စက်တင်ဘာလတွင် ဂျေဂျေဂါဘရီယဲလ်၏ ကိုယ်စားလှယ်အဖွဲ့က မန်ယူအသင်းနှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အနာဂတ်တွင် တောက်ပလာမည့် လူငယ်ကစားသမားအဖြစ် သတ်မှတ်ခံထားရသော ဂျေဂျေဂါဘရီယဲလ်ကို ဘာစီလိုနာနှင့် PSG တို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း လက်ရှိအချိန်တွင် ရီးယဲလ်အသင်းက နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂျေဂျေဂါဘရီယဲလ်သည် လက်ရှိအချိန်၌ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင် လေ့ကျင့်မှုပြုလုပ်နေပြီး ရီးယဲလ်အသင်းအနေဖြင့် မန်ယူအသင်းနှင့်မူ ဆွေးနွေးမှုမပြုလုပ်ရသေးကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group